ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 3 March 2019
လွင်မျိုးသူ

ကျွန်တော့်အနေနဲ့ လူငယ်အနေနဲ့ အရွေးချယ်ခံရရင် Impact တစ်ခုအကြီးကြီးတော့ ရှိမယ်။ လူငယ်တွေ နေရာရလာပြီ။ လူငယ်တွေ ပါဝင်နိုင်ပြီ။ လူငယ်တွေ ကူညီနိုင်ပြီဆိုတဲ့ ပြောင်းလဲမှုကတော့ ကျွန်တော်တို့အတွက် အင်အားအကောင်းဆုံးလို့ .....

မတ် ၃၁ ရက်တွင်ပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၂၇၂ ဦး အနက်  အသက်အငယ်ဆုံးဖြစ်ပြီး မြို့ပြစီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးမူဝါဒ ရေးဆွဲရေးတို့တွင် ပညာအရည်အချင်း မြင့်မားမှုကြောင့် လူထုအကြား စိတ်ဝင်စားမှု မြင့်တက်နေသော ကိုအောင်ခန့်အား မေးမြန်းမှုများကို ဖော်ပြအပ်ပါသည်။

မေး - တစ်သီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်ဖြစ်တဲ့ အကြောင်းကရော ဘာများဖြစ်မလဲ။

ဖြေ - ကျွန်တော် တစ်သီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်ရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူ့ကိုမှ မှီခိုပြီးမှ လုပ်တာမဟုတ်ပါဘူး။ ကျွန်တော့် အသိပညာ၊ ကျွန်တော့်အတတ်ပညာ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်တာ။ ပြည်သူလူထု ရွေးချယ်တဲ့အခါမှာ ဒါကိုပဲကြည့်ပြီး ရွေးချယ်မယ်လို့ ကျွန်တော်ထင်တယ်။ တခြားပုံရိပ်တွေကိုလည်း ကျွန်တော် မသုံးပါဘူး။ တခြားမှီခိုမှုတွေလည်း မသုံးပါဘူး။           

မေး - လူငယ်တစ်ယောက်အနေနဲ့ ဒီလို Public Service အလုပ်တွေကို ဘယ်လိုလုပ်နိုင်မယ်လို့ ယုံကြည်ထားပါလဲ။

ဖြေ - ကျွန်တော်ဖြေရမယ် ဆိုရင်တော့ လူငယ်တွေက နေရာပျောက် နေတာပေါ့နော်။ နေရာမပေးခံရ တာတွေရှိတယ်။ နေရာပျောက်နေတာ တွေရှိတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံရေးပဲပြောပြော၊ အခုလို Public Service ပေါ့နော်။ ပြည်သူလူထုအတွက် အလုပ်တွေ လုပ်ပေးရတဲ့ အလုပ်တွေကို သူတို့က လူကြီးပိုင်းတွေပဲ လုပ်ရမယ်လို့ နားလည်ထားတဲ့ အမှားအယွင်းတစ်ခု ရှိတယ်ပေါ့နော်။ ဒီလူကြီးပိုင်းတွေကလည်း လူငယ်တွေက မတတ်ပါဘူး ပြောနေကြတာကို ကျွန်တော့်အနေနဲ့ မှားတယ်လို့ ထင်တယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ကျွန်တော်က လူငယ်တစ်ယောက်ပဲ။ ဒီဟာကိုလည်း ကျွန်တော်ပိုင်ပိုင်နိုင်နိုင် လုပ်ချင်တယ်။ ဒီဟာကိုလည်း ဦးစိုက်ပြီး သင်ယူလာခဲ့တယ်။ ဦးစိုက်ရုံတင်မကဘူး။ ရန်ကုန်မြို့မှာ ၂၀၀၆ က ပြန်ရောက်တော့ မြို့ပြကြီးကြပ်ရေး ပရောဂျက်တွေမှာလည်း ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

မေး - လူငယ်တစ်ယောက်အနေနဲ့ အဓိက အကြီးမားဆုံး အခက်အခဲက ဘာဖြစ်နိုင်မယ်လို့ ထင်ပါလဲ။

ဖြေ - လူငယ်တစ်ယောက်အနေနဲ့ ဖြေရမယ် ဆိုရင်တော့ အခက်အခဲတွေက အများကြီးပေါ့။ ကျွန်တော်တို့လိုမျိုး အသိပညာ၊ အတတ်ပညာ သင်ယူထားတဲ့ လူမျိုးကလည်း ရှားတယ်။ Public Service ဘက်ကိုပဲ သီးသန့်လုပ်ချင်တဲ့ သူတွေကလည်း ရှားတယ်။ ဒီဟာကို ဦးတည်ပြီး သေချာလုပ်ချင်တဲ့ သူကလည်း ရှားတယ်။ အဲဒီတော့ မြန်မာပြည်မှာ ဒါမျိုးတွေကို သိပ်မမြင်ဖူးကြဘူး။ ကျွန်တော့်အနေနဲ့ ယုံကြည်မှုတစ်ခု ဆောက်တည်ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအတွက် အတတ်ပညာ၊ အသိပညာလည်း သင်ယူလာခဲ့ပါတယ်။ ဒါကိုပဲ ဦးတည်ပြီး လုပ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒတစ်ခုကလည်း ရှိရမယ်။ စနစ်အသစ် ပြောင်းတဲ့အခါမှာ လူသစ်တွေ လိုမယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ကတော့ ဘာလဲဆိုရင် လူငယ်တွေမှာက နေရာမရတဲ့ ပြဿနာတစ်ခု ဖြစ်နေတာပေါ့နော်။ နေရာကို ထိုက်တန်သော်လည်း နေရာမပေးတဲ့ ပြဿနာတစ်ခု ဖြစ်နေတာပေါ့။ ဘာလို့လဲဆိုရင် အရင်ကတည်းက ယုံကြည်မှုတွေကအစ လူကြီးတွေပဲ။ လူကြီးဆိုတဲ့ အခါမှာ အားလုံးသိတဲ့အတိုင်းပဲ အမျိုးစုံပါပဲ။ အသက်ကြီးတာ တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ အခုလိုမျိုး အကောင်အထည် ဖော်ရမယ့် ကိစ္စတွေဆိုရင် လူငယ်တွေက ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး - ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ပါတီကြီးတစ်ခုနဲ့ ယှဉ်ပြိုင်ရတော့ စိန်ခေါ်မှု အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ - တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့အခါမှာ အကောင်းဆုံးကတော့ ပြည်သူလူထုနဲ့ တစ်တန်းတည်းပဲ။ ဘယ်ပါတီကိုမှ ကျွန်တော်ကိုယ်စားပြုတာ မဟုတ်ဘူး။ ဘယ်ပါတီကိုမှလည်း အကောင်အထည် ဖော်စရာ မရှိဘူး။ မြို့တော်အတွက်ပဲ ကျွန်တော်တို့ ဦးတည်ပြီး လုပ်တဲ့အတွက် မြို့သူမြို့သားတွေကို ကျွန်တော်က ဦးတည်လုပ်စရာရှိတယ်။ ဒါကတော့ ကျွန်တော့်အတွက် အကျိုးကျေးဇူးလို့ ထင်တယ်။

မေး - ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်ရဲ့သက်တမ်းက နှစ်နှစ်ပဲရှိတော့ ကိုအောင်ခန့်အနေနဲ့ အချိန်လုံလောက်မှု ရှိပါ့မလား။

ဖြေ - နှစ်နှစ်ပဲပေးထားတဲ့ သက်တမ်းက အမှန်ပြောရမယ် ဆိုရင်တော့ အချိန်လည်း နည်းပါတယ်။ သို့သော်လည်းပဲ ကျွန်တော့်အနေနဲ့ ဝင်ပြိုင်ရတယ်ဆိုတာ ဒီအချိန် ဒီကာလမှာ ဝင်ပြိုင်သင့်တယ်။ ဝင်ပြိုင်ဖို့လည်း လူလိုတယ်လို့ ကျွန်တော် ထင်လို့လုပ်တာပါ။ အခု ရွေးကောက်ပွဲ လုပ်တာကလည်း အစိုးရ အနေနဲ့ပဲဖြစ်ဖြစ်၊ YCDC အနေနဲ့ပဲဖြစ်ဖြစ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အနေနဲ့ပဲဖြစ်ဖြစ် လူလိုလို့ ရွေးကောက်ပွဲ လုပ်တာလို့ ယုံကြည်ပါတယ်။ အဲဒီတော့ အခုအစောပိုင်း ကတည်းက ဝင်ပြိုင်ဖို့က ကြိုးစားပြီး အကောင်းဆုံး ဖြစ်နိုင်အောင် လုပ်ပေးမယ် ဆိုရင်တော့ ရှေ့လျှောက်မှာ ပိုပြီးကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ အခုလောလောဆယ် အချိန်ရှိသလောက် အချိန်မှာတင်ပဲ အကောင်းဆုံး လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒါက တော်တော်ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး - ရွေးကောက်ပွဲမှာ အရွေးချယ်ခံရရင် မြို့တော်အတွက် အဓိက ဘာကိုပြောင်းလဲမလဲ။

ဖြေ - အဓိက ပြောင်းလဲချင်တာကတော့ စိတ်ဓာတ်လေးတွေပါ။ အားလုံးဒါကို မရရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်က အရေးကြီးတယ်။ ပြောင်းသင့်တဲ့ အချိန်တန်ပြီဆိုတဲ့ စိတ်ဓာတ်လေးကို အဓိက ပြောင်းလဲချင်ပါတယ်။ ကျွန်တော့်အနေနဲ့ လူငယ်အနေနဲ့ အရွေးချယ်ခံရရင် Impact တစ်ခု အကြီးကြီးတော့ရှိမယ်။ လူငယ်တွေ နေရာရလာပြီ။ လူငယ်တွေ ပါဝင်နိုင်ပြီ။ လူငယ်တွေ ကူညီနိုင်ပြီဆိုတဲ့ ပြောင်းလဲမှုကတော့ ကျွန်တော်တို့အတွက် အင်အားအကောင်းဆုံးလို့ ကျွန်တော်ထင်ပါတယ်။

မေး - ဒီရွေးကောက်ပွဲမှာ အနိုင်ရဖို့ရော ယုံကြည်မှု ဘယ်လောက်ရှိပါလဲ။

ဖြေ - ရွေးကောက်ပွဲအတွက် ကျွန်တော့်အနေနဲ့ အစွမ်းကုန် တတ်နိုင်သလောက် လုပ်သွားမှာပါ။ ကျွန်တော့်အနေနဲ့ ဝင်ပြိုင်တယ် ဆိုကတည်းက ဒီဟာကို ဘယ်သူမှ လုပ်ခိုင်းလို့ မဟုတ်ဘဲ ကျွန်တော့် စိတ်နဲ့ပဲ ရန်ကုန်မြို့အတွက် လုပ်ပေးမယ့် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ပဲ လုပ်တာပါ။ နိုင်သွားရင်လည်း ဆက်ပြီးတော့ အစွမ်းကုန်လုပ်ဖို့လည်း ရှိပါတယ်။ စိတ်ဓာတ် အနေနဲ့ကတော့ လုံးဝအပြည့်ပါပဲ။

မေး - ပြည်သူကရွေးမယ့် ကိုယ်စားလှယ် ခြောက်နေရာအတွက်ကို NLD ပါတီက နေရာတော်တော်များများမှာ အနိုင်ရသွားမယ်ဆိုရင် သူတို့အချင်းချင်း ပြန်လည်ထိန်းကျောင်းဖို့ကရော ဘယ်လိုရှိနိုင်လဲ။ Check and Balance လုပ်နိုင်ပါဦးမလား။

ဖြေ - ရွေးကောက်ပွဲရဲ့ မူဝါဒအရကတော့ ပြည်သူလူထုရဲ့ Check and Balance System တစ်ခု တည်ဆောက်တာပဲ။ ပြည်သူလူထုက မဲပေးတဲ့ အခါမှာလည်း ဒီလိုဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ သူတို့ကပဲ စဉ်းစားရမယ်။ ရွေးကောက်ခံရတဲ့ လူတွေက ပြည်သူလူထုရဲ့စကား နားထောင်လား။ နားမထောင်ဘူးလား ဆိုတာလည်း ကြည့်ရမယ်။ မဲဆွယ်ကာလမှာ အားလုံးသိပါတယ်။ မဲဆွယ်ရမယ်ဆိုရင် ပြည်သူလူထုနဲ့ တကွပေါ့နော်။ မဲဆွယ်ပြီးသွားတဲ့ အခါမှာ ပြည်သူလူထုနဲ့ ကင်းကွာနေတဲ့ ဟာကိုလည်း ကျွန်တော်တို့ ရှုတ်ချရမယ်။ ပြည်သူလူထုက ဒါကို မဲပေးတဲ့ ကာလမှာလည်း စဉ်းစားသင့်တယ်။ မဲပေးပြီး ကာလတွေမှာ ကိုယ်စားလှယ်တွေက မလိုက်နာဘူး ဆိုရင်လည်း ဆန္ဒဖော်ပြသင့်တဲ့ အနေအထား တစ်ခုရှိတယ်။

မေး - နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက် ပြောကြားချင်ပါလဲ။

ဖြေ - နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လူငယ်တွေနဲ့ ဖြစ်အောင်လုပ်ကြရအောင်လို့။ အချိန်တန်ပြီလို့လည်း ထင်တယ်။ လူငယ်တွေနဲ့ ပေါင်းပြီးတော့ ဒီမှာရှိတဲ့ မြို့သူမြို့သားတွေ အားလုံးနဲ့ ပေါင်းပြီးတော့ ဖြစ်အောင်လုပ်ကြရအောင်လို့ပဲ ပြောချင်ပါတယ်။

 

Most Read

Most Recent