ပယ်နယ်တီရရန် လင်ဂတ် အလွယ်တကူလှဲချခဲ့သည်ဟု ရှောင်ဒိုက် စွပ်စွဲ

ပယ်နယ်တီရရန် လင်ဂတ် အလွယ်တကူလှဲချခဲ့သည်ဟု ရှောင်ဒိုက် စွပ်စွဲ
Published 30 January 2019

မနေ့က ကစားခဲ့သော မန်ယူ (၂-၂) ဘန်လေပွဲအပြီးတွင် ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်က မန်ယူ ကွင်းလယ်လူ လင်ဂတ်မှာ ပယ်နယ်တီရရန် အလွယ်တကူလှဲချခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၈၆)မိနစ်တွင် ဘန်လေပယ်နယ်တီဧရိယာအတွင်း လင်ဂတ်အား ဘန်လေတောင်ပံကစားသမား ဂျက်ဟန်းဒရစ်က တားဆီးရန် ကြိုးစားခဲ့ရာ လင်ဂတ်မှာ လဲကျခဲ့သည်။ ယင်းပွဲ၏ဒိုင်လူကြီး ဂျွန်မော့စ်က ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ရာ ရှောင်ဒိုက်မှာ အလွန်စိတ်ဆိုးဒေါသထွက်ခဲ့သည်။

မန်ယူအသင်းရရှိသော ပယ်နယ်တီကို ကွင်းလယ်လူ ပေါ့ဘာက သွင်းယူခဲ့ပြီး နာကျင်အချိန်ပို (၉၀+၂)မိနစ်တွင် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်က ဒုတိယချေပဂိုး သွင်းယူခဲ့သဖြင့် ဘန်လေအသင်းမှာ နိုင်ပွဲနှင့်လွဲ ခဲ့ရသည်။

ပွဲအပြီးတွင် ဒေါသထွက်နေသည့် ရှောင်ဒိုက်က " ဘောလုံးပွဲတွေမှာ ကစားသမားအချို့ဟာ ပခုံးကိုထိတာနဲ့ သူတို့ ရဲ့ခြေထောက်တွေ အလုပ်မလုပ်တော့တာကို (လဲကျခြင်းကို ဆိုလိုသည်) ကျွန်တော် လုံးဝမကြိုက် ပါဘူး။ ဒါပေမဲ့ ဒါဟာ ခေတ်သစ်ဘောလုံးလောကမှာ အမြဲရှိနေတဲ့အရာတွေပါ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရှောင်ဒိုက်က ဒုတိယချေပဂိုးသွင်းခဲ့သည့် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်မှာလည်း ဂိုးမသွင်းမီ လူကျွံ အနေအထား၌ရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။