အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ အဆင့် (၄) နေရာကိုတက်လှမ်းခဲ့တဲ့ မန်ယူ

အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ အဆင့် (၄) နေရာကိုတက်လှမ်းခဲ့တဲ့ မန်ယူ
Photos: Getty Images
Photos: Getty Images
Published 9 February 2019

■ ဖူလ်ဟမ် ၀-၃ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ မန်ယူအသင်းက (၃-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဆင့် (၄)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပြိုင်ဆိုင်မှုမှာ အဓိကပြိုင်ဘက် ချယ်လ်ဆီးအသင်း မန်စီးတီးအသင်းနဲ့ ပွဲကျပ်ကစားရမှာကို မန်ယူအသင်းအခွင့်အရေးယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အကောင်းဆုံးနည်းပြဆုကိုရရှိထားတဲ့ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်ကတော့ ချီးကျူးရမှာထက် ယုံကြည်ရမယ့်အနေအထားကိုရောက်နေပြီလို့့ဆိုရပါမယ်။

ကစားသမားတွေအပေါ် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးနိုင်မှု၊ ပွဲအပေါ်အာရုံစူးစိုက်နိုင်မှုတွေက တစ်ပွဲထက်တစ်ပွဲပိုသိသာလာခဲ့ပြီး ဒီနေ့ပွဲမှာလည်း မန်ယူအသင်းဟာ ဖူလ်ဟမ်အသင်းကို ကစားကွက်အသာစီးယူပြီး ဂိုးပြတ်နိုင်ပွဲဖန်တီးနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာဆိုးလ်ရှားဟာ ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်နဲ့ လင်ဂတ်ကိုအရန်ခုံမှာသာထားခဲ့ပြီး လူကာကူ၊ မာစီယဲလ်၊ ပေါ့ဘာတို့နဲ့အတူ တိုက်စစ်ကိုစုဖွဲ့ခဲ့ပါတယ်။

တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်အသင်းကလည်း အိမ်ကွင်းမှာ အမှတ်ရဖို့အတွက် ရှိုလာ၊ မီထရိုဗစ်၊ ဗီယက်တို၊ ဆီရီတို့နဲ့ ကစားကွက်ခင်းကျင်းခဲ့ပြီး မန်ယူအသင်းကိုတုံ့ပြန်ခဲ့တာပါ။

ပွဲအစပိုင်းတွေမှာ ဖူလ်ဟမ်အသင်းအနေနဲ့ မန်ယူအသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေတောင်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းတဖြည်းဖြည်းကစားကွက်တည်လာနိုင်ခဲ့ပြီး ပွဲချိန် (၁၄) မိနစ်မှာပဲ အဖွင့်ဂိုးရသွားခဲ့ပါတယ်။

ဒီဂိုးကိုတော့ မာစီယဲလ်ရဲ့ပေးပို့မှုကနေ ပေါ့ဘာကသွင်းယူပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးချိန်မှာ ဖူလ်ဟမ်အသင်းချေပဂိုးအတွက် တန်ပြန်တိုက်စစ်တွေကနေ ကြိုးစားခဲ့ပေမယ့် မန်ယူခံစစ်ပိုင်းနဲ့ ဂိုးသမားဒီဟေးယားတို့ကြောင့် အရာမထင်ခဲ့ပါဘူး။

မန်ယူအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၂၃) မိနစ်မှာ မာစီယဲလ်က တစ်ဦးတည်းအစွမ်းကျော်ဖြတ်ဆွဲပြေးပြီး ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာမာစီယဲလ်အတွက် မန်ယူအသင်းအနဲ့အတူ ပရီးမီးယားလိဂ်မှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၅၀)ဂိုး (၃၃ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီး) ပြည့်ခဲ့တာဖြစ်ပြီး သူ မန်ယူအသင်းမှာကစားစဉ်ကာလအတွင်း အခြားအသင်းဖော်အားလုံးထက်သာလွန်ခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၀) ဂိုးနိုင်နေတာကြောင့် ဒုတိယပိုင်းအစမှာတော့ မန်ယူအသင်းက ပွဲကိုထိန်းကစားခဲ့လို့ ပွဲကအနည်းငယ်အေးခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းကလည်း ချေပဂိုးအတွက်အပြောင်းအလဲတွေလုပ်ကာ ကြိုးစားခဲ့ပေမယ့် ဒီဟေးယားကိုတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

မန်ယူအသင်းအတွက် တတိယဂိုးကိုတော့ ပွဲချိန် (၆၅) မိနစ်မှာရရှိခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းရဲ့ဂိုးဧရိယာအတွင်း မာတာကိုကစားပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ပယ်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဒီပယ်နယ်တီကို ပေါ့ဘာကပဲ အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ပေါ့ဘာအတွက် ဆိုးလ်ရှားလက်အောက် ပရီးမီးယားလိဂ် (၉)ပွဲမှာ (၇) ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး အသင်းရဲ့စုစုပေါင်းသွင်းဂိုး (၂၁) ဂိုးထဲမှာ (၃၃%) အထိရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်ယူအသင်းကပဲ ပွဲကိိုထိန်းထိန်းသိမ်းသိမ်းကစားသွားခဲ့လို့ ဖူလ်ဟမ်အသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်စီးတီး - ချယ်လ်ဆီးပွဲစဉ်မတိုင်ခင်မှာ ဆိုးလ်ရှားရဲ့မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် (၄) နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

Most Read

Most Recent