ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် တွေ့ဆုံခြင်း
Published 17 February 2019
ဆန်းထူးအောင်

ပုံစံ ၆၆/ ၆ ပေါ်မူတည်ပြီး မဲပေးရမယ်ဆိုရင် လူတိုင်းက မဲပေးခွင့်အခွင့်အရေး ဆုံးရှုံးသွားမယ့်သဘောရှိတယ်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား မတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ လက်ရှိကျင်းပမည့် စည်ပင်ရွေးကောက်ပွဲသည် ၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲကဲ့သို့ တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်းသာ မဲပေးပိုင်ခွင့်ရရှိမည်မဟုတ်ဘဲ စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်အတွင်း တစ်နှစ်နေထိုင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စည်ပင်ရွေးကောက်ပွဲ မဲပေးနိုင်မည့်အခြေအနေ၊ မဲဆန္ဒရှင်များ သိသင့်သိအပ်သည့်အခြေအနေ၊ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ထားသည့် အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

 

မေး - လက်ရှိစည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအရေအတွက် သိချင်ပါတယ်။ အခုကိုယ်စားလှယ်လောင်းထဲမှာ ပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဦးရေ ဘယ်လောက်ပါဝင်ပါသလဲခင်ဗျ။

ဖြေ - ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ၂၇၇ ဦးရှိတယ်။ လျှောက်လွှာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ပြန်လည်စိစစ်တယ်။ တိုင်းဗဟိုကလည်း ပြန်လည်စိစစ်တာ ၂၇၅ ဦးပဲ ဆန်ခါတင်ကျန်ခဲ့တယ်။ နှစ်ဦးကတော့ ဥပဒေနဲ့မညီညွတ်လို့ ရွေးကောက်ခံရမယ့် အနေအထားမရှိတာကို အကြောင်းကြားထားပြီးဖြစ်တယ်။ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရွေးခံတဲ့သူက။ ပထမဦးဆုံး နိုင်ငံရေးပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး တင်ပြထားတာတွေရှိတယ်။ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ ကျွန်တော်တို့ကတော့ USDP က ဝင်ပြိုင်ပါမယ်။ ကျွန်တော်က တစ်သီးပုဂ္ဂလဆိုတဲ့အခါကျတော့။ သူတို့က ပြိုင်မယ်ဆိုတိုင်း အန်ကယ်တို့အနေနဲ့ ရုတ်တရက် လက်ခံလိုက်လို့မရဘူး။ သူတို့ရဲ့ပါတီဗဟိုက ခွင့်ပြုချက်ရလို့ရှိရင် ပါတီရဲ့ကိုယ်စားလှယ်အဖြစ် လက်ခံမယ်။ သူတို့ရဲ့ပါတီပုံရိပ်လည်း သုံးလို့ရမယ်။ စုစုပေါင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားလုံးတင်ပြထားတဲ့ အထဲက ပြန်စိစစ်လိုက်တာ လတ်တလော ၄၂ ယောက်၊ USDP ပါတီက ၂၇ ယောက် ဖြစ်တယ်။

မေး - ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ နည်းဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်အဆို တင်ခဲ့တယ်။ အဲဒီအဆိုမှာ ပြည်သူတွေအနေနဲ့ ၆၆/ ၆ (အိမ်ထောင်စုစာရင်း) ရှိမှ မဲပေးခွင့်ရမယ်ဆိုပြီး တင်ပြထားတယ်။ အဲဒီလိုဆိုရင် မဲပေးပိုင်ခွင့် ပြည်သူတွေ ဘယ်လိုဆုံးရှုံးမှုရှိနိုင်သလဲ။

ဖြေ - အခုတစ်လော ဘာပြဿနာတက်လာလဲဆိုရင် အရပ်အခေါ် သန်းခေါင်စာရင်း ပုံစံ ၆၆/ ၆ ကိစ္စတွေ။ အဲဒါရှိတဲ့သူသာ မဲပေးရမယ်ဆိုရင် ဘယ်လိုအခက်အခဲရှိနိုင်သလဲ။ အဲဒါက တော်တော်လေး အခက်အခဲရှိနိုင်တယ်။ တစ်တိုင်းလုံးမှာ ပုံစံ ၆၆/ ၆ ရှိပြီး နေထိုင်တဲ့သူက တစ်တိုင်းလုံးမှာ အကြမ်းဖျင်း ပြောရမယ်ဆိုရင် ငါးပုံပုံရင် တစ်ပုံလောက်က ပုံစံ ၆၆/ ၆ မရှိဘူး။ ဒီအတိုင်းလာနေတဲ့ သူတွေ။ တချို့က ဒီမှာ လာအလုပ်လုပ်ကြတယ်။ သန်းခေါင်စာရင်းက သူတို့နေထိုင်ခဲ့တဲ့ မြို့နယ်မှာရှိတယ်။ ပုံစံ ၆၆/ ၆ ပေါ် မူတည်ပြီး မဲပေးရမယ်ဆိုရင် လူတိုင်းက မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးသွားမယ့်သဘောရှိတယ်။ လက်ရှိ ရွေးကောက်ပွဲနည်းဥပဒေက အသက် ၁၈ နှစ်လည်းပြည့်မယ်၊ ဒီမှာ တစ်နှစ်နေထားရင် ရတယ်။ ဒါကပိုပြီး ဒီမိုကရေစီကျတယ်။ ပုံစံ ၆၆/ ၆ နဲ့ ထိန်းလိုက်ရင် မရှိတဲ့သူတွေ မဲပေးခွင့်မရဘူး။ ဒါ့အပြင် ရန်ကင်းမြို့နယ်မှာ ပုံစံ ၆၆/ ၆ ရှိနေသော်လည်း နေပြည်တော်လို နေရာမှာ သွားနေမယ်ဆိုရင် ပုံစံ ၆၆/ ၆ ကို အတည်ယူပြီး အမည်စာရင်းထည့်လိုက်မယ်။ သို့သော် နေတာကနေပြည်တော်မှာ မဲပေးခွင့် ဒီမှာဆုံးရှုံးသွားပြန်ရော။ ၆၆/ ၆ နဲ့ လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းအရ မဲပေးပိုင်ခွင့် ဆုံးရှုံးသွားနိုင်တဲ့သူတွေ များနေတယ်။ အန်ကယ်တို့အနေနဲ့ ဒီဟာကို စဉ်းစားရမယ့် သဘောရှိတာပေါ့။

မေး - လက်ရှိ စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲပေးပိုင်ခွင့် လူဦးရေစာရင်းအခြေအနေ ဘယ်လိုရှိပါသလဲ။ မဲစာရင်းတွေကိုရော ရိုက်နှိပ်နေပြီလား။

ဖြေ - လက်ရှိအစိုးရအဖွဲ့ကနေပြီးတော့ လူဦးရေစာရင်း ကောက်နေတယ်။ နောက်ဆုံးရက်က ဖေဖော်ဝါရီ ၇ ရက်နေ့ဆိုတော့ ဒီလ ၇ ရက်နေ့မှာ ဖျက်လိုက်ပြီ ပြီးသွားပြီပေါ့။ လူဦးရေစာရင်းအနေနဲ့ကတော့ ပြီးသွားပြီ။ ရရှိတဲ့ လူဦးရေစာရင်းကို မြို့နယ်အလိုက် လူဦးရေစာရင်း ပို့ပေးလိုက်တယ်။ ကော်မရှင်ကို ပို့ပေးလိုက်တဲ့အခါ ကော်မရှင်ကလည်း မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ မဲရုံအလိုက် အဲဒီဟာကို မဲစာရင်းတွေရိုက်နေတယ်။ တချို့မြို့နယ်ဆို ၁၀၀ ရာခိုင်နှုန်း ပြီးသွားပြီ။ တချို့မြို့နယ်တွေဆို ၈၀ ရာခိုင်နှုန်း ပြီးသွားပြီ။ နောက်အကျဆုံးမြို့နယ်ဆိုရင် ၅၁ ရာခိုင်နှုန်း ၅၅ ရာခိုင်နှုန်း ပြီးပြီဆိုတော့ ၂၁ ရက် နောက်ဆုံးထားပြီး မဲစာရင်း ပြီးအောင်လုပ်မယ်။ ၂၁ ရက်နေ့ ရပြီးပြီဆိုရင် ပြန်စစ်မယ်။ မဲရုံတစ်ခုချင်းအလိုက် ပြန်စစ်မယ်။ ပြင်စရာတွေ ရှိတယ်။ မပါသင့်တဲ့သူတွေ ပါနေတာ၊ ပါသင့်တဲ့သူတွေ မပါတာတွေကို ပြင်ဆင်နေတုန်းမှာပဲ လူဦးရေစာရင်း ကောက်တုန်းက မပါဘဲ ကျန်နေတဲ့သူတွေက မဲပေးချင်တယ်လို့ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်တွေမှာ စာရင်းလာပေး။ ထည့်ပေးရမယ့် အနေအထားရှိတယ်ဆိုရင် မဲစာရင်းမှာထည့်ပေးမယ်။ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ မဲလာပေးနိုင်အောင် ဖြေလျှော့ထားပေးတဲ့ အနေအထားရှိတယ်။ မတ် ၃၁ ရက်နေ့မှာ ရွေးကောက်ပွဲက မဖြစ်မနေလုပ်ရမှာ။ ဒီတိုင်းလိုင်းအတိုင်း သွားနေမယ်ဆိုရင် ရွေးကောက်ပွဲက ၁၀၀ ရာခိုင်နှုန်း ပြီးမယ့်အနေအထားရှိတယ်။ အခုကျွန်တော်တို့ လေ့ကျင့်ရေးတွေပေးနေတယ်။ ၃၃ မြို့နယ်သော မြို့နယ်အလိုက်ကော်မရှင်အဖွဲ့ဝင် သုံးဦးကို နည်းပြလုပ်ငန်းတွေကို ကျွမ်းကျင်တဲ့ သူတွေက လေ့ကျင့်ခန်းပေးနေတယ်။ ရွေးကောက်ပွဲအဖွဲ့ လုပ်ငန်းလမ်းညွှန်တွေကို ပေးတယ်။ မြို့နယ်အဖွဲ့ဝင်တွေအားလုံး ဘာလုပ်ရမလဲဆိုတာသိသွားပြီ။ မြို့နယ်တွေကို သင်ပေးပြီးတော့ မဲရုံတွေ မဲပေးတဲ့ဘာသာရပ်တွေ၊ ကြိုတင်မဲပေးတဲ့ဘာသာရပ်တွေ အဲဒါတွေက အမှားအယွင်းခံလို့မရဘူး။ အဲဒါကိုလည်း တစ်မြို့နယ်ကိုတစ်ဦး ပြီးခဲ့တဲ့အပတ်က သင်တန်းခေါ်ပေးလိုက်တယ်။ အခု ဘာလုပ်နေသလဲဆိုတော့ ရပ်ကွက်ကျေးရွာတွေကို သင်တန်းပေးခဲ့သူတွေက သင်တန်းပေးနေတယ်။ အချို့ခရိုင်တွေက ပြီးသွားပြီ။ ကျွန်တော်တို့က မဲရုံမှာတာဝန်ယူရမယ့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးတွေ မဲရုံပေါင်း ၂၄၀၀၊ ၂၅၀၀ လောက်ရှိတယ်။ သူတို့တွေကို တစ်မြို့နယ်ကို ဆရာငါးယောက်၊ လေးယောက်လောက်နဲ့ မဲရုံမှူးတွေကိုသင်ပေးဖို့ စီမံချက်ထပ်ဆွဲနေတယ်။ မဲရုံမှူးတွေကလည်း မဲရုံအဖွဲ့ဝင်တွေကို ပြန်ဆွေးနွေးရမယ်။ ရွေးကောက်ပွဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မေး - ရန်ကုန်တိုင်းလွှတ်တော်မှာ စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေတင်လိုက်တာက ရွေးကောက်ပွဲကို အကျိုးသက်ရောက်မှုရှိနိုင်ပါသလား။

ဖြေ - အကျိုးသက်ရောက်မှု ရှိဖို့အတွက်ကို လွှတ်တော်မှာ ပြင်ဆင်ပေးဖို့ လေးချက်တင်ပြထားတာ ရှိပါတယ်။ စည်ပင်သာယာရွေးကောက်ပွဲနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ၀ိ၀ါဒမသဲကွဲတဲ့ စကားလုံးတွေ ပါလာတယ်။ နောက်ပြီးတော့ အသုံးအနှုန်းတွေကို သို့လောသို့လောတွေ ပါလာတဲ့အတွက် အတိအကျဖြစ်စေဖို့ ကျွန်တော်တို့ တင်ပြထားတာ ရှိတယ်။ ကျွန်တော်တို့ကော်မရှင်က အစည်းအဝေးဆုံးဖြတ်ပြီးတော့ ပြင်ဖို့ တင်ပြထားတဲ့ အနေအထားရှိတယ်။

မေး - စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လိုအကူအညီတွေ ပေးထားတာရှိပါသလဲ။

 ဖြေ - အရပ်ဘက်အဖွဲ့အစည်းတစ်ခုကတော့ အနီးကပ်ကူညီပေးနေတာရှိတယ်။ အခြားအဖွဲ့တွေကလည်း လာပြီးတော့ အသေးစိတ်မဟုတ်တောင်မှ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းမှာ ကူညီပေးပါမယ်ဆိုပြီး တင်ပြထားတာ ရှိတယ်။ ခွင့်ပြုပါတယ်။ တရားဝင်လာခဲ့ပါ။ ဘာလုပ်ငန်းတွေ လုပ်ချင်သလဲ။ တချို့ကျတော့လည်း မဲဆန္ဒရှင် ပညာပေးလုပ်ငန်းကို ပန်းဖလက်လေးတွေ ဝေချင်တယ်။ တချို့ကျတော့ ပန်းခြံတွေ၊ ခန်းမတွေမှာ ပညာပေးချင်တယ် ပြောတယ်။ ကျွန်တော်တို့ကတော့ ပါတီအရောင်အသွေး ကင်းဝေးရမှာဖြစ်တဲ့အတွက် ပေးချင်တာတွေ၊ ပြောချင်တာတွေကို ကော်မရှင်ကို အရင်တင်ပြခိုင်းထားတယ်။ အရမ်းကာရော ခွင့်ပြုလိုက်လို့မရဘူး။ ကျွန်တော်တို့ အဖွဲ့ဝင်အားလုံးက နိုင်ငံရေးပါတီဝင် မပါဘူး။ ပညာပေးရင်းနဲ့ စည်းရုံးသွားတာမျိုးကိုတော့ အဖြစ်မခံနိုင်ဘူး။ အပြစ်ပြောတာ မဟုတ်ဘူး။ စွပ်စွဲတာ မဟုတ်ဘူး။ ကြိုတင်ပြီး စဉ်းစားထားတဲ့အချက်ဖြစ်တယ်။

မေး - နောက်ဆုံးတစ်ခုအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘာတွေများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ - စည်ပင်သာယာရွေးကောက်ပွဲကို ဆောင်ရွက်နေသော်လည်းပဲ ၂၀၁၄ ခုနှစ် စည်ပင်ရွေးကောက်ပွဲက ဒီလောက်အသေးစိတ်မပါဘူး။ တစ်အိမ်ထောင်တစ်ယောက်ပဲ မဲပေးပိုင်ခွင့်ရှိတယ်။ ပြည်သူလူထုကလည်း ဒီလောက်စိတ်ဝင်စားမှုမရှိဘူး။ အခုပြည်သူလူထုစိတ်ဝင်စားမှုက တအားများလာတယ်။ မဲပေးဖို့အတွက်ကို လုံးပန်းနေကြတယ်။ ဒီမိုကရေစီမှာ ကိုယ့်ဆန္ဒကိုရှိတဲ့အတိုင်း မဲပေးခွင့်ရမယ်။ မဲဆန္ဒရှင်တစ်ယောက်က မဲပေးတဲ့အခါ မဲရုံထဲမှာ မဲလေးမဲပေးရမယ်။ ဒီလောက်ကို မဲဆန္ဒရှင်တွေ သိထားရမယ်။ မဲမပေးခင် မဲစာရင်းတွေ သွားကြည့်တဲ့အခါမှာလည်း အိမ်ထောင်စုတစ်စုကို တစ်ယောက်လောက် သွားကြည့်ရင်ရတယ်။ ရပြီးတဲ့အခါတော့ သွားကြည့်လို့ ကိုယ့်နံပါတ်ပါပြီဆိုပြီး ပြန်မလာပါနဲ့။ မဲနံပါတ် ဘယ်လောက်လဲ။ မဲစာရင်းနံပါတ် ဘယ်လောက်လဲဆိုတာကို သေသေချာချာမှတ်ထားရမယ်။ မဲသွားပေးတဲ့ အချိန်မှာ မဲစာရင်းစစ်ဆေးတဲ့သူကို နံပါတ်ပြောပြီး မှန်တယ်ဆိုရင် တစ်ခါတည်းမဲပေးလိုက်ရင် အချိန်မကုန်တော့ဘူး။ နံပါတ်မသိလို့ လိုက်ရှာရင် အချိန်ကြာမယ်။ ဒါလေးတွေကိုတော့ မဲပေးတဲ့သူတွေကို သိစေချင်တယ်။ နံနက် ၆ နာရီ မဲပေးမယ်။ ညနေ ၄ နာရီ မဲပေးမယ်။ မဲပေးပြီးပြီ။ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေက ည ၉ နာရီ ၁၁ နာရီလောက်အထိ ဆက်လုပ်ရမယ့်အနေအထားရှိတယ်။ မဲရေတွက် ရမယ်။ ပယ်မဲတွေ ကြည့်ရမယ်။ မဲစာရင်းကို ပုံစံတွေနဲ့ ဖြည့်ရမယ်။ နောက်ဆုံး ပုံစံ ၁၆ ထွက်ဖို့ကို သူတို့က ထွက်ပြီးတော့ ပုံစံ ၁၆ မှာ အနိုင်ရတဲ့သူ ပါလာပြီ။ မဲရုံတစ်ရုံစီရဲ့ ရလဒ်ပေါ်လာရင် အသိသက်သေတွေ လက်မှတ်ထိုး၊ မဲရုံမှူးက ပိတ်သိမ်းပြီးရင် မြို့နယ်တွေကိုပို့ရမယ်။ မြို့နယ်ကလည်း ရပ်ကွက်တွေ ရပ်ကွက်တွေ၊ မဲရုံတွေက လာတာတွေကို စုစည်းပြီးတော့ တစ်မြို့နယ်လုံး ရရှိတဲ့ ရလဒ်ကို ပုံစံ ၁၉ နဲ့ဖော်ပြပြီးတော့ ကော်မရှင်ကို ပို့ပေးတဲ့အခါ ကော်မရှင်က ပြန်စစ်မယ်။ စစ်တဲ့အခါမှာ ကော်မရှင်က လုပ်ပေးရမယ့်ဟာ ရှိတယ်။ မဲဆန္ဒနယ် ခြောက်ခုရဲ့ရလဒ်ကို ဒီမှာပေါင်းမယ်။ အကုန်လုံးကြည့်ပြီးရင်ဘယ် သူကတော့ မဲဆန္ဒနယ်ဘယ်လောက်မှာ အနိုင်ရတယ်ဆိုတဲ့ ရလဒ်ကိုကြေညာပြီး ကိုယ်စားလှယ်အဖြစ် ကြေညာပေးမယ်။

 

Most Read

Most Recent