မန်ယူနှင့် ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ကာဗာနီ လွဲချော်မည်

မန်ယူနှင့် ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ကာဗာနီ လွဲချော်မည်
Published 11 February 2019

PSG အသင်းတိုက်စစ်မှူး ကာဗာနီသည် တင်ပါးဒဏ်ရာကြောင့် ဖေဖော်ဝါရီ ၁၂ ရက်တွင်ကစားမည့် မန်ယူအသင်းနှင့် ချန်ပီယံလိဂ်ပထမအကျော့ပွဲကို လွဲချော်မည်ဖြစ်ကြောင်း ကလပ်အသင်းမှ အတည်ပြုကြေညာခဲ့သည်။

ကာဗာနီသည် ဖေဖော်ဝါရီ ၉ ရက်ကကစားခဲ့သည့် ဘော်ဒိုးနှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူခဲ့သော်လည်း ဒဏ်ရာကြောင့် ပထမပိုင်းအပြီးတွင် ဘာပေနှင့် လူစားလဲခံခဲ့ရသည်။

ပြင်သစ်နေ့စဉ်ထုတ်အားကစားသတင်းစာ L'Equipe က အစောပိုင်းရေးသားခဲ့သည့်သတင်းတွင် ကာဗာနီမှာ ညာဘက်ပေါင်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့ပြီး PSG အသင်းမှ တရားဝင်ထုတ်ပြန်သည့်သတင်းတွင် ညာဘက်တင်ပါးဒဏ်ရာဟုသာ ရေးသားခဲ့ခြင်းဖြစ်သည်။

ကာဗာနီမှာ ယခုရာသီ ပြင်သစ်လိဂ်တွင် အသင်းအတွက် ၁၇ ဂိုး သွင်းယူထားပြီး ချန်ပီယံလိဂ်အတွက် ၂ ဂိုး သွင်းထားခဲ့သည်။

ချန်ပီယံလိဂ်ပွဲနှင့်ပတ်သက်ပြီး PSGအသင်းနည်းပြ တူဟယ်လ်က '' ဗာရက်တီ ကစားနိုင်နေပြီး ပါဝင်လာဖို့လည်းရှိပါတယ်။ အဓိကကစားသမားတွေကို လက်လွှတ်ထားရလို့ စိုးရိမ်မိပါတယ်။ ချန်ပီယံလိဂ်လို ပွဲကြီးပွဲကောင်းတွေအတွက် အတွေ့အကြုံများတဲ့ အမာခံကစားသမားတွေ အမှန်တကယ်လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

PSG အသင်းတွင် နေမာမှာလည်း ခြေဖဝါးဒဏ်ရာကြောင့် အနည်းဆုံး ဧပြီလအထိ အနားယူရဖွယ်ရှိနေသည်။

Most Read

Most Recent