စပိန်လာလီဂါပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 9 February 2019

ဂီတာဖေး နှင့် ဆယ်လ်တာဗီဂို (စနေညနေ ၆း၃၀ နာရီ)

ဆီဗီလာကိုအနိုင်ကစားနိုင်လိုက်ပေမယ့် ဆယ်လ်တာဗီဂိုကို အဝေးကွင်းမှာတော့ စိတ်ချထားလို့မရသေးဘူး။ အထူးသဖြင့် ဂီတာဖေးလို အိမ်ကွင်းကောင်းတဲ့အသင်းမျိုးကို ကျော်ဖြတ်ပြနိုင်ဖို့ဆိုတာ ဆယ်လ်တာဗီဂိုအတွက် ခက်ခဲနေဦးမှာ သေချာပါတယ်။ လက်ရှိဂီတာဖေးကလည်း ဟန်ချက်ညီနေတဲ့အသင်း ဖြစ်နေလို့ အိမ်ရှင်နဲ့ ဂိုးအနည်းပဲရွေးထားတယ်။

အက်သလက်တီကို နှင့် ရီးယဲလ်မက်ဒရစ် (စနေည ၉း၄၅ နာရီ)

တစ်ပွဲပြီးတစ်ပွဲ ခြေမှန်လာနေတဲ့အချိန်မှာ စပိန်ဘုရင့်ဖလားနဲ့ လာလီဂါမှာ ဘာစီလိုနာနဲ့ အက်သလက်တီကိုကို အဝေးကွင်းတွေမှာချည်းကစားရမယ့် ရီးယဲလ်မက်ဒရစ်အတွက်တော့  ဒီတစ်ပတ်ကစိန်ခေါ်မှုတွေမြင့်မားနေတဲ့ အချိန်ပါပဲ။ အခုအက်သလက်တီကိုနဲ့ ပွဲကလည်း အဆင့် (၂) နေရာကို လုကြရမယ့်ပွဲမျိုးလိုဖြစ်နေလို့ နှစ်သင်းစလုံးခြေကုန်ထုတ်ကြရမယ့်ပွဲဖြစ်နေတယ်။ ဒီလိုပွဲမျိုးမှာ အက်သလက်တီကိုက စပိန်ဘုရင့်ဖလားက ထွက်ထားရပြီဖြစ်လို့ အခုပွဲအတွက်ပြင်ဆင်ချိန်ပိုရထားတာတော့ အားသာမှုတစ်ခုလိုဖြစ်နေတယ်။ နောက်ပြီးရီးယဲလ်မက်ဒရစ်က ဒီပွဲပြီးရင်လည်း ချန်ပီယံလိဂ်မှာ အေဂျက်စ်နဲ့ကစားရဖို့ ရှိနေချိန်မှာ အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်လည်းကစားဖို့မလိုသေးလို့ ဒီပွဲကို အာရုံအပြည့်စိုက်ထားခွင့်ရပြန်တယ်။  ဒါကြောင့် ရီးယဲလ်မက်ဒရစ်အတွက်တော့ ဒီပွဲကအတော်လေးကို ခက်ခဲမယ့်ပွဲပါပဲ။ အက်သလက်တီကိုခံစစ်မှာ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် အိမ်ကွင်းမှာဆိုရင်တော့ အက်သလက်တီကိုရဲ့စွမ်းဆောင်ရည်က ကောင်းမွန်လွန်းနေတာအမှန်ပါပဲ။  ဒီပွဲက ရီးယဲလ်မက်ဒရစ်တိုက်စစ်နဲ့ အက်သလက်တီကို ခံစစ်အားပြိုင်မှုဖြစ်လာနိုင်ပြီး အိမ်ရှင်ကိုပဲ အကြိုက်တွေ့နေမိတယ်။

အက်စ်ပန်ညို နှင့် ဗယ်လက်ကာနို (စနေည ၁၂းဝ၀ နာရီ)

အက်စ်ပန်ညိုကတော့ လာလီဂါကိုပဲ အပြည့်အဝအာရုံစိုက်ခွင့်ရသွားပြီဖြစ်လို့ အိမ်ကွင်းမှာ ပိုအားစိုက်ကစားပြဖို့များနေတယ်။ ဗယ်လက်ကာနို ခြေပြန်တက်လာပေမယ့် ကစားအားမယှဉ်နိုင်လို့ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲကြိုက်တယ်။

ဟီရိုနာ နှင့် ဟူဆကာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဇယားအောက်ဆုံးက လွတ်အောင်ရုန်းနေပေမယ့် အိမ်ကွင်းနဲ့ အဝေးကွင်းကြားမှာ ဟူဆကာရဲ့ခြေစွမ်းက ကွာဟနေပါသေးတယ်။ နောက်ဆုံး (၉)ပွဲစလုံးနိုင်ပွဲပျောက်နေတဲ့ ဟီရိုနာ အခုအိမ်ကွင်းပွဲကတော့ နိုင်ပွဲပြန်ရဖို့ အခွင့်အရေးကောင်းပါပဲ။ ဟီရိုနာနဲ့ ဂိုးအများပဲကောင်းမယ်။

 



 

Most Read

Most Recent