မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုသည် စပိန်တရားရုံးမှ အခွန်ရှောင်လွှဲမှုများအတွက် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းကို လက်ခံခဲ့ပြီး ထောင်ဒဏ်အစား ဒဏ်ကြေးပေးဆောင်သွားမည်ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
မော်ရင်ဟိုသည် ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်စဉ် ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပုံရိပ်အသုံးပြုခမှ ရရှိသည့် ယူရို (၃.၃) သန်းအား အခွန်ဆောင်ရန် ရှောင်လွှဲခဲ့ကြောင်း စပိန်အခွန်အာဏာပိုင်များ၏ စွပ်စွဲခြင်းကို ခံခဲ့ရသည်။
တရားလိုများ၏ ပြောကြားချက်အရ မော်ရင်ဟိုသည် စပိန်အစိုးရအတွက် အခွန်ဆောင်လိုခြင်းမရှိဘဲ ဟန်ပြကုမ္ပဏီများဖန်တီးကာ ၄င်း၏ပုံရိပ်အသုံးပြုခမှ ရရှိသည့်ဝင်ငွေများကို ဖုံးကွယ်ခဲ့ကြောင်း သိရသည်။
သို့သော် ယခုအခါမော်ရင်ဟို၏ ဥပဒေအကြံပေးအဖွဲ့သည် စပိန်တရားရုံး၏စွဲချက်ကို လက်ခံခဲ့ပြီး အခွန်ရှောင်လွှဲမှုအတွက် ဒဏ်ကြေးယူရို (၂) သန်းနှင့် ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်အတွက် ယူရို (၁၈၂၅၀၀) ပေးလျော်သွားမည်ဖြစ်ကြောင်း BBC ကဖော်ပြခဲ့သည်။
စပိန်နိုင်ငံ၏ ဥပဒေအရ အကြမ်းဖက်မှုမဟုတ်သည့် ထောင်ဒဏ် (၂) နှစ်အောက်ပြစ်ဒဏ်များနှင့် ပထမဆုံးအကြိမ်ပြစ်ဒဏ်ချမှတ်ခံရသူများကို ထောင်ကျခံရန် ဖိအားပေးလေ့မရှိကြောင်းသိရသည်။
ထို့ကြောင့် မော်ရင်ဟိုသည် တစ်နှစ်ထောင်ဒဏ်အတွက် ငွေကြေးပေးလျော်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စပိန်နိုင်ငံတွင် ဘောလုံးလောကမှ နာမည်ကျော်များသည် အခွန်ရှောင်လွှဲမှုစွဲချက်များနှင့် ရင်ဆိုင်ရလေ့ရှိပြီး ယင်းထဲတွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၊ ဂျူဗင်တပ်စ်အသင်းတွင်ကစားနေသည့် ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုနှင့် PSG အသင်းတွင်ကစားနေသည့် ဘာစီလိုနာတိုက်စစ်မှူးဟောင်း နေမာတို့ ပါဝင်ခဲ့သည်။