ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန်အဆိုအား ကန့်ကွက်မှုကြောင့် လက်ခံဆွေးနွေးခြင်း မပြုရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန်အဆိုအား ကန့်ကွက်မှုကြောင့် လက်ခံဆွေးနွေးခြင်း မပြုရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဉ်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဉ်
Published 5 February 2019
စည်သူ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန် အဆိုအား တိုင်းဒေသကြီးလွှတ်တော်တွင် တင်သင့်သည့် အဆိုဟုဆိုကာ ကန့်ကွက်မှုကြောင့်  လွှတ်တော် အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ 

နေပြည်တော်၌ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် ခြောက်မြို့နယ်တွင် တိကျသည့် နယ်နိမိတ် သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင် မှတ်ပုံတင်စေပြီး အချိန်ကာလ တစ်ခုအထိ ရည်ရွယ်၍ မော်တော်ဆိုင််ကယ် စီးနင်းခွွင့် ပြုပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ 

ဒဂုံမြို့သစ် လေးမြို့နယ်နှင့် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်အရ ဆိုင်ကယ်များကို စီးနင်းနေရပြီး ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင် ခွင့်ပြုထားခြင်း မဟုတ်သည့်အတွက် ဥပဒေ လိုက်နာချင်သော်လည်း မလိုက်နာနိုင် ဖြစ်နေရခြင်းကြောင့် တိကျသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် တရားဝင် မှတ်ပုံတင်စေပြီး အဆိုပါမြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် ပြုပေးရန် ဦးအေးနိုင်က အဆိုတင်သွင်း ပြောကြားခဲ့သည်။ 

ယင်းအဆိုနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ကာ လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော် အဆုံးအဖြတ်ရယူရာတွင် တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့က ကန့််ကွက်ခဲ့ကြခြင်း ဖြစ်သည်။ 

“ဒါ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့အဆို မဟုတ်ပါဘူး။ ရန်ကုန်တိုင်း လွှတ်တော်မှာသာ တင်သင့်တဲ့အဆို ဖြစ်ပါတယ်။ ဒီမှာဆိုရင် မေးခွန်းလောက်ပဲ မေးသင့်တဲ့အဆိုလို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က ကန့်ကွက်ပါတယ်” ဟု ကန့်ကွက်ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။ 

ထိုသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးအေးနိုင် တင်သွင်းသော အဆိုကို ကန့်ကွက်သူရှိသည့်အတွက် စက်ခလုတ် အသုံးပြုသော  နည်းလမ်းဖြင့် လွှတ်တော် သဘောထားရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၁ ဦးအနက် အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ထောက်ခံသူ မဲ ၅၀၊ လက်ခံဆွေးနွေးခြင်း မပြုရန် ကန့်ကွက်သူ ၂၆၅ မဲ ဖြစ်သောကြောင့် လက်ခံဆွေးနွေးရန် မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ 

 

Most Read

Most Recent