ဆိုးလ်ရှားကို ပထမဆုံးရှုံးပွဲတွေ့စေခဲ့တဲ့ PSG

ဆိုးလ်ရှားကို ပထမဆုံးရှုံးပွဲတွေ့စေခဲ့တဲ့ PSG
Photos: AFP
Photos: AFP
Published 13 February 2019

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပထမအကျော့ ပထမနေ့ပွဲစဉ်မှာတော့ မန်ယူအသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ပထမဆုံးရှုံးပွဲအဖြစ် PSG အသင်းကို (၀-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့မန်ယူအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ PSG အသင်းကိုကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပြီး PSG ရဲ့လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်က မန်ယူအသင်းကို ဒုက္ခပေးသွားတယ်လို့ပဲဆိုရပါမယ်။

ဆိုးလ်ရှားဟာ သူ့ရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံရနေတဲ့ လင်ဂတ်၊ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့ (၃) ဦးကိုတိုက်စစ်မှာ ပွဲထုတ်ခဲ့ပြီး ပေါ့ဘာ၊ ဟာရဲရား၊ မာတစ်တို့ရဲ့ကွင်းလယ်အားနဲ့အတူ PSG အသင်းကိုအတောင့်တင်းဆုံးစုဖွဲ့မှုနဲ့ ရင်ဆိုင်ခဲ့တာပါ။

PSG အသင်းကလည်း နေမာ၊ ကာဗာနီတို့မပါဝင်နိုင်တဲ့အတွက် ဘာပေကိုတိုက်စစ်မျှားဦးထားပြီး ဒရက်ဇ်လာ၊ ဒီမာရီယာတို့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ ရလဒ်ကောင်းဖို့ပြင်ဆင်လာခဲ့ပါတယ်။

ပွဲအစကတည်းက မန်ယူအသင်းအိမ်ကွင်းမှာ ကစားကွက်စီးဖို့ကြိုးစားခဲ့ပြီး PSG အသင်းကတော့ ပွဲအခြေအနေကိုကြည့်ကာ ထိန်းကစားခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ကစားကွက်ပိုင်းအရအသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးရဖို့နီးစပ်တဲ့ အခွင့်အရေးတွေကိုတော့ PSG က ရခဲ့တာပါ။ ပွဲချိန် (၂၇) မိနစ်မှာ ဒရက်ဇ်လာပေးတာကနေ ဘာပေ ဒီဟေးယားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ PSG နစ်နာခဲ့ရပါတယ်။

မန်ယူအသင်းကတော့ ပထမပိုင်းမှာ ကစားကွက်စီးနိုင်ခဲ့ပေမယ့် PSG အသင်းခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားရင်းနဲ့ပဲ အချိန်ကုန်သွားခဲ့တာပါ။

မန်ယူအသင်းအတွက်ထိုးနှက်ချက်ဖြစ်ခဲ့တာက အဓိကတိုက်စစ်ကစားသမား (၂) ဦးဖြစ်တဲ့ မာစီယဲလ်နဲ့ လင်ဂတ်တို့ကို ပထမပိုင်းပြီးဆုံးခါနီးနဲ့ ဒုတိယပိုင်းအစမှာ ဒဏ်ရာပြဿနာတွေကြောင့် လူစားလဲခဲ့ရတာပါ။

ဒါကြောင့် ဒုတိယပိုင်းမှာတော့ မန်ယူအသင်းကကစားအားဟာ သိသိသာသာကျဆင်းသွားခဲ့ပြီး တိုက်စစ်လမ်းကြောင်းတွေပုံဖော်ပေးနိုင်မှုကလည်း မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ PSG အသင်းအတွက် ပုံစံကောင်းပြခဲ့တာက မန်ယူကစားသမားဟောင်း ဒီမာရီယာလို့ဆိုရမှာဖြစ်ပြီး PSG အသင်းအတွက် အနိုင်ဂိုး (၂) ဂိုးစလုံးကို အကောင်းဆုံးဖန်တီးပေးခဲ့ပါတယ်။

PSG အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၅၃) မိနစ်မှာ ဒီမာရီယာရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူ ကင်ဘမ်ပေက မြေမကျပြေးပိတ်သွင်းယူခဲ့တာပါ။

PSG အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ် (၆၀) မှာ ဒီမာရီယာရဲ့ပေးပို့မှုကနေပဲ ဘာပေက အလိုက်သင့်ပြေးပိတ်သွင်းယူပေးခဲ့ပါတယ်။ 

ဂိုး (၂) ဂိုးရပြီးနောက်ပိုင်းမှာလည်း PSG အသင်းကစားအားမချခဲ့ဘဲ နောက်ထပ်ဂိုးတွေရဖို့ကြိုးပမ်းခဲ့သလို၊ ကစားကွက်ပိုင်းမှာလည်း မန်ယူအသင်းကို အသာစီးကစားနိုင်ခဲ့တာပါ။

မန်ယူအသင်းကတော့ PSG အသင်းခံစစ်ကိုထိုးဖောက်ဖို့ခက်နေခဲ့လို့ အဝေးကန်ချက်တွေကနေ ဂိုးရဖို့ကြိုးစားမှုတွေရှိခဲ့ပေမယ့် ဂိုးသမားဘူဖွန်ကိုတော့ အလုပ်မရှုပ်စေခဲ့ပါဘူး။

ပွဲချိန် (၈၉) မိနစ်မှာတော့ အဲလ်ဗတ်စ်ကို ကစားပုံကြမ်းတမ်းခဲ့တဲ့ မန်ယူကွင်းလယ်လူပေါ့ဘာ (၂) ၀ါ၊ (၁) နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ PSG အသင်းဟာ ပွဲကိုထိန်းကစားသွားခဲ့လို့ (၂-၀) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်ဖို့အတွက် အခြေအနေကောင်းတစ်ရပ်ကိုပိုင်ဆိုင်သွားခဲ့ပါတယ်။

အခြားပွဲစဉ်မှာတော့ ရိုးမားအသင်းက ပေါ်တိုအသင်းကို အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ရိုးမားအသင်းဟာ ပေါ်တိုအသင်းကိုခြေစွမ်းအသာစီးနဲ့ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်များစွာရရှိခဲ့ပေမယ့် ပေါ်တိုဂိုးသမား ကာဆီးလက်စ်လက်စွမ်းပြခဲ့လို့ ဂိုးစောစောရဖို့ရုန်းကန်ခဲ့ရပါတယ်။ 

ရိုးမားအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် မိနစ် (၇၀) နဲ့ (၇၆) မိနစ်မှာ လူငယ်ကစားသမား ဇာနီအိုလိုက သွင်းယူပေးခဲ့ပြီး၊ ပေါ်တိုအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၇၉) မိနစ်မှာ တိုက်စစ်မှူး အက်ဒရီယန်က သွင်းယူပေးခဲ့တာပါ။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့

မန်ယူ ၀-၂ PSG

ရိုးမား ၂-၁ ပေါ်တို

လိဂ်ချန်ပီယံရှစ်

ဘာမင်ဂမ် ၀-၁ ဘော်လ်တန်

ဟားလ်စီးတီး ၂-၂ ရော့သာဟမ်

ဘရစ္စတိုးလ်စီးတီး ၂-၁ QPR

မီဝေါလ် ၀-၀ ရှက်ဖီးဝင်းစ်ဒေး

ဝက်စ်ဘရွန်း ၂-၂ နော်တင်ဟမ်

 

Most Read

Most Recent