ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း  ကွန်တီ၏ရမှတ်စံချိန်ကို လိုက်မီရန် ခက်ခဲလိမ့်မည်ဟု အယ်လီဂရီသုံးသပ်

ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း  ကွန်တီ၏ရမှတ်စံချိန်ကို လိုက်မီရန် ခက်ခဲလိမ့်မည်ဟု အယ်လီဂရီသုံးသပ်
Photo : AFP
Photo : AFP
Published 12 February 2019

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက မိမိတို့အသင်းအနေဖြင့် လက်ရှိအချိန်တွင် ရှုံးပွဲမရှိသေးဘဲ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း နည်းပြဟောင်း ကွန်တီရယူနိုင်ခဲ့သည့် ရမှတ်စံချိန်ကို ချိုးဖျက်ရန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ကွန်တီကိုင်တွယ်ခဲ့သည့် ၂၀၁၃-၁၄ ရာ သီတွင် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် (၁၀၂)မှတ် ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ အယ်လီဂရီက စီးရီး အေပွဲစဉ် (၂၃)တွင် ဆာဆူအိုလိုအား (၃-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာမှ နာပိုလီအသင်းကို (၁၁) မှတ်အထိဖြတ်နိုင်ခဲ့ကာ ရမှတ် (၆၃) မှတ်အထိရယူထားနိုင်သော်လည်း  ကွန်တီ၏စံချိန်ကို လိုက်မီရန်အတွက်မူ ခက်ခဲလိမ့်မည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

အယ်လီဂရီက ''ဂျူဗင်တပ်စ်အသင်းနဲ့အတူ ကွန်တီရယူနိုင်ခဲ့တဲ့ စံချိန်က ချိုးဖျက်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဒုတိယနေရာက နာပိုလီကို (၁၁)မှတ်အထိ ဖြတ်နိုင်ခဲ့တာပါ။ လာမယ့်ပွဲစဉ်တွေမှာလည်း ပွဲတိုင်းကိုအာရုံစိုက်ပြီး ချန်ပီယံဆုရယူနိုင်ဖို့ ကြိုးစားသွားပါ မယ်''ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် လက်ကျန် (၁၅)ပွဲတွင် ရမှတ် (၄၀)ရယူနိုင်ပါက နည်းပြ အယ်လီဂရီအနေဖြင့် ကွန်တီ၏စံ ချိန်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။ 

Most Read

Most Recent