ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ကို ကြိုကစားတဲ့ပွဲမှာတော့ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး တစ်ပွဲပို၊ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းလာခဲ့ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ (၆၂)မှတ်စီတူညီသွားပြီး မန်စီးတီးအသင်းက ဂိုးကွာခြားချက်(+၄၈)နဲ့ လီဗာပူးလ်အသင်းက (+၄၁)စီ ရှိနေတာဖြစ်ပါတယ်။
အခုပွဲဟာ ဖေဖော်ဝါရီ(၂၄)ရက်မှာ ချယ်လ်ဆီး-မန်စီးတီးတို့ကစားမယ့် လိဂ်ဖလားဗိုလ်လုပွဲကြောင့် ပွဲဆက်များနေတဲ့ မန်စီးတီးအသင်း ကြိုကစားခဲ့တာပါ။
မန်စီးတီးအတွက် ဒီနိုင်ပွဲကတော့ ၂၀၁၈၊ ဒီဇင်ဘာ(၁၅)ရက်နောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိစေတာပဲဖြစ်တယ်။
မန်စီးတီးအသင်းရဲ့ပထမဂိုးကို နောက်ခံလူ လာပေါ့တ်က ဒေးဗစ်ဆေးလ်ဗား ကန်တင်ပေးတဲ့ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းခဲ့ပါတယ်။
မန်စီးတီးအဖို့ ပထမဆုံး ဂိုးပေါက်ခြိမ်းခြောက်မှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုရာသီမှာ အဲဒီပုံစံမျိုးနဲ့ဂိုးသွင်းမှုက (၁၅)ဂိုးရှိကာ အနီးကပ်ဆုံးအသင်းထက် (၆)ဂိုးသာနေပါတယ်။
ဒုတိယဂိုးကိုတော့ လူစားဝင်လာတဲ့ ဂျေးဆူက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အဲဗာတန်ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့အနေအထားကနေ ပထမကန်ချက်က ထိပြီးကန်ထွက်လာတာကို ထပ်မံ ခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။