စပါးတိုက်စစ်မှူး ဟာရီကိန်း စောစီးစွာ ဘောလုံးပြန်ကစားနိုင်မည်

စပါးတိုက်စစ်မှူး ဟာရီကိန်း စောစီးစွာ ဘောလုံးပြန်ကစားနိုင်မည်
Published 9 February 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်းတိုက်စစ်မှူး ဟာရီကိန်းမှာ ခြေချင်းဝတ်ဒဏ်ရာမှလျင်မြန်စွာ သက်သာလာသောကြောင့် မူလခန့်မှန်းထားသည်ထက် ပိုမိုစောစီးစွာ ဘောလုံးပြန်ကစားနိုင်မည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ(၈)ရက်က ပြုလုပ်ခဲ့သော လက်စတာနှင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပိုချက်တီနိုက ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းလည်းဖြစ်သည်။

'' သူ(ဟာရီကိန်း) ပြန်ကောင်းလာတာ မယုံနိုင်စရာပါပဲ။ သူ့ကို ကြည့်ရင် အသင့်အနေအထားရောက်ဖို့ နီးစပ်နေပြီဆိုတာ တွေ့မြင်ရမှာပါ။ ကျွန်တော်တို့လည်းပဲ အရှိတရားကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ သူ ပြန်လာဖို့ အလွန်နီးစပ်နေပြီလို့ ကျွန်တော်လည်း အဲဒီလို ယူဆပါတယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ပွဲတွေအတွက် မဟုတ်ပါဘူး။ အဲဒီနောက်မှာပေါ့''ဟု ပိုချက်တီနိုက Sky Sports ရုပ်သံတွင် ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ဇန်နဝါရီ ၁၃ ရက်က မန်ယူနှင့်ကစားခဲ့သည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး မူလက မတ်လတွင်မှ ဘောလုံးပြန်ကစားနိုင်မည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

သို့သော် သူ၏ဒဏ်ရာမှာ လျင်မြန်စွာသက်သာလာခြင်းကြောင့် ဖေဖော်ဝါရီ ၂၃ ရက်တွင်ကစားမည့် ဘန်လေနှင့်ပွဲ၌ ပြန်လည်ကစားနိုင်ဖွယ်ရှိသည်ဟု Sky Sports က ရေးသားခဲ့ပြီး အာဆင်နယ်၊ ချယ်လ်ဆီးတို့နှင့် ပရီးမီးယားလိဂ်ပွဲ၊ ဒေါ့မွန်နှင့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲများအတွက်လည်း အချိန်မီပြန်ကောင်းလာဖွယ်ရှိနေသည်။