သရုပ်ဆောင်တေးသံရှင် ချစ်သုဝေနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် ချစ်သုဝေနှင့် တွေ့ဆုံခြင်း
Published 12 February 2019
လင်းလင်းခိုင်

ချစ်စဖွယ်အမြွှာရင်သွေးလေးများအား ပြုစုထိန်းသိမ်းကာ အားလပ်ချိန်များတွင်လည်း တတ်အားသရွေ့ အနုပညာလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသူ သရုပ်ဆောင်တေးသံရှင် ချစ်သုဝေ၏ ဒုတိယမြောက်တစ်ကိုယ်တော်အယ်လ်ဘမ် ‘ကတိ’ မှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထွက်ရှိတော့မည် ဖြစ်သည်။ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် ‘တိမ်တွေနေတဲ့အရပ်’ နှင့်ရှစ်နှစ်ကွာခြားပြီးမှ ထွက်ရှိလာသော အယ်လ်ဘမ်အသစ်ဖြစ်ကာ ယင်းအယ်လ်ဘမ်အတွက် အကောင်းဆုံး အားထုတ်ပြင်ဆင်ထားသူလည်း ဖြစ်သည်။ အယ်လ်ဘမ်မထွက်ရှိမီတွင် မီဒီယာများနှင့် အနုပညာရှင်များအားဖိတ်ကြားကာ Pre Listening Party ကို ရန်ကုန်မြို့ Hard Rock Café ၌ကျင်းပခဲ့ပြီး ခံစားမှုရသစုံသည့် တေးသီချင်းများအား မိတ်ဆက်သီဆိုပြခဲ့သူ တေးသံရှင်ချစ်သုဝေနှင့် တွေ့ဆုံ၍ တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ပြင်ဆင်ခဲ့ရမှုများ၊ ချစ်သူများနေ့တွင်ထွက်ရှိမည့် အယ်လ်ဘမ်နှင့်ပတ်သက်၍ ပရိသတ်များထံ အကြိုသတင်းစကားပါးလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ထရီဇာရဲ့ ‘ကတိ’ အယ်လ်ဘမ်လေးမထွက်ခင် Pre Listening ပါတီလေးလုပ်ဖြစ်တဲ့ စိတ်ကူးလေး အရင်ဆုံးပြောပြပေးပါဦး။

ဖြေ - ဒီအယ်လ်ဘမ်လေးက ချစ်သူများနေ့မှာထွက်မယ်။ အခွေထွက်မယ့်နေ့မှာ ပရိုမိုးရှင်းပွဲလည်းမလုပ်ဖြစ်တော့ စာနယ်ဇင်းတွေကို မိတ်ဆက်ပွဲလေးမှာ Pre Listening လေးအနေနဲ့ သီချင်းသစ်လေးတွေ ဆိုပြမယ်။ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ လုပ်မယ်ဆိုပြီး စီစဉ်ဖြစ်ခဲ့တာ။ အခုလို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားနဲ့ လုပ်နိုင်ခဲ့တာကလည်း ချစ်ရတဲ့ အနုပညာမောင်နှမတွေကြောင့်ပါပဲ။ အားလုံးက ထရီဇာကိုချစ်တဲ့ စိတ်နဲ့လာပေးကြတယ်။ သီချင်းလေးတွေ ဆိုပေးသွားကြတယ်။ Family Life လေးနဲ့ပဲ မွန်းကျပ်နေတဲ့ဘဝလေးမှာ အခုလိုလေး ပျော်ခွင့်ရတာအမှတ်တရပါပဲ။ ထရီဇာရဲ့ Second Mile Stone လေးဖြစ်တဲ့ ‘ကတိ’ ဆိုတဲ့ အယ်လ်ဘမ်လေး ထွက်လာရင်လည်း ပရိသတ်တွေကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။

မေး - ပထမခွေနဲ့က ရှစ်နှစ်တောင်ခြားသွားတော့ အခုအခွေထွက်လာတော့မယ့်အချိန်မှာ ဘယ်လိုခံစားရလဲ။

ဖြေ - ထရီဇာအတွက် ဒီအခွေလေးကမလွယ်ကူဘူး။ ကိုယ်က ကိုယ်ဝန်ရှိသွားပြီးတော့ သမီးလေး နှစ်ယောက်ကတစ်ပြိုင်နက်တည်း ကြီးပြင်းလာတဲ့အခါ ခက်ခဲပါတယ်။ ကတိ အယ်လ်ဘမ်လေးက ထရီဇာအတွက် တကယ်ကိုအမှတ်တရပဲ။ ပုဂံအက်ဖ်အမ်မှာ Live ဆိုတော့လည်း ကိုလင်းဆီကို Message တွေအများကြီးပို့ကြတယ်လို့ ပြောကြတယ်။

မေး - ဒီအခွေမှာ ကိုလင်းရဲ့ပံ့ပိုးပေးမှုတွေရော ဘယ်လောက်ပါလဲ။

ဖြေ - ပါတာပေါ့။ အဓိကတော့ ကိုလင်းပဲတစ်ခွေလုံးကို Music Arrangement တွေလုပ်တယ်။ ပြီးရင် ဒီအခွေအတွက် အသံသွားသွင်းတုန်းမှာ ဆရာမနဲ့ထားခဲ့တုန်း သမီးအကြီးလေးမျက်လုံးကို ဘောပင်နဲ့ထိခိုက်မိတုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို အရမ်းခံစားရတယ်။ လူရယ်လို့ဖြစ်လာရင် Carrier Life နဲ့ Family Life ကိုဘယ်လို Balance ဖြစ်အောင် တည်ဆောက်မလဲ။ Family Life အရေးကြီးတဲ့အချိန်မှာ ရှေ့တိုးနောက်ဆုတ်လေး ဘယ်လိုလုပ်မလဲဆိုတာကို ကိုလင်းရော၊ ဒီအယ်လ်ဘမ်လေးကပါ အများကြီးသင်ကြားပေးခဲ့တယ်။ ကိုလင်းရဲ့ အားပေးမှုတွေကြောင့်သာ ဒီကတိအယ်လ်ဘမ်ကို ဆက်လုပ်ဖြစ်ခဲ့တာ။ ထရီဇာက သီချင်းတွေကိုချစ်တာသိတော့ ကိုလင်းက ထရီဇာသီချင်းတွေကို ဆက်မလုပ်မှာစိုးရိမ်တယ်။ ဒါကြောင့် သူကအများကြီးအားပေးခဲ့တယ်။ အဲဒါကြောင့်လည်းဒီနေ့မှာ ကတိအယ်လ်ဘမ်လေးကို  Launch လုပ်နိုင်ခဲ့တာပါ။ သမီးလေးထိခိုက်မိတုန်းကတော့ မိခင်တစ်ယောက်ရဲ့စိတ်နဲ့ အပြစ်ရှိသလိုခံစားရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ခွန်အား ပြန်လည်တည်ဆောက်ပြီး ရှေ့ဆက်နိုင်ခဲ့တယ်။ အခုတော့ ထရီဇာအသားကျနေပါပြီ။ အလုပ်တွေပြေး လုပ်လိုက်၊ ကလေးနှစ်ယောက်ကို ထိန်းလိုက်နဲ့ပေါ့။

မေး - ချစ်သူများနေ့မှာ ထွက်ဖြစ်မယ်ဆိုတော့ ပိုပြီးအမှတ်တရဖြစ်မှာပေါ့။

ဖြေ - ထရီဇာချစ်တဲ့ သီချင်းတွေရယ်၊ ထရီဇာချစ်ရတဲ့ ပရိသတ်တွေရယ်၊ ထရီဇာချစ်ရတဲ့ အနုပညာသည်ဘဝလေးရယ် အားလုံးက ချစ်သူများနေ့မှာ ပေါင်းဆုံရင်သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပြီး အဲဒီနေ့လေးကို ရွေးချယ်ဖြစ်တာပါ။

မေး - ချစ်သူများနေ့မှာ ကိုလင်းဆီက အမှတ်တရအနေနဲ့ ဘာရဖို့ရှိမလဲ။

ဖြေ - ကိုလင်းဆီက ချစ်စာလွှာလေးတွေ ပရီမီယာကော်ဖီထုပ်တွေထဲမှာ ထည့်ထားပါတယ်။ အဲဒါတွေကိုပရိသတ်တွေက ကူညီရှာဖွေပေးနေပါတယ်။ အဲဒီစာလွှာမှာဘာတွေ ရေးထားတယ်ဆိုတာကို ပရိသတ်တွေနဲ့အတူ Live လွှင့်ပြီး အတူတူဖတ်ကြမယ်။ အဲဒီအတွက်လည်း ကိုလင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ထရီဇာ အခွေထွက်တဲ့နေ့မှာ ကိုလင်းရဲ့ချစ်စာလွှာလေးကို ပရိသတ်တွေနဲ့အတူတူဖတ်မှာပါ။

မေး - သမီးလေးတွေအတွက် သီချင်းလေးရော မထည့်ဖြစ်လိုက်ဘူးနော်။

ဖြေ - ဟုတ်တယ်။ ဒီအခွေမှာမပါဖြစ်လိုက်ဘူး။ ကိုလင်းကတော့ ရေးပေးမယ်လို့ပြောတယ်။ ကိုလင်းရေးပေးပြီဆိုရင် ထရီဇာ Single Song ဆိုပြီး သက်သက်ထွက်ဖို့ ရှိပါတယ်။

မေး - ဒီအခွေထဲမှာရော သီချင်းပုံစံတွေက ထရီဇာကြိုက်တဲ့ ဆိုနေကျပုံစံလေးတွေပဲ များမလား။

ဖြေ - ဟုတ်တယ်။ Generation Gap တွေက ကွာသွားပြီလေ။ အခုခေတ်က ဆယ်ကျော်သက်တွေက EDM တို့ ဘာတို့ကို တအားသဘောကျကြတယ်လေ။ ထရီဇာအခွေမှာ မြူးတဲ့ သီချင်းဆိုရင်ခရီးသည်၊ ငါ့စွန်၊ ကိုဝေလရေးပေးထားတဲ့ ဝေးဆိုတဲ့သီချင်း။ အဲဒါကလွဲရင် ကျန်တာတွေအားလုံးက အမျောလေးတွေချည်းပဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေဆိုရင် ဆယ်ကျော်သက်တွေအကြိုက်နဲ့တော့ သိပ်မတူတော့ဘူးလို့ ခံစားမိတယ်။ ပရိသတ်တွေကတော့ ထရီဇာ့အခွေသစ်နဲ့ပတ်သက်ပြီး ဝန်းရံကြမယ်လို့ယုံကြည်မှုရှိပါတယ်။

မေး - ဒီအခွေနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပြောချင်တဲ့စကားများရှိမလား။

ဖြေ - ဒီအခွေလေးကိုနားထောင်ပေးကြပါ။ Save the Date လို့ ချစ်သူများနေ့မှာ မတောင်းရက်ပါဘူး။ Save 45 Minutes ပါပဲ။ ဒီအခွေလေးနားထောင်ဖို့ ၄၅ မိနစ်လောက်အချိန်ပေးပြီး နားဆင်ပေးပါ။ ကတိ hashtag လေးခံပြီး ရေးသားပေးပို့လာမယ့် ပရိသတ်တွေဆီက စာသားလေးတွေကိုဖတ်ပြီး ပီတိလေးတွေရချင်ပါတယ်။ ဒီအခွေလေးကလေ ပျော်ရွှင်နေတဲ့သူတွေရော၊ အသည်းကွဲနေတဲ့သူတွေရော၊ ထရီဇာလို လှုပ်ရှားရုန်းကန်ရပြီး ကလေးတွေနဲ့ ဘဝမှာမွန်းကျပ်နေတဲ့ အမေတွေအဖေတွေရော အရမ်းနားထောင်လို့ကောင်းမယ့် သီချင်းလေးတွေပါပါတယ်။ အတိတ်ကိုခဏလေးပဲဖြစ်ဖြစ် သတိရသွားမယ်ဆိုရင် တင်ဆက်ရကျိုးနပ်ပါတယ်။ ဒါကြောင့်ချစ်သူများနေ့မှာလည်း အားလုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

မေး - လတ်တလောအနုပညာလှုပ်ရှားမှုလည်း ပြောပြပေးပါဦး။

ဖြေ - လတ်တလောက ကယားပြည်နယ်မှာ ရှိုးဆိုဖို့လေးရှိမယ်။ ချစ်သူများနေ့မှာ ကိုလင်းရဲ့ချစ်စာလွှာကို ပရိသတ်တွေနဲ့အတူဖတ်ဖို့ရှိတယ်။ ခေတ််သစ်ဖောင်ဒေးရှင်းရန်ပုံငွေအတွက် ခေတ်နဲ့သစ်တို့ကမ္ဘာဆိုတဲ့ ရုပ်သံအစီအစဉ်လေး ရိုက်ဖို့ရှိပါတယ်။                                                                 

Most Read

Most Recent