ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စနစ်တကျ ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ပြင်သင့် ပြင်ထိုက်သည်များကို ပြင်သင့် ပြင်ထိုက်သည့်အချိန်တွင် ပြင်ဆင်ရန်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
“ပြင်ဖို့ သဘောတူပြီးသား။ အခြေခံဥပဒေ မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ် အစိုးရသက်တမ်း ကတည်းက ပြောခဲ့တယ်။ သို့သော် စနစ်တကျပြင်ဖို့ပဲ လိုတာပေါ့။ ကျန်တာတော့ ဘာမှမပြောပါဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ဟာ၊ ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဖို့ရှိပါတယ်။ ပြင်မှာပါ” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆို တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မပြင်ရဘူးလို့ ကျွန်တော်တို့က တင်ပြခြင်း မဟုတ်ပါဘူး။ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ သဘောတူပါတယ်။ သဘောတူတဲ့ အတွက်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလွှတ်တော်ခန်းမကြီးထဲကို ရောက်နေတဲ့လူတွေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုကော်မတီ ဖွဲ့တယ်ဆိုလို့ရှိရင် နည်းဥပဒေပုဒ်မ ၁၃၅ အရ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တင်မယ်။ ဒါကိုမှ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေ ပူးပေါင်းဖွဲ့စည်းတဲ့အဖွဲ့ကနေ စိစစ်မယ်ဆိုပြီးတော့ ဒီလိုပါပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဒီလို ကော်မတီဖွဲ့ပြီးတော့ စိစစ်မယ်လို့ဆိုရင် ဘယ်ပုဒ်မတွေကို စိစစ်မလဲ၊ ကော်မတီက ဘာတွေလုပ်မှာလဲ ဆိုတာက ပုဒ်မတွေကလည်း Unseen ၊ ကော်မတီရဲ့ လုပ်ပိုင်ခွင့်လည်း ဘယ်လောက်အထိ ကျယ်ပြန့်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး” ဟု လွှတ်တော်တွင် ပြောကြားသည်။
ထို့နောက် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများခဲ့သဖြင့် အဆိုအား လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။