ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် မန်ယူကိုပါ ဂွါဒီယိုလာ ထည့်သွင်း

ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ချယ်လ်ဆီးနှင့် မန်ယူကိုပါ ဂွါဒီယိုလာ ထည့်သွင်း
Photo: Man City via Getty Images
Photo: Man City via Getty Images
Published 6 February 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေသည့် အသင်းများထဲတွင် ချယ်လ်ဆီးနှင့် မန်ယူတို့ပါ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၁၃) ပွဲသာလိုတော့သော်လည်း ဂွါဒီယိုလာက ချန်ပီယံလုပွဲမှာ လီဗာပူးလ်နှင့် မန်စီးတီးတို့သာမကဘဲ စပါး၊ ချယ်လ်ဆီးနှင့်မန်ယူတို့ပါ ပါဝင်နေသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) အပြီးတွင် လီဗာပူးလ်အသင်းက ရမှတ် (၆၂) မှတ်ဖြင့် အဆင့် (၁)၊ မန်စီးတီးက ရမှတ် (၅၉) မှတ်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်နေပြီး စပါးအသင်းက လီဗာပူးလ်အသင်းနှင့် (၅) မှတ်အကွာ ရမှတ် (၅၇) မှတ်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိသည်။

အဆင့် (၄) နေရာမှချယ်လ်ဆီးအသင်းမှာ ရမှတ် (၅၀) မှတ်ဖြင့် ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၂) မှတ်အထိကွာဟနေသလို၊ အဆင့် (၅) နေရာမှ မန်ယူအသင်းမှာလည်း ရမှတ် (၄၈) မှတ်ဖြင့် လီဗာပူးလ်အသင်းနှင့် (၁၄) မှတ်အထိကွာဟနေသည်။

သို့သော် ဂွါဒီယိုလာက  ''ပရီးမီးယားလိဂ်ပွဲကျန် (၁၃)ပွဲမှာ ရနိုင်ခြေရမှတ်က (၃၉) မှတ်တောင်ရှိပါသေးတယ်။ ဒီအနေအထားမှာ (၉) မှတ် (၁၀) မှတ်ပြတ်နေရုံနဲ့တော့ အများကြီးလို့မဆိုနိုင်ပါဘူး။ ချန်ပီယံလောင်းစာရင်းကနေ စပါးအသင်းကို ဘယ်တုန်းကမှ ကျွန်တော်မထုတ်ခဲ့ဖူးပါဘူး။ မန်ယူအသင်းကလည်း အပတ်စဉ်အပတ်တိုင်း အကောင်းဆုံးခြေစွမ်းကို ပြနေတာကြောင့် ချန်ပီယံလောင်းစာရင်းမှာ ထည့်သွင်းရမှာပါ။ အခုပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ကြည့်လိုက်မယ်ဆိုရင် ထိပ်ပိုင်းက (၃) သင်းဟာ အမှတ်သိပ်မကွာတာကို ခင်ဗျားတို့တွေ့ရမှာပါ။ ချယ်လ်ဆီးအသင်းအနေနဲ့လည်း ပွဲတွေဆက်တိုက်အနိုင်ရနေမယ်ဆိုရင် ချန်ပီယံလောင်းဖြစ်လာနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လွန်စွာခက်ခဲပြီး အသင်းတိုင်းက ဒုက္ခပေးနိုင်စွမ်းရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာက '' ပြီးခဲ့တဲ့ (၃)ရက်၊ (၄) ရက်လောက်ကဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဟာ လီဗာပူးလ်အသင်းလို့ ကျွန်တော်ပြောမိပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ ကျွန်တော်တို့အသင်းက ဦးဆောင်သူပြန်ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အသင်းတစ်သင်းအနေနဲ့ ကစားတဲ့ပွဲစဉ်တိုင်းအနိုင်ရဖို့ ပရီးမီးယားလိဂ်မှာ အရမ်းကိုခက်ပါတယ်။ ချန်ပီယံဆုကို မျှော်လင့်ခွင့်မရှိတဲ့ အသင်းတွေက အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်း အပြည့်ရှိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ'' ဟုပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ကြိုကန်ပွဲအဖြစ် ကစားမည့် အဲဗာတန်နှင့်ပွဲတွင် အနိုင်ရရှိခဲ့ပါက  လီဗာပူးလ်အသင်းထက် တစ်ပွဲပို၊ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မည်ဖြစ်သည်။