ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူပေးနိုင်မည်ဆိုပါက ကလော့ပ်အနေဖြင့် လီဗာပူးလ်အသင်း၏ ဂန္ထဝင်ဖြစ်လာမည်ဟု မားကပ်စ်ဘာဘယ်လ် ပြောကြား

ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူပေးနိုင်မည်ဆိုပါက ကလော့ပ်အနေဖြင့် လီဗာပူးလ်အသင်း၏ ဂန္ထဝင်ဖြစ်လာမည်ဟု မားကပ်စ်ဘာဘယ်လ် ပြောကြား
Photos: Getty Images & AS
Photos: Getty Images & AS
Published 8 February 2019

လီဗာပူးလ်နှင့် ဂျာမနီနောက်ခံလူဟောင်း မားကပ်စ်ဘာဘယ်လ်က ယာဂန်ကလော့ပ်အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့မည်ဆိုပါက လီဗာပူးလ်အသင်း၏ဂန္ထဝင်ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

 

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅-၁၆ ရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး လိဂ်ဖလား၊ ယူရိုပါလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့သည်။

ယင်းဗိုလ်လုပွဲများတွင် လီဗာပူးလ်အသင်းအနေဖြင့် ပြိုင်ဘက်များကိုရှုံးနိမ့်ပြီး ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသော်လည်း ကလော့ပ်၏ စွမ်းရည်ကို လီဗာပူးလ်ပရိသတ်များက အသိအမှတ်ပြုခဲ့ကြသည်။

မားကပ်စ်ဘာဘယ်လ်က ကလော့ပ်အနေဖြင့် လီဗာပူးလ်ပရိသတ်များမျှော်လင့်တောင်းတနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ ရယူပေးနိုင်ခဲ့မည်ဆိုပါက လီဗာပူးလ်အသင်း၏ ဂန္ထဝင်နည်းပြကြီးများဖြစ်သည့် ကင်နီဒဲလ်ဂလစ်ရှ်၊ ရှန်ကလေ၊ ဘော့ဘ်ပီစလေတို့ကဲ့သို့ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

မားကပ်စ်ဘာဘယ်လ်က "ကလော့ပ်က အရမ်းတော်တဲ့နည်းပြတစ်ဦးပါ။ သူဟာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းကို စိန်ခေါ်နေတဲ့သူလည်း ဖြစ်ပါတယ်။ ချန်ပီယံဆုအတွက်ကတော့ ဖိအားဆိုတာ အမြဲတမ်းရှိနေတာပါပဲ။ ဒါကို ကလော့ပ်အနေနဲ့ အကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တကယ်လို့ သူသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်မယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ သမိုင်းမှာ ဂန္ထဝင်နည်းပြတစ်ဦးဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းက အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်မစွဲနိုင်ခဲ့တာ အတော်ကြာပြီဖြစ်ပြီး ပရိသတ်တွေက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်နေကြပါတယ်"ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်ကအထိ ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းကို (၅)မှတ်ကာ ချန်ပီယံဆုကို ရယူရန်အခြေအနေကောင်းနေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် မန်စီးတီးအသင်းက လီဗာပူးလ်အသင်း (၆၂ မှတ်)ထက် တစ်ပွဲပိုကစားပြီး ရမှတ်တူ၊ ဂိုကွာခြားချက်အသာဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

Most Read

Most Recent