ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များတွင် မက်ဆီ ဂိုးပေါက်ဆက်တိုက်ပျောက်ဆုံးနေမှုမှာ မန်ယူပရိသတ်များအတွက် မျှော်လင့်စရာဖြစ်လာ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များတွင် မက်ဆီ ဂိုးပေါက်ဆက်တိုက်ပျောက်ဆုံးနေမှုမှာ မန်ယူပရိသတ်များအတွက် မျှော်လင့်စရာဖြစ်လာ
Photos: AFP
Photos: AFP
Published 18 March 2019

ပြီးခဲ့သည့်သောကြာနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲရေးဆွဲခဲ့ရာ မန်ယူအသင်းမှာ စပိန်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့၍ ကွာတားဖိုင်နယ်အဆင့်နှင့်ပင် ကျေနပ်ရမည်ဟု ဝေဖန်သုံးသပ်သူများ ထွက်ပေါ်လာ ခဲ့သည်။ 

သို့သော် မန်ယူအသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်နိုင်ရန် မျှော်လင့်စရာအချက်အလက်တစ်ခုရှိနေကြောင်း Fox Sports သတင်းဌာနက ဖော်ပြခဲ့သည်။ 

ယင်းမှာ ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ မက်ဆီမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကျိန်စာမိသကဲ့သို့ဖြစ်နေသည့် ဂိုးပေါက်ဆက်တိုက်ပျောက်ဆုံးခြင်းဖြစ်သည်ဟု Fox Sports က ဖော်ပြခဲ့သည်။ 

မက်ဆီသည် နောက်ဆုံးကစားခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် (၁၁)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

၎င်းအနေဖြင့် ၂၀၁၂-၁၃ ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် PSG (၂-၂) ဘာစီလိုနာပွဲတွင် အဖွင့်ဂိုးသွင်းယူပြီးနောက်ပိုင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် အဆင့်များတွင် ဂိုးမသွင်းနိုင်တော့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် မက်ဆီ၏ ကွာတားဖိုင်နယ် ဂိုးသွင်းကျိန်စာ ဆက်လက်တည်မြဲရန် မျှော်လင့်ရမည်ဖြစ်သည်။

သို့သော် အင်္ဂလန်ကလပ်အသင်းများနှင့်ပတ်သက်သည့် မက်ဆီ၏ မှတ်တမ်းတစ်ခုမှာမူ မန်ယူအသင်းအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သိရှိရသည်။ 

Twitter ရှိ ဘောလုံးအချက်အလက်စာမျက်နှာတစ်ခုဖြစ်သည့် Opta Joe ၏ ဖော်ပြချက်အရ မက်ဆီသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အင်္ဂလန်ကလပ်အသင်းများကို ဂိုးအများဆုံးသွင်းထား သည့် ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။ 

မက်ဆီသည် အင်္ဂလန်ကလပ်အသင်းများကို ချန်ပီယံလိဂ်ဂိုး (၂၂)ဂိုးသွင်းယူထားပြီး ထိပ်ဆုံးတွင် ဦးဆောင်နေခြင်းဖြစ် သည်။ ယခုရာသီ အုပ်စုအဆင့်ပွဲစဉ်တွင်လည်း စပါးအသင်း နှင့် တွေ့ဆုံခဲ့ရာ၌ မက်ဆီသည် (၂)ဂိုးသွင်းယူနိုင်ခဲ့သည်။

မန်ယူနှင့် ဘာစီလိုနာအသင်းတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၈)ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၈-၀၉ ရာသီ ဗိုလ်လုပွဲ နှင့် ၂၀၁၀-၁၁ ရာသီ ဗိုလ်လုပွဲများတွင် မက်ဆီ၏သွင်းဂိုးများဖြင့် ဘာစီလိုနာအသင်းက မန်ယူအသင်းကို အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်။

Most Read

Most Recent