ကွန်ပျူတာလောကနဲ့ဆက်နွှယ်ပြီး မသိသူမရှိတဲ့ Bill Gate ကတော့ သူ့ရဲ့ကလေးတွေကို အသက် ၁၄ နှစ်အရွယ်မှာမှ Smartphone တွေ အသုံးပြုခွင့်ပေးခဲ့တယ်လို့ပြောတာကို ဖတ်လိုက်ရဖူးပါတယ်။ Bill Gates တောင် သူ့သားသမီးတွေကို ထိန်းချုပ်ထားတာဆိုတော့ ဒါကို စဉ်းစားဖို့လိုပါတယ်.....
ကမ္ဘာ့ရွာကြီးလို့ပြောဆိုလာတဲ့ ယနေ့ခေတ်မှာ လူတိုင်းဒစ်ဂျစ်တယ်မျက်နှာပြင်ရဲ့ လွှမ်းမိုးမှုခံနေကြရပါတယ်။ လူကြီးလူငယ်တွေသာမက ပြေးလွှားဆော့ကစား၊ စူးစမ်းမှုတွေလုပ်နေတဲ့ ကလေးငယ်တွေပါ ဒစ်ဂျစ်တယ်ကမ္ဘာအပေါ် အာရုံပိုများလာပါတယ်။ ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ကလေးတစ်ယောက်ကို ဘယ်အသက်အရွယ်မှစပြီး ဖုန်း၊ Tablet ပေးကိုင်သင့်သလဲ၊ ဒစ်ဂျစ်တယ်ပစ္စည်းတွေအပေါ်မှာ အာရုံများသွားရင် နုနယ်တဲ့ ကလေးရဲ့စိတ်အခြေအနေ ဘယ်လောက်အထိ ပျက်ယွင်းမှုဖြစ်နိုင်မလဲ၊ ကလေးတွေနဲ့ လူငယ်လူရွယ်တွေကြားမှာ ဖုန်း၊ Tablet စွဲလမ်းမှုပြဿနာက ဘယ်လောက်အထိ ကြီးမားလာနေတယ်ဆိုတာနဲ့ပတ်သက်ပြီး စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာစိုးမင်းကို မေးမြန်းထားပါတယ်။
မေး - ကလေးတွေကြည့်တဲ့ YouTube Kids ပရိုဂရမ်တစ်ခု Hack ခံရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် လှုံ့ဆော်မှုအနေနဲ့ Momo Challenge ဆိုတဲ့ ဗီဒီီယိုဖိုင်တက်လာတယ်ဆိုတဲ့ သတင်းမှားတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက Parenting ဂရုတွေ၊ မိခင်များဂရုတွေမှာ တက်လာပြီး အုပ်ထိန်းသူတွေကြား စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ သတင်းစီးဆင်းမှုတွေ မြန်ဆန်တဲ့ခေတ်မို့ မိဘတွေကို ဘယ်လိုများ အသိပေးချင်ပါလဲ။
ဖြေ - ဒီသတင်းက နောက်တော့ Hoax News သတင်းအမှားလို့ ဆိုပါတယ်။ သတင်းအမှားဆိုပေမယ့် နောက်ဆက်တွဲ ကောင်းကျိုးလေးတစ်ခုကတော့ မိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ Computer၊ Tablet၊ Computer၊၊ Samrtphone သုံးစွဲမှုတွေနဲ့ပတ်သက်လို့ သတိထားဖို့လို တယ်ဆိုတာကို ထပ်ပြီးတပ်လှန့်လိုက်သလိုတော့ ဖြစ်သွားခဲ့ရပါတယ်။ Internet အသုံးပြုမှုဟာ ဒီကနေ့ လူနေမှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ပဲ ပြောရပါလိမ့်မယ်။ ပညာသင်ကြားရေးမှာ အထောက်အကူပြုသလို အချို့သော ဖျော်ဖြေရေးဆိုင်ရာ အသုံးပြုမှုတွေအတွက် အင်တာနက်အသုံးပြုမှုဟာ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒီလိုကောင်းကျိုးရှိတဲ့ အသုံးပြုမှုတွေနဲ့အတူ၊ အသုံးပြုသူတွေအတွက် ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တဲ့ အပိုင်းကလည်း တစ်ပါတည်း အတူကပ်ပါလာပါတယ်။ ဒီအတွက်ကြောင့် အင်တာနက်အသုံးပြုမှုကို သတိထားတတ်ဖို့လိုသလို မိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ အင်တာနက် (You Tube အပါအဝင်ပေါ့) အသုံးပြုမှုတွေနဲ့ပတ်သက်လို့ သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
မေး - အခုခေတ်ကလေးတွေမှာ ဖုန်းစွဲလမ်းမှုပြဿနာ ကြုံနေရပါတယ်။ ကလေးငယ်လေးတွေကအစ ဖုန်းကို ဖွင့်တတ် ပိတ်တတ် သုံးတတ်နေတော့ ကလေးတစ်ယောက်ကို ဘယ်အသက်အရွယ်မှစပြီး ဖုန်း၊ Tablet ပေးကိုင်သင့်သလဲဆိုတာ ပြောပြပေးပါရှင်။
ဖြေ - ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ လေ့လာတွေ့ရှိချက်တစ်ခုအရ ကလေးတွေဟာ ၁၀ နှစ်ပတ်ဝန်းကျင်လောက်မှာ Smartphone တွေ ကိုင်နေကြရပြီလို့ ဆိုပါတယ်။ ကွန်ပျူတာလောကနဲ့ဆက်နွှယ်ပြီး မသိသူမရှိတဲ့ Bill Gates ကတော့ သူရဲ့ ကလေးတွေကို အသက် ၁၄ နှစ်အရွယ်မှာမှ Smartphone တွေ အသုံးပြုခွင့်ပေးခဲ့တယ်လို့ပြောတာကို ဖတ်လိုက်ရဖူးပါတယ်။ Bill Gates တောင် သူ့သားသမီးတွေကို ထိန်းချုပ်ထားတာဆိုတော့ ဒါကို စဉ်းစားဖို့လိုပါတယ်။ ဒါ့ကြောင့် အရမ်းနုနယ်သေးတဲ့ ကလေးတွေကို ပေးမသုံးသင့်ပါဘူး။
မေး - မွေးစကနေ ကလေးနှစ်နှစ်အထိ 0 Screen Time လို့ပြောကြပေမယ့် တချို့မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအသုံးပြုပြီး ကလေးတွေကို ထိန်းကျောင်းမှုတွေ လုပ်ဖြစ်တာတွေလည်း ရှိနေတော့ ဒီလိုလုပ်ဆောင်မှုက နုနယ်တဲ့ကလေးရဲ့ စိတ်အခြေအနေ ဘယ်လောက်အထိ ပျက်ယွင်းမှု ဖြစ်နိုင်မလဲဆိုတာ သုံးသပ်ပေးပါ။
ဖြေ - ကလေးတွေကို ဖုန်းပေးသုံးလာတတ်တာကတော့ ဒီကနေ့ခေတ်ရဲ့ လူနေမှုစနစ်တစ်ခုလို့ပဲ ပြောရပါလိမ့်မယ်။ ကလေးငြိမ်အောင်လို့ ပေးသုံးထားတာ။ တစ်ခါတလေမှာ ကိုယ့်ရဲ့ သားသမီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဖုန်းသုံးတတ်နေတာကို မိဘအုပ်ထိန်းသူတွေက သဘောကျဂုဏ်ယူသလို ဖြစ်တတ်တာ အဲဒါတွေလည်း ပါပါလိမ့်မယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်၊ သုံးစွဲမှု လွန်ကဲလာတဲ့အခါမှာ၊ လူမှုပတ်ဝန်းကျင်နဲ့ အမှန်တကယ် ထိတွေ့ပြောဆို ဆက်ဆံလာရတဲ့အခါမှာ၊ Social Interaction တွေ လုပ်လာရတဲ့အခါမှာ အခက်အခဲ တွေ့လာရတတ်တယ်လို့ ဆိုပါတယ်။ ကြမ်းတမ်းတဲ့ Game တွေ၊ Action Clips တွေနဲ့ ယဉ်ပါးလာခြင်းဟာ ကလေးတွေအတွက် အတုမြင်အတတ်သင်သလိုလည်း ဖြစ်လာစေနိုင်ပါသေးတယ်။ နောက်တစ်ခုက ဖုန်းသုံးတာကို စွဲလမ်းလာတတ်တာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ကမသိလိုက်ဘဲ Cyber Bullying လို့ဆိုတဲ့ အင်တာနက်ကတစ်ဆင့် နိုင်ထက်စီးနင်းပြုလုပ်ခံရတာတွေ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုှုပြုလုပ်တာမျိုးတွေမှာ ပါဝင်ပတ်သက် သွားမိတာမျိုးတွေဟာလည်း အထူးသတိပြုသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
မေး - အင်တာနက်သုံးစွဲမှု များလာတာကြောင့် ဖြစ်လာမယ့် လတ်တလောဆိုးကျိုးတွေကရော ဘာတွေဖြစ်မလဲ ဆရာ။
ဖြေ - သုံးတာများလာရင် နေလို့ထိုင်လို့ အဆင်မပြေတာ၊ လိုတာမရလို့ စိတ်တိုင်းမကျတဲ့ သဘောမျိုးပေါ့။ စိုးရိမ်တတ်မယ်၊ စိတ်တိုမယ်၊ ဒေါသကြီးမယ်။ ကလေးတွေမှာဆို အစားအစာ ကျွေးလို့မရတဲ့အထိ ဖြစ်လာမယ်။ သင်ကြားရေးတွေမှာပါ ထိခိုက်လာမယ်။ တစ်ချိန်လုံး မျက်နှာနဲ့ Screen မကွာတဲ့အခါ ကျရင်တော့ မျက်နှာချင်းဆိုင်ပြောဆိုမှုတွေမှာ အခက်အခဲဖြစ်လာတတ်ပါတယ်။
မေး - ကလေးတွေနဲ့ လူငယ်လူရွယ်တွေကြားမှာ ဖုန်း၊ Tablet စွဲလမ်းမှုပြဿနာက ဘယ်လောက်အထိ ကြီးမားလာနေတယ်ဆိုတာ ဆရာရဲ့အတွေ့အကြုံတွေနဲ့ ပြောပြပေးပါရှင်။
ဖြေ - ၂၀၁၅ ခုနှစ်က ပြုလုပ်ထားတဲ့ သုတေသနစာတမ်းတစ်ခုထဲက တွေ့ရှိချက်တွေ ဖတ်လိုက်ရတာကို ပြောပြချင်ပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ရှိ ကျောင်းသား ၄၀၀ ကိုလုပ်ခဲ့တဲ့ စစ်တမ်းအရ Social Network ကို စွဲလမ်းမှုက ၂၇ ဒသမ ၂ ရာခိုင်နှုန်း၊ စိတ်ကျလက္ခဏာဖြစ်မှုက ၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ Social Network စွဲလမ်းမှုထဲက ၄၂ ဒသမ ၇ ရာခိုင်နှုန်းမှာတော့ စိတ်ကျလက္ခဏာ ဖြစ်မှုရှိနေပါတယ်။ ကိုယ်မသိနိုင်တဲ့ နေရာတွေမှာ ဖြစ်နေမှုတွေလည်းရှိမှာပေါ့။ ဒါက လူ ၄၀၀ ကိုပဲလုပ်ထားတဲ့ စစ်တမ်းပါ။ ဒါ့အပြင် အခုနောက်ပိုင်း စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တိုင်ပင်လာကြတဲ့အထဲမှာလည်း အင်တာနက်သုံးစွဲမှုကြောင့် ပြဿနာဖြစ်လာမှုတွေနဲ့ပတ်သက်ပြီး လာရောက် ဆွေးနွေးသူတွေလည်း ရှိပါတယ်။
မေး - နည်းပညာခေတ်ကြောင့် ကလေးတွေ အင်တာနက်သုံးစွဲမှုကို မိဘတွေက မကန့်သတ်သလို တစ်ဖက်မှာလည်း ဆိုးကျိုးတွေကရှိတော့ တကယ်လို့ သင်ယူမှုအနေနဲ့ အင်တာနက်သုံးစွဲမယ်ဆိုရင် ဘယ်လိုစည်းကမ်းချက်တွေနဲ့သုံးဖို့ လုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးပါရှင်။
ဖြေ - ပြောရမှာတွေက များပါတယ်။ အဲဒီအထဲက ရွေးပြောချင်တာတွေကတော့၊ ကလေးသူငယ် စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောထားတာကတော့ ကလေးတွေကို အော်ဟစ် ဆူပူကြိမ်းမောင်းနေတာထက် အကျိုးသင့်အကြောင်းသင့် ပြောဆိုရှင်းပြနိုင်ရင် ပိုပြီးအဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။ အော်ဟစ်ဆူပူကြိမ်းမောင်းလိုက်တဲ့အခါမှာ ကလေးတွေကို ဖုံးကွယ်လိမ်ညာဖို့ တွန်းပို့ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ လိုအပ်လာတဲ့အခါတွေမှာ မိဘအုပ်ထိန်းသူတွေဟာ ကလေးတွေအတွက် ကာကွယ်ပံ့ပိုးမှုတွေ ပေးနိုင်တယ်ဆိုတာကို ကလေးတွေ သိရှိထားဖို့လည်း လိုအပ်ပါတယ်။ ကလေးငယ်တွေ Computer၊ Tablet၊ Samrtphone တွေနဲ့ Internet၊ Game၊ Social Media တွေ သုံးတာကို စနစ်တကျ ထိန်းသိမ်းပေးချင်တယ်ဆိုရင်တော့ မိဘ၊ အုပ်ထိန်းသူတွေ ကိုယ်တိုင်ကလည်း ဒါတွေအသုံးပြုမှုနဲ့ပတ်သက်လို့ စံပြဖြစ်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း IT နည်းပညာတွေနဲ့ပတ်သက်လို့ သိရှိထားဖို့ လိုအပ်ပါလိမ့်မယ်။ ကလေးငယ်တွေ Internet, Tablet, Smartphone စတင်အသုံးပြုသင့်တဲ့ အသက်အရွယ်ကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေ Internet, Tablet, Smartphone တွေကို တစ်နေ့တာရဲ့ ဘယ်လိုအချိန်မျိုးမှာမှ ပေးသုံးမယ်။ ဘယ်လောက်ကြာကြာ ပေးသုံးမယ်။ ဘာအတွက် ပေးသုံးမယ်။ စတာတွေကိုလည်း အသိပေး ပြောပြပြီး ကန့်သတ်ထားသင့်ပါတယ်။ မိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ Application တွေ အသုံးပြုပြီး ကန့်သတ်မှုတွေ လုပ်ပေးလို့လည်း ရနိုင်ပါတယ်။ မိသားစုဆုံတွေ့တာ၊ အပြင်သွားတာ၊ စတာမျိုးတွေအတွက်လည်း အချိန်တွေ ခွဲဝေပေးသင့်ပါတယ်။ ကလေးတွေ Social Media အသုံးပြုတဲ့ အသက်အရွယ်ကို ရောက်လာတဲ့အခါမှာ သူတို့ရဲ့ Privacy Setting ကို စောင့်ကြည့်၊ စစ်ဆေးပေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကိုယ်နဲ့အမှန်တကယ် သိတဲ့သူတွေကိုပဲ ပေးမြင်သင့်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်တွေ၊ ရောက်ရှိနေတဲ့နေရာတွေကို အသိပေး Post တင်တာမျိုးတွေ မလုပ်မိဖို့ သတိထားသင့်ပါတယ်။ ဓာတ်ပုံတွေ၊ Video Clip တွေ တင်တဲ့အခါမှာလည်း အထူးသတိပြုဖို့ လိုအပ်ပါတယ်။ အချို့သော အခြေအနေတွေမှာ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု၊ Cyber Bullying ဆိုတဲ့ နည်းပညာအချက်အလက်တွေနဲ့ Online နိုင်လိုမင်းထက်ပြုမှုမျိုးတွေ ခံလာရတဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်နဲ့မသိတဲ့သူတွေနဲ့ မိတ်ဆွေမဖွဲ့မိစေဖို့လည်း အထူးသတိပြုသင့်ပါတယ်။
မေး - ဒစ်ဂျစ်တယ်မျက်နှာပြင်တွေအပေါ် စွဲလမ်းမှုပြဿနာကိုဖြေလျှော့နိုင်ဖို့ အုပ်ထိန်းသူတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းကျောင်းနိုင်ပါမလဲရှင်။
ဖြေ - ကလေးငယ်တွေ Internet, Tablet, Smartphone သုံးတာတွေကို ထိန်းသိမ်းပေးချင်တယ်ဆိုရင်တော့ မိဘ၊ အုပ်ထိန်းသူတွေ ကိုယ်တိုင်ကလည်း စံပြဖြစ်နေဖို့လိုအပ်တယ်ဆိုတာကို ထပ်ပြီးပြောလိုပါတယ်။ ခုနကပြောခဲ့တဲ့ ကလေးတွေနဲ့ ပြောဆိုဆွေးနွေး အသိပေးတာ၊ သုံးစွဲချိန်သတ်မှတ်ကန့်သတ်တာ၊ ညဘက်အိပ်ရာဝင်ချိန်တွေမှာ အသုံးပြုတာမျိုးတွေ မလုပ်တာ၊ သူတို့အတွက် အချိန်ပေးပြီး သူတို့အခေါ်ကတော့ Screen – Free Zones ပေါ့။ ၊ Internet, Tablet, Smartphone စတာတွေ အသုံးမပြုဘဲ မိသားစုဆုံစည်းချိန်တွေ၊ ကိုယ်ပိုင်အချိန်တွေ ဖန်တီးတာမျိုးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ဘာကြောင့် အခုလို စွဲလမ်းသွားရသလဲ၊ ဘယ်အတိုင်းအတာအထိ စွဲလမ်းနေသလဲဆိုတဲ့ အကြောင်းရင်း အခြေအနေတွေကို စိစစ်ဖော်ထုတ်တာ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ လိုအပ်တာတွေ လုပ်ဆောင်ပေးတာတွေလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မေး - တချို့အွန်လိုင်းဂိမ်း၊ ကာတွန်းဇာတ်လမ်းတွေဟာ အကြမ်းဖက်တာ၊ ရက်စက်တာတွေနဲ့ ကလေးတွေ ကြည့်ရှုဖို့မသင့်သေးတဲ့ ဇာတ်ကွက်တွေပါဝင်တော့ ထုတ်လုပ်သူတွေက ကလေးတွေကို ပစ်မှတ်ထားလာတယ်လို့ အုပ်ထိန်းသူတွေအကြား သုံးသပ်မှုတွေရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာရဲ့အမြင်ကိုလည်း ပြောပြပေးပါ။
ဖြေ - Online Game တွေမှာ Intellectual တွေလည်း ရှိတတ်ပါတယ်။ အကြမ်းဖက်တဲ့ Game တွေ၊ Action ဇာတ်လမ်းတွေ လည်း အများကြီးရှိပါတယ်။ စီးပွားရေးစျေးကွက်အရ ရောင်းအားတက်ဖို့ ကြည့်တာတွေလည်း ပါပါလိမ့်မယ်။ ဒါတွေကတော့ စီးပွားရေးနဲ့ ခေတ်ရေစီးကြောင်းအတိုင်း သွားနေတယ်လို့ပဲ ပြောရပါလိမ့်မယ်။
မေး - ဒီကိစ္စရပ်တွေဟာ ပညာပေးလုပ်ဆောင်မှုတွေ လုပ်ဖို့လိုအပ်တယ်လို့လည်း ပြောဆိုလာကြတာရှိပေမယ့် ပညာပေးလုပ်ငန်းစဉ်တွေအတွက် ပညာရှင်၊ အုပ်ထိန်းသူနဲ့ တာဝန်ရှိသူတွေပူးပေါင်းမှ အဆင်ပြေနိုင်မှာဖြစ်တာကြောင့် ပညာပေးအစီအစဉ် လျင်မြန်စွာ အကောင်အထည်ဖော်ဖို့ဆို ဘယ်အချက်ကို စတင်လုပ်ဆောင်ရပါမလဲ။
ဖြေ - ပြဿနာအတိမ်အနက်ကိုသိဖို့၊ ဒီကိစ္စဟာ ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်၊ ဖြေလည်းဖြေရှင်းရမယ် ဆိုတာတွေကို တာဝန်ရှိသူတွေ လက်ခံလာဖို့ဆိုတာတွေက အရေးကြီးပါတယ်။ လုပ်ဆောင်မယ်ဆိုရင်လည်း ကဏ္ဍအသီးသီးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရေးကြီးပါတယ်။ မိဘအုပ်ထိန်းသူတွေ၊ ကလေးတွေကိုယ်တိုင်၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ IT နည်းပညာနဲ့ ဆက်နွှယ်တဲ့ကဏ္ဍ စတဲ့ကဏ္ဍအသီးသီးကသူတွေ ပူးပေါင်းပါဝင်ပြီး ဆွေးနွေးဖို့လိုပါတယ်။ နောက်ဆက်တွဲအနေနဲ့၊ ပညာပေးလုပ်ငန်းစဉ်တွေ စနစ်တကျ လုပ်ဆောင်သွားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ကလေးငယ်တွေ သုံးစွဲတာပဲဖြစ်ဖြစ်၊ နည်းစနစ်တကျလေးနဲ့ အကျိုးရှိအောင် အသုံးပြုကြစေချင်ပါတယ်။
မေး - အခုအချိန်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုနဲ့ပတ်သက်တဲ့ ပညာပေးလုပ်ဖို့ အချိန်ရောက်ပြီလို့ ပြောလို့ရပြီလား။
ဖြေ - နည်းနည်းတောင် နောက်ကျနေပြီပေါ့။ စဖို့တော့လိုနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အမြင်နဲ့ အပေါ်ကနေ ဆုံးဖြတ်ချက်ချတဲ့သူတွေရဲ့ အမြင်ကျတော့ ကွာကောင်းကွာနိုင်ပါတယ်။ ဒီထက်ဦးစားပေးစရာတွေရှိလား၊ မရှိလား အပေါ်မှာကွာမှာပါ။