Other Account (OA) စာရင်းများနှင့် ပတ်သက်၍ စာရင်းသဘောအရ လက်ကျန်ပေါ်နေသော ငွေရပ်များအား မည်သို့ ဆောင်ရွက်သင့်သည်ကို ဆွေးနွေးသုံးသပ်လျက်ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

Other Account (OA) စာရင်းများနှင့် ပတ်သက်၍ စာရင်းသဘောအရ လက်ကျန်ပေါ်နေသော ငွေရပ်များအား မည်သို့ ဆောင်ရွက်သင့်သည်ကို ဆွေးနွေးသုံးသပ်လျက်ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 8 February 2019

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ဝင်ရောက်ပြီးဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏  Other Account (OA)  စာရင်းများနှင့် ပတ်သက်၍ စာရင်းသဘောအရ လက်ကျန်ပေါ်နေသော ငွေရပ်များကို မည်သို့ ဆောင်ရွက်သင့်သည်ကို နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေး သုံးသပ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။ 

ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သော  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင် မေးမြန်းသော မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အကြိုအဖွဲ့ဝင် (Candidate) အနေဖြင့် ဝင်ရောက်ခဲ့သည့် Extractive Indusstries Transparency Initiative (EITI) ဆိုသည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတ တူးဖော်ခြင်းမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအစဉ်များ မည်သို့ဆောင်ရွက်ထားကြောင်း မေးခွန်းကို ဒုဝန်ကြီးက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှ ရရှိတဲ့ နိုင်ငံတော်ရဲ့ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြလျက်ရှိပါကြောင်းနဲ့ ထိုဝင်ငွေများသည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ဝင်ရောက်ပြီးဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ Other Account (OA)  စာရင်းများနဲ့ ပတ်သက်၍ စာရင်းသဘောအရ လက်ကျန်ပေါ်နေသော ငွေရပ်များကို မည်သို့ဆက်လက် ဆောင်ရွက်သင့်သည်ကို နိုင်ငံတော် စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေးသုံးသပ်လျက် ရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်များကို ဖြေကြားအပ်ပါတယ်” ဟု ဦးမောင်မောင်ဝင်း က ပြောကြားသည်။ 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ EITI အဖွဲ့သို့ ဝင်ရောက်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် အဖွဲ့ဝင်လောင်းနိုင်ငံ တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍနှင့် အခြားသတ္တုကဏ္ဍမှ အခွန်ရငွေများကို စာရင်းတိုက်ဆိုင် စစ်ဆေးထားသော မြန်မာနိုင်ငံ EITI ၏ ပထမအကြိမ် အစီရင်ခံစာကို နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းနိုင်ခဲ့ကြောင်းနှင့် EITI ပထမအကြိမ် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ 

ထို့ပြင် မေးခွန်းရှင် ဒေါ်သက်သက်ခိုင် က ဆက်စပ်မေးခွန်းအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံပိုင်စီးပွားရေး၊ လုပ်ငန်းတစ်ခုချင်းစီ၏ အခြားစာရင်း Other Account များမှ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းသည့် အဝင်အထွက်စာရင်း အသေးစိတ်အား နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ထုတ်ဝေသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြပေးနိုင်ခြင်းရှိ မရှိနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ အခြားစာရင်း OA တွင် နောက်ဆုံး ကျန်ရှိနေသည့် စာရင်းများကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ လက်ကျန်ရှင်းတမ်း အပါအဝင် ဘဏ္ဍာရေးရှင်းတမ်းများအား အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့သည်။ 

အဆိုပါ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက” SEE စုစုပေါင်းဆိုရင် အခု ကျွန်တော်တို့ ယခင်က ၄၀  ကျော်ရှိခဲ့ပေမယ့် ယခု ၃၀ ကျော် ရှိပါတယ်။ ၃၀ ကျော်မှာ အားလုံး OA စာရင်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ ဘတ်ဂျက်ကို တင်တဲ့အချိန်မှာ OA စာရင်းများ အပါအဝင် ကျွန်တော်တို့က ငယ်စာရင်းလို့ခေါ်တဲ့ဌာန တစ်ခုချင်းအလိုက် လုပ်ငန်းတစ်ခုချင်းအလိုက် ဒီဝင်မယ့် ထွက်မယ့်စာရင်းတွေကို လွှတ်တော်ကို တင်ပြပါတယ်။ တင်ပြပြီးတော့ ဘတ်ဂျက် ကောင်အထည်ဖော်ပါတယ်။ ဖော်တဲ့အခါမှာ SEE များရဲ့ လုပ်ငန်းသဘော သဘာဝအရ တစ်နှစ်ပတ်လုံး နေ့စဉ်နဲ့အမျှ ဝင်တာ ထွက်တာတွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ နှစ်ပတ်လည် အစီရင်ခံစာမှာ အသေးစိတ်စာရင်းများ အားလုံးကို ဒါကိုထည့်သွင်း အစီရင်ခံရမယ်ဆိုရင် ဒီအစီရင်ခံစာက အကြီးကြီးဖြစ်သွားမယ့် အနေအထား ဖြစ်ပါတယ်။ နှစ်ပတ်လည် အစီခံစာကျရင်တော့ အဖွဲ့အစည်းတစ်ခုချင်းအလိုက် အနှစ်ချုပ်စာရင်းများ ဒါကိုတော့ ယာယီအမှန်စာရင်း ဆိုတာရှိပါတယ်။ ရှေ့ပြေး အမှန်စာရင်းဆိုတာ ရှိပါတယ်။ နောက်ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးပြီးတဲ့အခါမှာ အမှန်စာရင်းဆိုတာ ရှိပါတယ်။ အဲ့ဒီအမှန်စာရင်းမှာတော့ နှစ်ချုပ်စာရင်း အတိုင်းအတာနဲ့ ညီမျှတဲ့ အစီရင်ခံလျက် ရှိပါတယ်။ မြန်မာ့စီးပွားရေး ဘဏ္ဍာရဲ့ ဘဏ္ဍာရေးရှင်းတမ်းများ ဒါကတော့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဘဏ္ဍာရေးရှင်းတမ်းများကို နှစ်ကုန်တဲ့အခါ မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစီရင်ခံ တင်ပြရပါတယ်။ ဒီနေရာမှာ OA လက်ကျန်များလည်း အပါအဝင်ဖြစ်ပါတယ်။ OA လက်ကျန်များအပြင် ဘဏ္ဍာရေး ရှင်းတမ်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent