အနုပညာပျိုးခင်း၏ စင်တင်သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်စဉ်ကတည်းကပင် ကျရာဇာတ်ရုပ်၌ ပီပြင်စွာပုံဖော်နိုင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှုရရှိခဲ့သူမှာ သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသု ဖြစ်သည်။ ၂၀၁၇ အတွက်ပေးအပ်ခဲ့သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ‘3 Girls’ ဇာတ်ကားဖြင့် ပထမဆုံးအကယ်ဒမီကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ အတွက်ပေးအပ်မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက်လည်း ‘မီ’ ဇာတ်ကားဖြင့် အကယ်ဒမီဆုအတွက် ရေပန်းစားနေသူတစ်ဦးဖြစ်သည်။ ဆရာမကြီးကြည်အေး၏ ‘မီ’ ဝတ္ထုအားထပ်တူကျသည်အထိ အကောင်းဆုံးပုံဖော်နိုင်ခဲ့သော သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုနှင့်တွေ့ဆုံ၍ ‘မီ’ ဇာတ်ကားအတွက်အကယ် ဒမီရင်ခုန်သံများ၊ ရှေ့ဆက်လုပ်ဆောင်လိုသည့် အနုပညာလှုပ်ရှားမှုများ၊ အနုပညာအပေါ်ထားရှိသည့် သဘောထားခံယူချက်များအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
■မေး - မီဇာတ်ကားနဲ့ သုသုအတွက်ပရိသတ်တွေက အကယ်ဒမီမျှော်မှန်းပေးနေကြတဲ့ အပေါ်ရင်ခုန်ခံစားမှုကိုလည်း ပြောပြပေးပါဦး။
■ ဖြေ - သုသုကို မီဇာတ်ကားနဲ့ပတ်သက်ပြီး အကယ်ဒမီရင်ခုန်ပေးကြတဲ့၊ ခန့်မှန်းပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ကိုလည်းသုသုအနေနဲ့ ကိုယ်ပါဝင်ခွင့်ရတဲ့ဇာတ်ရုပ်တိုင်း၊ ဇာတ်ကားတိုင်းမှာ တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးစားနေပါမယ်လို့ ပြောချင်ပါတယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီး သုသုအရမ်းကြီးတော့ မျှော်လင့်မထားဘူး။ မျှော်လင့်ချက်ကို နည်းနိုင်သမျှ နည်းအောင်ထားတယ်။
■မေး - အကယ်ဒမီပွဲကို ခင်ပွန်းကိုဏကြီးနဲ့ အတူတွဲတက်ရမှာဆိုတော့ စိတ်လှုပ်ရှားနေလား။
■ ဖြေ - အဲဒီအတွက်တော့ စိတ်လှုပ်ရှားနေပါတယ်။ ကိုဏကြီးနဲ့တွဲပြီးအလုပ်လုပ်ထားတဲ့ မီဇာတ်ကားကလည်း အကယ်ဒမီဆန်ခါတင်ထဲမှာပါတဲ့အတွက် အကယ်ဒမီပွဲကို အတူတွဲတက်ရမယ့် အခါတော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။
■ မေး - မီဇာတ်ကားကမရိုက်ကူးခင်မှာလည်း ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့တယ်။ ရိုက်ကူးချိန်မှာ ရောရုံတင်ပြသချိန်မှာပါ အခက်အခဲတွေ ပင်ပန်းမှုတွေနဲ့ဆိုတော့ သုသုအတွက်အမှတ်တရဖြစ်တဲ့ မှတ်တိုင်တစ်ခုလို့ ပြောလို့ရလား။
■ ဖြေ - သုသုဒီဇာတ်ကားကို မရိုက်ခင်ကတည်းကလည်း ဆရာမကြီးရဲ့ဝတ္ထုကို အရမ်းကြိုက်တဲ့အတွက် ကိုယ်ဖန်တီးတဲ့အခါ လိုအပ်ချက်ဖြစ်မှာ၊ အားနည်းချက်တွေရှိမှာ၊ ဝတ္ထုရဲ့အရသာ မပေါ်လွင်မှာအရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့်လည်း အများကြီးပြင်ဆင်ခဲ့တယ်။ တကယ်ရိုက်ကူးပြီးတဲ့အချိန်မှာတော့ ကျေနပ်အားရမှုတွေအများကြီးရှိခဲ့တဲ့ ဇာတ်ကားပါ။ သုသုသရုပ်ဆောင်တယ်ဆိုတာထက် အဲဒီဇာတ်ကား ရိုက်နေတဲ့ တောက်လျှောက်မှာ မီဆိုတဲ့ခံစားမှုနဲ့၊ ကိုယ်ကိုယ်တိုင်မီဆိုတာမျိုးဖြစ်နေအောင် အစွမ်းကုန်ကြိုးစားပြီးနေခဲ့တယ်။ ရုံမတင်ခင်မှာကတော့ ထုံးစံအတိုင်းအရမ်းကြောက်ခဲ့ရတယ်။ ပရိသတ် အားပေးမှုတွေပြန်ရခဲ့တဲ့အတွက် အမောပြေခဲ့ရပါတယ်။
■ မေး - ဒီဇာတ်ကားအတွက် ဒါရိုက်တာကိုဏကြီးအပါအဝင် တစ်ဖွဲ့သားလုံးကအားထုတ်ခဲ့တာဆိုတော့ သူတို့အတွက်ရော အမှတ်တရစကားပြောပေးပါဦး။
■ ဖြေ - ပင်ပန်းတာ၊ အားထုတ်တာကတော့ တစ်ဖွဲ့သားလုံးပါ။ ဘာလို့လဲဆိုတော့ရုပ်ရှင်ဆိုတာက ဘယ်ရုပ်ရှင်ပဲဖြစ်ဖြစ် Team work ကအရေးကြီးဆုံးပဲလေ။ ရုပ်ရှင်ဆိုတာက စည်းစည်းလုံးလုံးနဲ့ကြိုးစားကြမှသာ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်လာမှာလေ။ သုသုခံယူထားတာက ရုပ်ရှင်တစ်ကား ကောင်းတယ်လို့ ပရိသတ်တွေက သတ်မှတ်တာပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တစ်ယောက် တော်တယ်လို့ ပရိသတ်တွေကပြောကြရင်ပဲဖြစ်ဖြစ် သူတစ်ယောက်တည်းတော်လို့ မဟုတ်ဘူး။ ဇာတ်ကားရဲ့ နောက်ကွယ်က ပံ့ပိုးသူတွေ၊ ဒါရိုက်တာ ဇာတ်ညွှန်း၊ ကင်မရာ၊ မီးထိုးမှန်ထိုးပေးတဲ့ အစ်ကိုတွေ၊ ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့သူတွေအားလုံး ကောင်းမှလည်း ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်လာတာလေ။ မီဇာတ်ကားရဲ့ team တစ်ဖွဲ့လုံးက အကုန်လုံးကောင်းတယ်လို့ သုသုမြင်ပါတယ်။
■မေး - သုသုရဲ့ ထုတ်လုပ်ရေးကဒီနှစ်ထဲမှာ ဇာတ်ကားသစ်ရိုက်ဖို့ စီစဉ်ထားတာမျိုးရှိ လား။
■ ဖြေ -ဟုတ်ရှိပါတယ်။ ဒီနှစ်ထဲမှာ ကိုဏကြီးနဲ့ပဲ သုသုရုပ်ရှင် ကားကြီးတစ်ကားရိုက်မှာပါ။
■ မေး - ၂၀၁၉ က သုသုအတွက်ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရမလား။
■ ဖြေ - ဟုတ် အဲဒီလိုတော့ပြောလို့ ရမယ်ထင်ပါတယ်။ ၂၀၁၉ နှစ် ဆန်းမှာမင်္ဂလာ အစီအစဉ်ကျင်းပနိုင်ခဲ့တယ်။ သုသုဖန်တီးချင်တဲ့ အနုပညာအလုပ်လေးတွေလည်း လုပ်ခွင့်ရတယ်ဆိုတော့ ကံကောင်းတဲ့နှစ်လို့ပြောလို့ ရပါတယ်။
■ မေး- ပရိသတ်တွေကိုပြောချင်တဲ့စကား လက်ဆောင်များရှိမလား။
■ ဖြေ - သုသုကိုအားပေးကြ၊ ချစ်ပေးကြတဲ့ပရိသတ်တွေအတွက် အမြဲတမ်းတာဝန်ကျေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင်၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါမယ်လို့ ပြောချင်ပါတယ်။