မန်စီးတီးမှာ အသင်းတိုင်းစံနမူနာယူရမည့် အသင်းဖြစ်သည်ဟု ဆာရီ ချီးကျူး

မန်စီးတီးမှာ အသင်းတိုင်းစံနမူနာယူရမည့် အသင်းဖြစ်သည်ဟု ဆာရီ ချီးကျူး
Published 10 February 2019

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက မန်စီးတီးအသင်းမှာ အသင်းတိုင်းစံနမူနာယူရမည့် အသင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

အသက် (၆၀) နှစ်အရွယ်ရှိ အီတလီလူမျိုးဆာရီက ၄င်းအနေဖြင့် ချယ်လ်ဆီးအသင်းတွင် မန်စီးတီးအသင်းက ဂွါဒီယိုလာကို ပံ့ပိုးခဲ့သလိုမျိုး ကူညီမှုများရရှိရန် အလိုရှိနေပြီး အောင်မြင်မှုရအောင် စိတ်ရှည်ရှည်ဖြင့် စောင့်ရမည်ဟု ပြောကြားခဲ့သည်။

ဆာရီက '' အသင်းတစ်သင်းအနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ထိပ်တန်းကစားသမားတွေကို ဝယ်ယူနိုင်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အောင်မြင်မှုရဖို့ အသင်းကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်ရမှာပါ။ ဒီနှစ်လမ်းကလွဲပြီး အခြားလမ်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အလုပ်ကိုအကောင်းဆုံးကြိုးစားဖို့လိုပါတယ်။  လက်ရှိအချိန်မှာ ဇယားထိပ်ပိုင်းကအသင်းတွေနဲ့ အမှတ်ကွာဟမှု၊ ခြေစွမ်းကွာဟမှုတွေကို ကျွန်တော်တို့အနေနဲ့ လျော့ချနိုင်ဖို့လိုပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး အရမ်းခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ လုံးဝမလွယ်ကူသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် အတော်ခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့အလုပ်ကို ကြိုးစားဖို့လိုပါတယ်။ မန်စီးတီးအသင်းက အသင်းတိုင်းစံနမူနာယူသင့်တဲ့အသင်းဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဂွါဒီယိုလာအား နည်းပြအဖြစ်ခန့်အပ်ခဲ့သည့် ပထမဆုံးရာသီတွင် ဆုဖလားရယူနိုင်ခဲ့ခြင်းမရှိပေ။ သို့သော် မန်စီးတီးအသင်းသည် ဂွါဒီယိုလာ ခေါ်ယူလိုသည့်ကစားသမားများကို ငွေကြေးမြောက်မြားစွာ အသုံးပြုကာ ခေါ်ယူပေးခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာ၏ ဒုတိယမြောက်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်များစွာဖြင့် ဆွတ်ခူးနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း ချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးဖြစ်နေသည်။ 

ဆာရီက မန်စီးတီးအသင်းက ဂွါဒီယိုလာကို အခွင့်အရေးပေးသလို ချယ်လ်ဆီးအသင်းအနေဖြင့်လည်း မိမိအား အခွင့်အရေးပေးစေလိုသည့် သဘောဖြင့် အဆိုပါစကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။