ဘီလ်ဘာအိုအသင်း၏ လာလီဂါပွဲဆက်အများဆုံးကစားသူအဖြစ် အီနာကီဝီလျံစ်စံချိန်တင်

ဘီလ်ဘာအိုအသင်း၏ လာလီဂါပွဲဆက်အများဆုံးကစားသူအဖြစ် အီနာကီဝီလျံစ်စံချိန်တင်
Photo: Marca
Photo: Marca
Published 19 February 2019

ဘီလ်ဘာအိုအသင်း၏ တိုက်စစ်မှူး အီနာကီဝီလျံစ်သည် ဘီလ်ဘာအိုအသင်းသမိုင်းတစ်လျှောက် လာလီဂါပွဲဆက်အများဆုံးကစားသူ (ဂိုးသမားမပါဝင်) အဖြစ် (၁၀၅) ပွဲဆက်ကစားကာ စံချိန်တင်ခဲ့ကြောင်းသိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူး အီနာကီဝီလျံစ်သည် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကကျင်းပခဲ့သော ဟူဆကာအသင်းအား (၁-၀) ဂိုးဖြင့်အနိုင်ရသည့် အဝေးကွင်းပွဲစဉ်တွင် အသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီးနောက် ယခုကဲ့သို့စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ဘီလ်ဘာအိုအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်သူ ဝီလျံစ်သည် အသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သော ဂျေးဆပ်ဂါရေး၏ လာလီဂါပွဲစဉ်  (၁၀၄) ပွဲဆက်တိုက်ပါဝင်ကစားသည့် စံချိန်ကိုကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘီလ်ဘာအိုအသင်းသမိုင်းတွင် ပွဲဆက်အများဆုံးကစားထားသူမှာ ဂိုးသမား စီဒရမ် (၁၃၂) ပွဲဖြစ်ပြီး ဝီလျံစ်မှာ ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်းကစားသမားများထဲတွင် ပွဲဆက်အများဆုံးကစားသူဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဝီလျံစ်သည် ၂၀၁၆ ခုနှစ် ဧပြီလ (၁၇) ရက်နေ့က ကစားခဲ့သော မာလာဂါနှင့်ပွဲစဉ်ကို နောက်ဆုံးလွဲချော်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အသင်းအတွက် လာလီဂါပွဲစဉ်များ ဆက်တိုက်ပါဝင်ကစားထားခဲ့ခြင်းဖြစ်သည်။

လာလီဂါပြိုင်ပွဲသမိုင်းတွင် ပွဲဆက်အများဆုံးကစားထားသူမှာ ဆိုစီဒက်နောက်ခံလူဟောင်း လာရန်နာဂါ (၂၀၂) ပွဲဖြစ်သည်။

Most Read

Most Recent