နောက်ခံလူ ဖီးလ်ဂျုံးစ်အား ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်း စာချုပ်သစ်ချုပ်ဆို

နောက်ခံလူ ဖီးလ်ဂျုံးစ်အား ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်း စာချုပ်သစ်ချုပ်ဆို
Photos: Man Utd & Getty Images
Photos: Man Utd & Getty Images
Published 8 February 2019

မန်ယူအသင်းသည် အသင်း၏နောက်ခံလူ ဖီးလ်ဂျုံးစ်အား ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင် ရလဒ်များပြန်လည်ကောင်းမွန်လာပြီးနောက် အသင်းရှိ ကစားသမားများကို သက်တမ်းတိုးခြင်းပြုလုပ်နေပြီး ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဖီးလ်ဂျုံးစ်ကို (၄)နှစ်သက်တမ်းရှိစာချုပ်သစ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဖီးလ်ဂျုံးစ်အား စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက "ဖီးလ်ဂျုံးစ်က မန်ယူအသင်းအကြောင်းကိုကောင်းကောင်းနားလည်ပြီး၊ မန်ယူကစားသမားတစ်ယောက်ရဲ့ တာဝန်နဲ့ ခံယူချက်တွေကို ကောင်းကောင်းသိသူပါ။ သူဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေရယူနိုင်ခဲ့ပြီး အခုဆို အသင်းရဲ့ စီနီယာကစားသမားတောင် ဖြစ်နေပါပြီ" ဟု ပြောကြားခဲ့သည်။

ဖီးလ်ဂျုံးစ်ကလည်း မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်နိုင်သည့်အတွက် အလွန်ဝမ်းသာကြောင်းနှင့် စိန်ခေါ်မှုအသစ်များအတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။

ဖီးလ်ဂျုံးစ်က "အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော် ဒီအသင်းမှာ ကစားလာတာ (၈)နှစ်ရှိပါပြီ။ ဒါကြောင့် မန်ယူအသင်းဟာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသင်းနဲ့ ပတ်သက်တဲ့အရာတိုင်းကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ပြီးတော့ အနာဂတ်မှာ ရင်ဆိုင်တွေ့ရမယ့် စိန်ခေါ်မှုသစ်တွေအတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ကို တိုးတက်လာအောင် ကူညီပေးကြတဲ့ ဆိုးလ်ရှားနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်သည် ၂၀၁၁ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘလက်ဘန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၈)ပွဲတွင် (၅)ဂိုးသွင်းယူပေးထားသည်။

မန်ယူအသင်းသည် အသင်း၏ အဓိကကစားသမားများဖြစ်သည့် ဂိုးသမား ဒီဟေးယားနှင့် လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent