ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးနှင့် တွေ့ဆုံခြင်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးနှင့် တွေ့ဆုံခြင်း
Published 6 February 2019
ရွှန်းလဲ့ဝင်း

စက်သုံးဆီ စျေးကွက်အတွင်း Yangon Petrol ကုမ္ပဏီအား စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချရန် နိုင်ငံပိုင်မြေနေရာ ချထားပေးမှုများနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများကြား အငြင်းပွားမှု၊ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ထွက်ပေါ်နေသည့် သတင်းများအရ Yangon Petrol ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင်း ဆီဆိုင်လုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ မြေကွက် ၂၆ ကွက် တင်ပြတောင်းခံမှုများ ရှိခဲ့ပြီး ပျမ်းမျှ တစ်ပေပတ်လည် အနိမ့်ဆုံး နှစ်ထောင်ကျပ်ဖြင့် မြေနေရာများ ရယူရန် အဆိုပြုခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အဆိုပြုချက်များအရ စုစုပေါင်းမြေနေရာ ၂၆ နေရာအတွက် ၃၇ ဧကခန့်အား အဆိုပြုစျေးနှုန်းအတိုင်း သတ်မှတ်ချထားပေးခဲ့မည်ဆိုပါက ခန့်မှန်းတွက်ချက်မှုများအရ ပြည်သူ့ဘဏ္ဍာငွေ ကျပ်ဘီလျံရာချီ ဆုံးရှုံးနိုင်မည်ဟု ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။ ယင်းပြင် Yangon Petrol ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များသည် အခြားဆီဆိုင် လုပ်ငန်းများ၏ ဒါရိုက်တာအဖွဲ့ဝင်အချို့အဖြစ် ပါဝင်နေမှုများသည်လည်း ပြည်သူများအကြား ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းပြင် အခြားဆီဆိုင် လုပ်ငန်းရှင်များ အနေဖြင့်လည်း ယခုကဲ့သို့ စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် အစိုးရထံမှ မြေနေရာများအား သက်သာသည့် စျေးနှုန်းဖြင့် ရရှိခဲ့မည်ဆိုလျှင် Yangon Petrol ထက်ပင် စျေးနှုန်းလျှော့ချ ဖြန့်ဖြူးပေးနိုင်မည် ဆိုသည့် အသံများလည်း ထွက်ပေါ်နေရာ စျေးကွက်အတွင်း ယှဉ်ပြိုင်မှု ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းများအရ မေးခွန်းထုတ်စရာများ ရှိနေခဲ့သည်။ ယခုကဲ့သို့ Yangon Petrol ဆီဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ပြီးနောက် စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်း လျှော့ချပေးနိုင်ခြင်း၊ စျေးကွက် အခြေအနေကို အမှန်တကယ် ထိန်းချုပ်နိုင်ခြင်း၊ စက်သုံးဆီစျေးနှုန်း တည်ငြိမ်သည့် အခြေအနေမျိုးအား ပြည်သူများ လက်တွေ့ ခံစားရရှိနိုင်မည်ကို မည်သူက တာဝန်ယူ၊ တာဝန်ခံပေးနိုင်မည်နည်း စသည့်အချက်များနှင့် ပတ်သက်၍ The Daily Eleven  သတင်းစာက NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည် ဖော်ပြအပ်ပါသည်။

“အကယ်၍ အစိုးရတစ်ရပ် ပြောင်းသွားမယ်။ အခြားနိုင်ငံရေးပါတီ တစ်ခု အာဏာရသွားမယ် ဆိုခဲ့ရင်တော့ YP ရဲ့မူဝါဒဟာ ပြောင်းလဲနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်”

မေး -  Yangon Petrol ဆီဆိုင်အတွက် နိုင်ငံပိုင်မြေတွေကို တစ်ပေ ပတ်လည် အနိမ့်ဆုံး နှစ်ထောင်ကျပ်နဲ့ ချထားပေးပြီး လုပ်ကိုင်ခွင့်ပြုခဲ့တာဟာ ယှဉ်ပြိုင်မှုအရ မျှတမှုမရှိဘူး။ မြေကွက် ၂၆ ကွက်လုံးကို ဒီစျေးနဲ့ရောင်းချပြီး လုပ်ပိုင်ခွင့် ပေးခဲ့မယ်ဆိုရင် ပြည်သူပိုင် ဘဏ္ဍာငွေတွေ ဘီလျံရာနှင့်ချီ ဆုံးရှုံးနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်ခဲ့တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ထင်မြင်မိပါသလား။

ဖြေ - ကျွန်တော့်အနေနဲ့  တစ်ပေ ပတ်လည်ကို ဘယ်လောက်နှုန်းနဲ့ ရောင်းတယ်၊ ဘယ်လောက် အကျယ် ရောင်းတယ်ဆိုတာတော့  အတိအကျတော့ မသိဘူးပေါ့နော်။ မသိဘူး ဆိုပေမယ့် ဥပဒေဘောင်အတွင်းက မြင်တဲ့ ကျွန်တော့်ရဲ့အမြင်ကို ပြောပြပါမယ်။ ပြည်ထောင်စုအစိုးရပဲ ဖြစ်ဖြစ်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့  စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေယာတွေ ရှိပါတယ်။ အဲဒီအတွက်ကို အစိုးရအဖွဲ့အနေနဲ့ အခုလိုမျိုး ချပေးတာမျိုးတွေ လုပ်ပေးလို့ လုပ်ပေးပိုင်ခွင့် ရှိပါတယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံတယ် ဆိုတဲ့နေရာမှာ ကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံမယ် ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ဖြစ်ဆိုတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရပေါ့နော်။ တချို့ ဟာတွေမှာ Incentive သူတို့ပေးရတာ ရှိပါတယ်။ Incentive  ပေးတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ ပေးရတယ်ဆိုတဲ့ အခါကျတော့ အစိုးရအနေနဲ့ လုပ်ချင်တဲ့ လုပ်ငန်းမျိုးတွေ ရင်းနှီးမြှုပ်နှံမှု အသားပေးချင်တဲ့ တစ်ခုခုပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆီစျေးကို ကျဆင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့လုပ်တယ်ပေါ့နော်။ အဲဒီလိုမျိုး လုပ်တာတွေက လုပ်ပိုင်ခွင့် ရှိတယ်ခင်ဗျ။ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့နေရာမှာ တော်တော်များများ သိထားကြတာက တင်ဒါစနစ်ကိုပဲ သဘောပေါက်ထားကြတာပေါ့နော်။ ဒီလုပ်ငန်းမျိုးကြတော့ Tender Type ထဲမှာ မဝင်ဘူးဗျ။ Tender Type ထဲမှာ မဝင်ဘူးဆိုတဲ့ အခါကြတော့ ကျွန်တော်တို့ ဒီစီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု ဆိုလို့ရှိရင် အလုပ်တစ်ခုခု၊ စီမံကိန်း တစ်ခုအတွက် တင်ဒါခေါ်ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ စနစ်မျိုးရှိသလို ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊  နိုင်ငံခြားကလာတဲ့ ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ကုမ္ပဏီတွေပဲ ဖြစ်ဖြစ် အစိုးရဆီကို Proposal Type မျိုးနဲ့ တင်လို့ ရပါတယ်။ အစိုးရဆီကို ဆိုတဲ့နေရာမှာ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရတွေအထိကို ကျွန်တော်တို့က ို Proposal Type ဆိုတဲ့ ပုံစံမျိုးနဲ့ တင်လို့ရပါတယ်။ ဒီအမျိုးအစားကတော့ ကျွန်တော် ထင်တယ်ပေါ့နော်။ YP ဆိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုတဲ့ဟာကတော့ အဲဒီလို Proposal ဆိုတဲ့ပုံစံမျိုး ဖြစ်ဖို့များပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရည်ရွယ်ချက်က ဆီစျေးနှုန်းကို ကျဆင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ညှိနှိုင်းပြီးတော့ ဆောင်ရွက်တယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး - ပြည်သူတွေကို စျေးသက်သက်သာသာနဲ့ စက်သုံးဆီ ဝယ်ယူခွင့်ရဖို့အတွက် Yangon Petrol ဆီဆိုင်တွေကို ဖွင့်လှစ်ခွင့် ပေးတယ်ဆိုပေမယ့် YP ဆီဆိုင်မှာ ပါဝင်နေတဲ့ ဒါရိုက်တာအချို့က အခြားဆီဆိုင်လုပ်ငန်း လုပ်ကိုင်နေတဲ့ စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေ ဖြစ်နေတာကြောင့် ယှဉ်ပြိုင်မှုသဘောအရ တရားမျှတမှု ရှိပါ့မလား။

ဖြေ - ဒါရိုက်တာအဖွဲ့ကတော့ပေါ့နော်။  အခြားကုမ္ပဏီတစ်ခုမှာ ရှိပြီးသား ဒါရိုက်တာအဖွဲ့တွေက ဒီ YP မှာပါတယ် ဆိုတာ သိပ်တော့ အထူးအဆန်းကြီး မဟုတ်ဘူးခင်ဗျ။ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်း ဥပဒေအရဆိုရင် ဒါရိုက်တာအဖွဲ့ဝင်တွေက ကုမ္ပဏီနှစ်ခု၊ သုံးခုမှာ ပါခွင့် ရှိတယ်လေ။ ဒါကတော့ ဥပဒေရဲ့ အတွင်းပိုင်းမှာ ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော် သိသလောက် ဒီစျေးကွက်ပေါ့နော်။ စက်သုံးဆီ ဆိုတဲ့နေရာမှာ  ဓာတ်ဆီ ပါမယ်၊ ကားအင်ဂျင်ဝိုင်တွေ စသဖြင့်ပေါ့။ အဲဒါတွေ အကုန်ပါမယ်။ အားလုံးက တကယ်တမ်း မြန်မာနိုင်ငံအတွင်းကို Import လုပ်နေတယ် ဆိုတဲ့ကုမ္ပဏီက လက်ငါးချောင်း မကျော်လောက်ဘူးဗျ။ သူတို့အချင်းချင်းမှာ ပြိုင်ဆိုင်မှုက ပြင်းထန်မှု သိပ်မရှိဘူးဗျ။ ဆိုလိုချင်တာက မြန်မာနိုင်ငံရဲ့ စက်သုံးဆီစျေးကွက်ကို တကယ်တမ်းပြောမယ်ဆိုရင် ကျွန်တော်က တောင်အမေရိကမှာ သုံးတဲ့စကားလုံးလို Cartel သဘောပါပဲ။ Cartel ဆိုတာ  ကုမ္ပဏီတွေအချင်းချင်း ဘယ်လိုခေါ်မလဲ ချိတ်ဆက်ပြီးတော့ စျေးကွက်ကို ထိန်းညှိပြီးတော့ သွားတယ်ဆိုတဲ့ အနေအထားမျိုး။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီစျေးကွက်ကို ကျွန်တော် မြင်ထားတယ်။ မြင်ထားတဲ့အတွက် ဆရာမ ပြောတဲ့ဥစ္စာမှာ ဒီလူတွေ ဒီမှာပါနေတယ်။ ကျန်တဲ့လူတွေက မကျေနပ်တာတို့ ရှိကောင်း ရှိနိုင်တာပေါ့နော်။ တခြားလူတွေ ပါလည်း သိပ်တော့ မထူးပါဘူး။ ဒီလိုပဲ မြင်မှာပဲလို့ ကျွန်တော် ထင်ပါတယ်။ နောက်တစ်ခုက ဒီလို စီးပွားရေးလုပ်ငန်းကို လုပ်တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ Business Model  ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ပေးလဲဆိုတဲ့ဥစ္စာ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုပါတယ်။  ဒီ YP စက်သုံးဆီ အရောင်းဆိုင်တွေကို လုပ်ဖို့ကိစ္စကိုကျတော့ ကျွန်တော် သိထားသလောက် ပြောပြမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ဆီစျေးတွေ မြင့်တက်တဲ့အချိန်မှာ ဆွဲချဖို့အတွက်ကို ကြိုးစားတယ်။ လက်လီရောင်းနေတဲ့ လူတွေကို သူကနေပြီး ဆီစျေးကို ချပေးပါလို့ ပြောတယ်။ ချပေးပါလို့ ပြောတဲ့အခါမှာ တကယ်တမ်း ပြောမယ်ဆို ဒါစျေးကွက် သဘောတရားအရ ဆိုရင် စျေးကွက်အပေါ် သက်ရောက်မှုဆိုတာ သိပ်မရှိနိုင်ဘူး။ ဒီနေရာမှာ ရာဇဝင်လေးနဲ့ ရှင်းပြချင်တယ်။ ၂၀၁၈ ပထမ ခြောက်လပိုင်းမှာပေါ့နော်။ ဆီစျေး ထောင်တက်သွားတဲ့အခါမှာ ကမ္ဘာနိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် တစ်ကမ္ဘာလုံးက ဆီစျေးကြီးတဲ့ဒဏ်ကို အဲဒီကာလမှာ လှိမ့်ခံရတဲ့ ကာလဖြစ်တယ်။ ကျွန်တော်တို့နဲ့ ဆိုးဆိုးဝါးဝါးခံရတဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ အဲဒီကာလမှာ ဖြစ်တဲ့ အနေအထားဖြစ်တယ်။ ဒါကို အစိုးရတွေက ဘယ်လိုကိုင်တွယ်လဲ ဆိုတဲ့နေရာမှာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်တိုင်းဒေသကြီး အစိုးရလို့ ပြောရတာကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပမာဏနဲ့ စီးပွားရေလုပ်ငန်းပမာဏပေါ် မူတည်ပြီးတော့ စက်သုံးဆီ သုံးစွဲမှုကလည်း ပိုများလာတယ်။ စိုးရိမ်ပြီးတော့ သူက ကုန်စည်စီးဆင်းမှုအတွက် အစစအရာရာပေါ့နော် ဖြစ်အောင် ဆီစျေးကို ကျစေချင်တဲ့ ဆန္ဒရှိခဲ့တာ သူ့ဖြေရှင်းပုံ ဖြေရှင်းနည်းက စေတနာတော့ပါတယ်။ လက်တွေ့မှာ ကျွန်တော် ထင်တယ်၊ ခင်ဗျားဆီကို လျှော့ရောင်းဗျာလို့ ပြောတဲ့ကိစ္စက လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်တမ်း စျေးကွက်ထဲမှာကျတော့ ဒီကိစ္စ စိတ်ကူးစိတ်သန်း တစ်ခုလောက် ဖြစ်သွားနိုင်တယ်။ အဲဒီမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြံအစည်တစ်ခု ဖြစ်တယ်။ အဲဒီတုန်းကလည်း ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ဖွင့်ပြောခဲ့တာတွေ ရှိတယ်။ ဆီစျေးကျအောင် လုပ်မယ်ဆိုတဲ့ဥစ္စာ။ အဲဒီလို ဆီစျေးကျအောင် လုပ်မယ်ဆိုတဲ့အပေါ်မှာ အခု YP  ဆိုပြီး ဖြစ်လာတယ်ပေါ့ဗျာ။ အခု YP ဆိုပြီး ဖြစ်လာတဲ့ စီးပွားရေး Model ကို ကျွန်တော်က သုံးသပ်တဲ့အခါမှာ ဘယ်လိုသွားမြင်လဲ ဆိုတော့ တကယ်တမ်းပြောရင် အဲဒီမြေယာတွေ အကုန်လုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေပြီးတော့ အရင်းအနှီးပုံစံမျိုးနဲ့ ထည့်ဝင်လိုက်တာ။ ထည့်ဝင်လိုက်တဲ့အတွက် ဒီမြေစျေးကလည်း ခုနပြောသလို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးမှာ။ သဘောက Incentive  ပေးမှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ဒီမြေကိုပဲ ပေးလိုက်ပြီးတော့ YP ဆိုပြီး ဖြစ်လာလို့ရှိရင် သူကနေပြီးတော့ Golden Share ကို မျှော်လင့်ထားတယ်။ Golden Share ဆိုတာက အဲဒီမှာရှိတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပုံမှန် သွင်းနေရမယ်။ Net Profit ရဲ့ ၂၀ ရာခိုင်နှုန်းကို သူက အစိုးရကို သွင်းရမယ်။ အဲဒီအချိန်မှာ Golden Share  အပြင်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နေပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဒါရိုက်တာအဖွဲ့က သူတို့ရဲ့စျေးနှုန်းကို ထိန်းချုပ်ဖို့အတွက်ကို သူတို့ရဲ Mechanism ပေါ့နော်။ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း စာချုပ်ထဲမှာ ချုပ်ဆိုထားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါ ကျွန်တော် ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အချိန် ဝန်ကြီးချုပ်ပြောတဲ့ လေသံကို ကျွန်တော် နားထောင်ကြည့်ပြီးတော့ပေါ့နော်။ အကဲဖြတ်တာပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီ YP က စျေးဟာ လျှော့ပြီး ရောင်းလိမ့်မယ်။ လျှော့ရောင်းတဲ့အတွက် ယှဉ်ပြိုင်မှုဥပဒေအရ ပြောမယ်ဆိုရင် တခြားကုမ္ပဏီတွေ အတွက်ကတော့ ထိခိုက်နိုင်စရာ ရှိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် စောစောကပြောပြီးပြီ။ ကျွန်တော်တို့ရဲ့ စက်သုံးဆီစျေးကွက် ဆိုတာ တကယ်တမ်းပြောရရင်က လူငါးယောက် မပြည့်ဘူးဗျ။ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ စက်သုံးဆီ မျိုးစုံဖြန့်ချိနေတဲ့ ကုမ္ပဏီကြီးတွေက။ ခုနပြောသလို ပြိုင်ဆိုင်မှုက ပြင်းပြင်းထန်ထန်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ ယှဉ်ပြိုင်မှုပုံစံမျိုးနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ လုပ်တဲ့အရာက မကောင်းဘူး၊ ကောင်းတယ် တည့်တည့်ပြောပါဆိုလို့ ရှိရင် NLD အစိုးရရှိနေသရွေ့ YP နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ဆီစျေးဟာ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်လို့ရတဲ့ အနေအထားမျိုး ရှိနေတယ်။ အကယ်၍ အစိုးရတစ်ရပ် ပြောင်းသွားမယ်။ အခြားနိုင်ငံရေးပါတီ တစ်ခု အာဏာရသွားမယ် ဆိုခဲ့ရင်တော့ YP ရဲ့ မူဝါဒဟာ ပြောင်းလဲနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်။ ဆိုတဲ့အခါကျတော့ အခုဒီ  Business Model ပုံစံကို မြင်အောင် ကြည့်ရလိမ့်မယ်။ အစိုးရကနေပြီးတော့ မြေကြီးကို Incentive ပေးလိုက်တဲ့ သဘောပေါ့နော်။ အဲဒီကနေပြီးတော့ Golden Share ၂၀ ရာခိုင်နှုန်းဟာ ပုံမှန်ရနေတာ ဖြစ်တဲ့အပြင်ကို ကျွန်တော်တို့ ဒီစျေးနှုန်း ထိန်းချုပ်ခွင့်ကိုလည်း စာချုပ်နဲ့ သူကိုင်ဆောင်ထားတယ်လို့လည်း ယုံကြည်တယ်။ ဒီနေရာမှာ စောစောက မေးတဲ့မေးခွန်းအရပေါ့နော်။ စျေးကွက်ထဲမှာ ယှဉ်ပြိုင်မှုသဘောအရဆိုရင် သီအိုရီအရ ဒီဟာကို ကျွန်တော့်အနေနဲ့ ကြိုက်လားဆိုတော့ ဒီလိုဖြေရှင်းပုံ ဖြေရှင်းနည်းကို သဘောမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၈ မှာ စက်သုံးဆီတွေ မိုးထိအောင် ထောင်တက်သွားတယ် ဆိုတဲ့ကိစ္စက တစ်ကမ္ဘာလုံးဖြစ်တဲ့ ကိစ္စဗျ။ တစ်ကမ္ဘာလုံး ဖြစ်တဲ့ဟာက ဥပမာအားဖြင့် ကျွန်တော် ထပ်ပြောမယ်ဆိုရင် ၉၁ ခုနှစ်မှာ ကူဝိတ်ကို အီရတ် ကနေပြီးတော့ ဆက်ဒမ်ဟူစိန်ကနေ ဝင်သိမ်းတဲ့အချိန်မှာ ဆီစျေးတွေ ထောင်တက်ဖူးတယ်။ ဒါပေမဲ့ အဲဒီကာလတုန်းက ကျွန်တော်တို့နိုင်ငံက Global Chain ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွန်ရက်ထဲမှာ သိပ်ပြီးတော့ မဝင်သေးဘူး။ သိပ်မပါသေးဘူး။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ် ဒီဘက်ကျော်လာတဲ့အချိန်မှာ Global Market ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စီးဝင်နေတဲ့အချိန် ၂၀၁၈ မှာ ဆီစျေး ဗြုန်းခနဲ တက်တဲ့ဒဏ်ကို ခံရတာပေါ့နော်။ ခံရတဲ့အခါမှာ ဖြေရှင်းပုံ ဖြေရှင်းနည်းက အဲဒီအချိန် ဆီစျေးကို ကျစေချင်တယ်။ ဒါတစ်ကမ္ဘာလုံး ဖြစ်နေတဲ့ကိစ္စမှာတော့ အနည်းနဲ့အများ ခုသာခံသာ ဖြစ်ဖို့အတွက် ဘာဖြစ်မလဲ။ နောက်တစ်ခုက ခုလို YP ဆီဆိုင်တွေ ဖွင့်ပြီးတော့ ဖြေရှင်းတယ်ဗျ။ ကျွန်တော် အိန္ဒိယ Business Model ကို ယှဉ်ပြီး ပြောပြချင်တယ်။ အိန္ဒိယမှာကျတော့ ဒီစက်သုံးဆီ ဖြန့်ချိတာ ဘာညာအားလုံးကို အစိုးရပိုင်းကနေပြီးတော့ပဲ ထိန်းချုပ်ပြီးတော့ လုပ်တဲ့အခါမျိုး ရှိတယ်။ ကျွန်တော် အဲဒီစနစ်မျိုးကိုလည်း ကြိုက်တဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ ခုလောလောဆယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရလုပ်တဲ့ Business Model  ကိုတော့ ကျွန်တော်အနေနဲ့ အဆိုးကြီးလို့တော့ မမြင်ဘူး။ ဒါပေမဲ့ ရေရှည်မှာ ကျွန်တော် စိုးရိမ်တယ်။ စောစောကပြောသလို NLD အစိုးရ ရှိနေသရွေ့တော့ ကောင်းနေနိုင်တယ်လေ။ နောက်ကျလို့ရှိရင် စောစောကပြောသလို ဒီ ဒါရိုက်တာအဖွဲ့ဝင်တွေကလည်း သူတို့ ဒီစျေးကွက်ထဲမှာ အားလုံး တစ်ယောက်နဲ့ တစ်ယောက်က စီးပွားဘက်တွေပဲဗျ။ စီးပွားဘက်တွေချည်းပဲ ဆိုတဲ့အခါကျတော့ သိပ်တော့ မထူးဘူးလို့ ကျွန်တော် မြင်တယ်။ ဒါအစိုးရက Incentive  ပေးလို့သာ အစိုးရစကားကို နားထောင်ပါ့မယ်။ နောက် Golden Share ၂၀ ရာခိုင်နှုန်း ပေးပါမယ်လို့ ပြောပါတယ်။ Golden Share ကို ၂၀ ရာခိုင်နှုန်း ယူလိုက်တဲ့အတွက် အခုလက်ရှိ လုပ်နေတဲ့ စက်သုံးဆီဆိုင်တွေ၊ လက်လီ အရောင်းဆိုင်တွေမှာ အနည်းနဲ့အများ ထိခိုက်နိုင်တယ်။ ကျွန်တော် ဖြစ်စေချင်တာက ဒီနည်းနဲ့မဟုတ်ဘဲ အခြား Alternative နည်းလမ်းတွေ ရှိဦးမယ်လို့ ယုံကြည်နေတယ်ဗျ။ YP ဆီဆိုင် ဖွင့်တဲ့နည်းလမ်းက Global Market ထဲမှာ တစ်ခုခု Shock တွေ ရတဲ့အချိန်ကျရင် မြန်မာနိုင်ငံပဲ ခံရမှာပဲ။ အဲဒီကျရင် YP လည်း ဘာမှမတတ်နိုင်ဘူး။ ကျွန်တော် ဆိုလိုချင်တာ စျေးကွက်ကို သွားပြီးတော့ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ဆိုတာ အမိန့်အာဏာနဲ့ ရလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျ။ နောက်တစ်ခုက ဒီ YP လိုမျိုးပဲ ယခင် စစ်အစိုးရ လက်ထက်ကလည်း စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကကို ခွင့်ပြုခဲ့တယ်။ အဲဒါတွေတော့ အသေးစိတ်တော့ ကျွန်တော်လည်း မသိရဘူးပေါ့နော်။ တစ်ချိန်မှာ YP က ဒါကို ပြန်ပြီး ပြင်ပြီးတော့ ဘယ်လိုလုပ်မလဲ။ နောက် အစိုးရအသစ် တစ်ခုပေါ့နော်။ အသစ်တစ်ခု ဆိုတာက NLD အစိုးရ လက်ထက်မှာတော့ ကျွန်တော်ထင်တယ်။ မပြောင်းလဲလောက်ဘူးပေါ့နော်။ ဒါပေမဲ့ အဲဒါလည်း ကမ္ဘာ့စျေးကွက်နဲ့ ယှဉ်ပြီးတော့ Shock တစ်ခု ရလာတဲ့ အချိန်ကျရင် YP လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ အခြား Alternative နည်းတွေကို စဉ်းစားသင့်တယ်လို့ ယူဆပါတယ်။

မေး -  ဆီစျေးနှုန်း ကျဆင်းဖို့အတွက် အခြား Alternative နည်းလမ်းတွေ ရှိနိုင်တယ်ဆိုရင် ဒီလို အစိုးရကို ယ်တိုင်ပါဝင်တဲ့ ဆီဆိုင်တွေ ဖွင့်တာမျိုး မဟုတ်ဘဲ ဘယ်လိုနည်းလမ်းမျိုး သုံးသင့်တယ်လို့ ထင်ပါသလဲ။ ဆရာရဲ့ ထင်မြင်ယူဆချက်ကို သိပါရစေ။

ဖြေ - ကျွန်တော့်အမြင် ပြောရရင်တော့ ဆီစျေးနှုန်း ကျဆင်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ မဟာဗျူဟာ ရှိသင့်တယ်ဗျ။ ဥပမာအားဖြင့် ကျွန်တော်ဖြစ်စေချင်တာ ရခိုင်လို နေရာမျိုးမှာ၊ ဧရာဝတီလို နေရာမျိုးမှာ၊ ရန်ကုန်တိုင်းဒေသကြီးလို နေရာမျိုးမှာ ကျွန်တော်က Refinery Plant လို စက်သုံးဆီ ချက်လုပ်တဲ့ စက်ရုံကြီးတွေကို တည်ဆောက် ဖွင့်လှစ်စေချင်တယ်။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘာလို့ မစဉ်းစားသလဲ ကျွန်တော်မပြောတတ်ဘူး။ ဒါဟာ ပြည်တွင်းစျေးကွက်တင်မက ပြည်ပကိုပါ တင်ပို့လို့ရတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလို ရည်ရွယ်လို့ ရတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာနက ပြောနေတဲ့ ကုန်ကြမ်းဝယ်၊ ကုန်ချောထုတ်၊ ပြန်လည်တင်ပို့ဆိုတဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေတယ်။ အဲဒါကိုကျတော့ ဘာလို့ မစဉ်းစားတာလဲ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်တို့ ဟောမုဇ်ရေလက်ကြားကို ဖြတ်ပြီးထွက်လာတဲ့ ဒီရေနံစိမ်းတွေ အားလုံးက စင်ကာပူမှာ သွားစုတယ်။ ထိုင်ဝမ်မှာ သွားစုတယ်။ ဟောင်ကောင်မှာ သွားစုတယ်။ အဲဒီအထိ မသွားဘဲနဲ့ ကျွန်တော်တို့ ဒီနေရာကနေပြီးတော့ စျေးကွက်ကို Target ထားလို့ရတယ်။ ပြည်တွင်း Target တင်မကဘူး၊ ပြည်ပကိုပါ ကျွန်တော်တို့ ရည်ရွယ်လို ့ရတယ်ပေါ့နော်။ အဲဒီလိုဆိုရင် ဥပမာအားဖြင့်ပေါ့။ ဧရာဝတီတိုင်းဆိုရင် အဝေးပြေးလမ်းတွေက ကျဉ်းသေးတယ်။ ကျဉ်းသေးတဲ့အတွက် ဆီဘောက်ဆာကြီးတွေ သွားဖို့ဆိုတာ နည်းနည်းအခက်အခဲ ရှိနိုင်တယ်။ ဒါပေမဲ့ ရခိုင်လို နေရာမျိုးမှာကျတော့ လမ်းကျဉ်းပြီးတော့လည်း ကားရှင်းတဲ့အတွက် ဖြစ်နိုင်ခြေရှိတယ်။ ရန်ကုန်လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ပြည်ထောင်စုအစိုးရတွေဟာ တကယ် Incentive  ပေးပြီးတော့ ခွင့်ပြုသင့်တာက စောစောကပြောတဲ့ Refinery Plant  တွေပဲ။ ကျွန်တော့်သဘောကတော့ ခုလို အိပ်နေတဲ့မြေတွေ၊ Asset  တွေကို ဖော်ထုတ်ပေးနိုင်လေ တိုင်းပြည်စီးပွားရေးက အရှိန်ရလေပဲ။ တစ်ခုရှိတာတော့ ရန်ကုန်မြို့လယ်ကောင် တည့်တည့်မှာရှိတဲ့ နေရာမျိုးကို ပေးလိုက်တာလား။ ဟိုးအစွန်အဖျားက နေရာတွေကို ပေးလိုက်တာလား ဆိုတာ ကြည့်ရမှာပေါ့။ ကျွန်တော်တို့က အဲဒီလို Incentive ပေးပြီး လုပ်ရမယ့်နေရာတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့ဆို လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ မြေကွက်စျေးက ဖလော်ရီဒါမှာရှိတဲ့ စက်မှုဇုန်ရဲ့ မြေကွက်စျေးနဲ့ တူနေတယ်။ အဲဒါကိုက ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်နေစေတာ။ အဲဒီအတွက် Incentive  ပေးဖို့အတွက်က အစိုးရအဖွဲ့အနေနဲ့ စက်မှုဇုန်အသစ်တွေ၊ မြေယာအသစ်တွေကို ဖော်ဆောင်ပေးရလိမ့်ဦးမယ်။ ဒါကို သဲသဲကွဲကွဲ Clear မဖြစ်ရင် ကျွန်တော်တို့ FDI တွေဘာတွေ မျှော်လင့်လို့ မရနိုင်ဘူး။

မေး -  Yangon Petrol ဆီဆိုင်တွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက အခြား စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေဖြစ်ပြီး စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချတဲ့ အတွေ့အကြုံရှိပြီးသား သူတွေဖြစ်တာကြောင့် ယှဉ်ပြိုင်မှုဥပဒေအရ ကြည့်ရင် ဒါဟာ corruption သဘောမျိုးကို ဖြစ်စေနိုင်သလား။

ဖြေ - ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီကိစ္စမှာ ရိုးသားမှုအပြည့်ရှိတယ်။ သူ ဉာဏ်မီသလောက် လုပ်နေတာ။ Corruption ဆိုတာမျိုး လုံးဝကင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရဲဖို့ကိုလည်း သူ တော်တော် အချိန်ယူခဲ့ရတာတွေ ရှိတယ်။ လုပ်ချင်တာတွေ ရှိတယ်။ အခြားလူတွေလည်း လုပ်ပိုင်ခွင့်ထဲမှာ ရှိတာတွေကို ရဲရဲလုပ်စေချင်တယ်။ ကျွန်တော်မြင်တယ်။ လွန်ခဲ့တဲ့ ပထမနှစ်နှစ်လောက်က သူတို့ မရဲကြဘူး။ ကျွန်တော်တို့ပင်လျှင် ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတယ်။ ငါတို့ကိုများ ဒီလိုလုပ်လိုက်လို့ ဒီလိုထင်မလား။ အခုကိုပဲ လုပ်တဲ့လူကို ထင်နေကြပြီလေ။ ကျွန်တော်ပြောချင်တာ ဦးဖြိုးမင်းသိန်းဟာ ဒီကိစ္စမှာ ရိုးသားစွာလုပ်တယ်။ သူ ဉာဏ်မီသလောက် လုပ်တယ်။ အဲဒါလုပ်တာကို ကျွန်တော် ကြိုက်တယ်၊ လက်ခံတယ်လို့ ပြောနေတာ မဟုတ်ဘူးနော်။ ဒီထက်ကောင်းတဲ့ နည်းတွေရှိတယ်လို့လည်း ကျွန်တော်ပြောချင်တယ်။ ကျွန်တော် စျေးကွက်ထဲမှာ ယှဉ်ပြိုင်မှုဆိုတဲ့ ကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာလည်း ဆွေးနွေးပြီးပြီ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပါဝင်တဲ့ ကုမ္ပဏီထောင်မယ် ဆိုတဲ့ကိစ္စမှာ ပြောခဲ့တယ်။ ကျွန်တော့်အနေနဲ့ စျေးကွက်ကို လွတ်လွတ်လပ်လပ်ပဲ ရှိစေချင်တယ်။ အစိုးရတစ်ရပ် ပါလာမယ် ဆိုခဲ့လို့ရှိရင် ပုဂ္ဂလိကပ ိုင်းကို အင်အားချည့်နဲ့ သွားစေနိုင်တယ်။ ဒါကြောင့်မို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ Market Economy အရဆိုရင် ပုဂ္ဂလိကပိုင်းကိုပဲ Main Driving Force အနေနဲ့ပဲ တွန်းအား အများဆုံးပေးစေချင်တယ်။ ခုနပြောသလို စက်သုံးဆီချက် စက်ရုံကြီးတွေ ဆောက်မယ်ဆိုရင် အစိုးရက Incentive ပေးရလိမ့်ဦးမယ်။ အဲဒီမှာ သဘောက နှစ်မျိုးရှိတယ်။  အစိုးရရဲ့ စီမံခန့်ခွဲမှုရှိတဲ့ မြေတွေရှိမယ်။ အစိုးရပိုင်မြေတွေပေါ့ဗျာ။ နိုင်ငံပိုင်မြေကိုလည်း ပေးရတာမျိုးလည်း ဖြစ်မယ်။ တချို့ကျတော့လည်း ပုဂ္ဂလိကပိုင်းက သူတို့ဘာသူတို့ ဝယ်ထားတဲ့မြေတွေ ရှိရင်ရှိမယ်။ အဲဒါတွေကိုလည်း ရဲရဲလုပ်စေချင်တယ်။ တကယ်တမ်း ကျွန်တော်သိသလောက် ပြောရရင် ရန်ကုန်မြို့တစ်ဝိုက် ရှိသမျှလယ်မြေတွေ အားလုံးဟာ စီးပွားရေးသမားတွေလက်ထဲမှာ ဝယ်ယူထားပြီးသား။ လယ်စိုက်နေကောင်း စိုက်နေလိမ့်မယ်။ ဒါပေမဲ့ မြေပိုင်ဆိုင်မှုတွေ အားလုံးက စီးပွားရေးသမားတွေ လက်ထဲမှာပဲ ရှိနေပြီးသား။ အခုမှဖြစ်နေတာလည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တည်းက အကုန်လုံး ဝယ်ထားပြီးသား။ အဲဒီအခြေအနေတစ်ရပ်ကို ဘယ်လိုလက်တွေ့ အကျိုးရအောင် လုပ်မလဲဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗဟိုအစိုးရအဖွဲ့အနေနဲ့ အရမ်းအရေးကြီးတယ်။ ကျွန်တော့်အမြင်ကတော့  တချို့နေရာတွေဟာ မြို့နဲ့လည်း ထိစပ်နေတယ်။ အချို့ စီမံကိန်းကြီးတွေတောင် လုပ်ဖို့ အစီအစဉ်ရှိတယ်။  မြေယာနဲ့ ပတ်သက်ပြီး ရဲရဲသာ လုပ်ခွင့်ပေးလိုက်စေချင်ပါတယ်။

မေး - အစိုးရပိုင်းက စီးပွားရေးလုပ်ငန်းမှာ ဝင်ပါရင် ပုဂ္ဂလိကပိုင်းက အင်အားချည့်နဲ ့သွားနိုင်တယ်လို့ ဆရာ ပြောခဲ့တော့ အခု YP စက်သုံးဆီဆိုင်တွေကို တိုင်းဒေသကြီးအစိုးရက ဖွင့်လှစ်ခွင့်ပေးတာက စျေးကွက်ထဲမှာ ယှဉ်ပြိုင်မှုအနေနဲ့ မျှတမှု ရှိပါ့မလား။ 

ဖြေ - ကျွန်တော်ပြောတာက အစိုးရပိုင်းက စီးပွားရေးမှာ ဝင်မပါနဲ့ ဆိုပေမယ့် အစိုးရပိုင်းက ဝင်မပါရင်လည်း မပြီးတဲ့ကိစ္စရပ်တွေ ရှိတယ်။ ဥပမာ လျှပ်စစ်ဆိုပါတော့။ လျှပ်စစ်ကို နည်းလမ်းတစ်ခုခုနဲ့ ထုတ်လုပ်လိုက်တယ်။ ရေအားနဲ့ဖြစ်ဖြစ်၊ ဂက်စ်နဲ့ဖြစ်ဖြစ်ပေါ့။ ထုတ်လိုက်တာကို သွယ်တန်းပြီး ယူရဖို့အတွက်က အဲဒီစျေးနှုန်းက အရမ်းကြီးတာ။ ထုတ်တဲ့စရိတ် ရှိမယ်။ သွယ်တန်းတဲ့ စရိတ်ရှိမယ်။ ဒါတွေအကုန်လုံးက အစိုးရရဲ့ Infrastructure ထဲမှာပဲ အများဆုံးရှိနေတယ်။ ဒါမျိုးကျတော့ အစိုးရက မပါလို့ မရသေးဘူး။ ကျွန်တော်က ပြောတာ အားလုံးကို သိမ်းကျုံးပြီး အစိုးရက မပါနဲ့လို့ ပြောနေတာ မဟုတ်ဘူး။ စျေးကွက်ထဲမှာ မပါလို့ရသလောက် မပါဘဲနေဖို့ပေါ့။ ဥပမာ စက်သုံးဆီ အရောင်းဆိုင်လိုကိစ္စမျိုးမှာ ဝင်ပါတာထက် Refinery Plant လိုမျိုး တည်ဆောက်နိုင်ဖို့ ပါဝင်တာက ပိုပြီး အကျိုးရှိလိမ့်မယ်။ စက်သုံးဆီ အရောင်းဆိုင်ဆိုတဲ့ လုပ်ငန်းကိစ္စမျိုးက အစိုးရအနေနဲ့ သေးသေးလေးပါ။ Incentive  ပေးတဲ့သဘောနဲ့ပါ။ ဒါကိုလည်း အပြစ်လို့ မမြင်ပါဘူး။ ကိုဖြိုးမင်းသိန်းက ဒီကိစ္စကိုတော့ ရဲရဲလုပ်တယ်လို့ မြင်ပါတယ်။ ဒီလောက် သူ့ကို ကင်မရာတွေ ချိန်ထားတဲ့ ကြားထဲက ရဲရဲလုပ်တဲ့အတွက် ကျွန်တော် အကောင်းမြင်ပါတယ်။ မှန်တယ်လို့တော့ ကျွန်တော်ပြောနေခြင်း မဟုတ်ပါဘူး။ မှန်တယ်၊ မမှန်ဘူးဆိုတာ အချိန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ချက်ချင်း ပြောရတာတော့ ခက်တယ်။ 

မေး - ဒါဆိုရင် YP ဆီဆိုင်တွေ ဖွင့်လှစ်ခွင့်ပေးခြင်းဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်အောက်မှာပဲ လုပ်ဆောင်ခဲ့တာဆိုရင် အခုထက်ပိုပြီး ပွင့်လင်းမြင်သာအောင် လုပ်သင့်တယ်လို့ ယူဆမိပါသလား။

ဖြေ - ကျွန်တော့်အမြင် ပြောရရင်တော့ လက်ရှိ Institution မှာက Media Management နဲ့ Public Relations က အကန့်အသတ် တစ်ခုအောက်ကို ရောက်နေတယ်။ ကျွန်တော်ပြောချင်တာက မီဒီယာနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှုအပိုင်း၊ ပြည်သူ့ဆက်ဆံရေးအပိုင်းမှာ အကန့်အသတ် တစ်ခုအောက်ကို ရောက်နေတယ်။ အဲဒီအတွက် ပွင့်လင်းမြင်သာမှုရှိစွာ ချမပြဘူးလားဆိုတာ ဖြစ်လာတာ။ သူတို့အနေနဲ့ ပွင့်လင်းမြင်သာစွာ ချပြလို့ရတာပဲ။ ဘယ်လိုပုံစံနဲ့ ချပြမလဲ၊ ဘာလို့ ချမပြလဲ ဆိုတာတော့ သူတို့ကိုတွေ့မှမေးပါ။ ကျွန်တော့် သဘောဆိုရင်တော့ Media Management နဲ့ Public Relations က အကန့်အသတ် တစ်ခုအောက်ကို ရောက်နေ တယ်။  အဲဒါကိုလွန်မြောက်ဖို့အတွက် ကြိုးစားသင့်ပါတယ်လို့ မြင်ပါတယ်။ 

မေး -  အခြားဖြည့်စွက်ပြောကြားချင်တာမျိုးရှိရင်လည်း ဖြေကြားပေးပါ။

ဖြေ - တချို့ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဘာပဲလုပ်လုပ် လွှတ်တော်ကသိမှ ဆိုတာက မှားနေတယ်လို့ ပြောချင်တယ်။ အစိုးရအနေနဲ့ Media Management နဲ့ Public Relations ကို သူလုပ်ရမှာ။ သူမလုပ်ရင် ကျွန်တော်တို့လည်း မသိနိုင်ဘူး။ သူရှင်းပြရမှာလေ။ ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီ YP ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေက ဝေဖန်တယ်ဆိုတဲ့ အကြောင်းကိုတော့ ပြောပြတယ်။ ဝေဖန်ကြပေမယ့် သူလုပ်သင့်တာကိုတော့ လုပ်ရမယ်လို့ ပြောပါတယ်။ တွေ့တဲ့အခါမှာ သူ ပြောပြတဲ့ တစ်စိတ်တစ်ပိုင်းအပေါ် အခြေခံပြီး ကျွန်တော့် အကဲဖြတ်ချက်ကို ပြောပြတာပါ။ ကျွန်တော် ထပ်ပြောပြချင်တာက YP စက်သုံးဆီဆိုင်တွေ ပေါ်လာလို့ရှိရင် လက်ရှိ စက်သုံးဆီဆိုင်တွေရဲ့စျေးနဲ့ YP စက်သုံးဆီဆိုင်တွေရဲ့ စျေးနှုန်းကြားမှာ စျေးတန်းလေးတစ်ခု ညှိပြီး ထွက်လာလိမ့်မယ်။ အဲဒါကို စားသုံးသူက သူ့ဘာသူ လက်ခံသွားလိမ့်မယ်။ နောက်တစ်ခုက စျေးနှစ်မျိုး ဖြစ်နိုင်မလားဆိုတာ ဒါကလည်း စားသုံးသူကပဲ ဆုံးဖြတ်သွားမယ့်ကိစ္စပါ။ စျေးနှစ်မျိုးဖြစ်နေရင် စျေးကြီးတဲ့ဆိုင်မှာ ဘယ်သူမှ သွားမထည့်ဘူး။ ပစ္စည်းချင်းတူရင် စျေးသက်သာတဲ့ဆိုင်မှာပဲ ထည့်လိမ့်မယ်။ မှန်တယ်၊ မမှန်ဘူးဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။

 

Most Read

Most Recent