ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ Yangon Petrol ဆီဆိုင်အတွက် ပြင်ပပေါက်စျေးထက် အဆမတန် နည်းသောနှုန်းနဲ့ နိုင်ငံပိုင်မြေများ ရောင်းချပေးမှုက ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံရာနှင့်ချီ၍ နစ်နာနိုင်

ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ Yangon Petrol ဆီဆိုင်အတွက် ပြင်ပပေါက်စျေးထက် အဆမတန် နည်းသောနှုန်းနဲ့ နိုင်ငံပိုင်မြေများ ရောင်းချပေးမှုက ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံရာနှင့်ချီ၍ နစ်နာနိုင်
တောင်မြောက်လမ်းဆုံအနီးရှိ YP စက်သုံးဆီဆိုင် တည်ဆောက်နေမှုအား တွေ့ရစဉ် (ပုံကြီး)၊ Yangon Petrol ကုမ္ပဏီက ကျပ် ၂၇၈၇ သိန်းဖြင့် အဆိုပြုထားသည့် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းပေါ်မှ ၃ ဒသမ ၂ ဧကရှိ ခန့်မှန်းမြေကွက် တည်နေရာကို google map မှ တွေ့ရပြီး အဆိုပါနေရာမှာ အနိမ့်ဆုံး တစ်ပေပတ်လည် ကျပ်လေးသိန်းခွဲ အထိရှိသည် (ဝဲ-ပုံသေး)၊ သာကေတမြို့နယ် YP စက်သုံးဆီဆိုင်အား တွေ့ရစဉ် (ယာ-ပုံသေး)
တောင်မြောက်လမ်းဆုံအနီးရှိ YP စက်သုံးဆီဆိုင် တည်ဆောက်နေမှုအား တွေ့ရစဉ် (ပုံကြီး)၊ Yangon Petrol ကုမ္ပဏီက ကျပ် ၂၇၈၇ သိန်းဖြင့် အဆိုပြုထားသည့် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းပေါ်မှ ၃ ဒသမ ၂ ဧကရှိ ခန့်မှန်းမြေကွက် တည်နေရာကို google map မှ တွေ့ရပြီး အဆိုပါနေရာမှာ အနိမ့်ဆုံး တစ်ပေပတ်လည် ကျပ်လေးသိန်းခွဲ အထိရှိသည် (ဝဲ-ပုံသေး)၊ သာကေတမြို့နယ် YP စက်သုံးဆီဆိုင်အား တွေ့ရစဉ် (ယာ-ပုံသေး)
Published 30 January 2019
သတင်းအယ်ဒီတာအဖွဲ့

တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၅ ရက်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ နစ်နာမှုအဖြစ် နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပြောင်းပေးဖို့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က တင်ဒါခေါ်ယူခဲ့ပြီး ပထမအကြိမ်မှာ စက်သုံးဆီဆိုင် ၁၅၅ ဆိုင်၊ ဒုတိယအကြိမ်မှာ ဆိုင် ၈၀ နဲ့ တတိယအကြိမ်မှာ ၁၁ ဆိုင်ကို ရောင်းချခဲ့ပါတယ်။

အဲဒီလို နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် တင်ဒါခေါ် ရောင်းချခဲ့ပေမဲ့ ဒီဆိုင်တွေကို အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီကြီး ၂၀ ကပဲ ရသွားခဲ့တာဖြစ်ပြီး ပေါက်စျေးထက် ဆယ်ဆကျော်နည်းတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူခွင့်ရခဲ့တာလို့ ပြောကြားမှုတွေရှိခဲ့ပြီး ဒီလိုအစိုးရနဲ့ နီးစပ်သူတွေကို အောက်စျေးနဲ့ ရောင်းခဲ့တာမို့လို့ တိုင်းပြည်ဘဏ္ဍာ ဘီလျံနဲ့ချီ နစ်နာမှုတွေ ကြုံခဲ့ရသလို လက်ရှိအချိန်အထိ ဒီလိုလွှဲပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကနေ တရားဝင်တင်ဒါခေါ်ပြီး ရောင်းချခဲ့တာတောင် နစ်နာမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံရတဲ့ အခြေအနေမျိုး လက်ရှိမှာလည်း ထွက်ပေါ်လာပြန်ပါတယ်။

အဲဒါကတော့ Yangon Petrol ဆိုပြီး နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် အနိမ့်ဆုံးကျပ် ၂၀၀၀ နဲ့ ဝယ်ယူပြီး ကုမ္ပဏီအမည်ပေါက်နဲ့ ဂရန်ဖောက်ပြီး စက်သုံးဆီဆိုင်ဖွင့် ရောင်းချခွင့်ရခဲ့တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချဖို့ နိုင်ငံပိုင်မြေ နေရာကောင်းများစွာကို ပေါက်စျေးထက် အဆမတန် တန်ဖိုးနည်းတဲ့စျေးနဲ့ ရောင်းချပေးရာမှာ ဆီဆိုင် ၁၀ ဆိုင်လောက် တစ်ပြိုင်နက် ဖွင့်လို့ရအောင် ကျယ်ဝန်းတဲ့ နိုင်ငံပိုင်မြေတွေလည်း ပါဝင်နေပြီး ဒီလိုမြေများစွာကို ဘာကြောင့် တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို Daily Eleven သတင်းစာရဲ့ မေးမြန်းစုံစမ်း သိရှိရမှုတွေအရ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံပိုင် မြေ ၂၆ ကွက်ကို တည်နေရာ၊ အကျယ်အဝန်း အတိအကျနဲ့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ အမည်ပေါက် ဝယ်ယူခွင့်ရဖို့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့ကို လျှောက်ထားခဲ့တာ တွေ့ရပြီး ဒီလိုလျှောက်ထားတဲ့ မြေကွက် ၂၆ ကွက် စလုံးကိုသာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့် ပေးလိုက်မယ်ဆိုရင် ခန့်မှန်းကျပ်ဘီလျံ ၂၀၀ နဲ့ ၃၀၀ ကြား နစ်နာမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

Yangon Petrol ဆိုတာ ဘယ်သူတွေပိုင်သလဲ

Yangon Petrol ဆီဆိုင်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YRTA နှစ်နှစ်ပြည့်ပွဲမှာ “ဒီနေရာမှာ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရက ရင်းနှီးမြှုပ်နှံမှု ပြုထားသလားလို့ မေးခွန်းပြုနေတဲ့ YP နဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့် မရှိသလဲဆိုရင် လွှတ်တော်ဘက်ကနေ ရင်းနှီးမြှုပ်နှံဖို့ငွေမပေးရင် ကျွန်တော်တို့  တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံလို့ မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စက်သုံးဆီစျေး ကျဆင်းရေးအတွက် ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ကွပ်ကဲပံ့ပိုး ကူညီပေးနိုင်ပါတယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ရောင်းဝယ်နိုင်ဖို့အတွက် စီမံဆောင်ရွက် ပေးနိုင်ပါတယ်။ ဒီအတွက် စက်သုံးဆီစျေးကို ချနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကလည်း စျေးကွက်အတွင်းမှာ သွင်းလာတဲ့ ကုန်ပစ္စည်းကို သင့်တင့်တဲ့စျေးနဲ့ အမြတ်နှုန်းတစ်ခုနဲ့ ရောင်းပေးမယ်ဆိုရင် စျေးကျသွားနိုင်ပါတယ်။ အများကြီးမြတ်ချင်လို့တော့ မရနိုင်ပါဘူး။ လူထုရဲ့ မျက်နှာကို ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ အစိုးရကာလအ တွင်းမှာ စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကကဏ္ဍကို လွှဲပြောင်းခဲ့ပါတယ်။ ဒီလွှဲပြောင်းစဉ် ကာလမှာ ပုဂ္ဂလိကကုမ္ပဏီ တော်တော်များများကို စျေးနှုန်း သက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးစေချင်တဲ့ အတွက် စက်သုံးဆီဆိုင်တွေ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းပဲယူပြီး ပေးခဲ့တဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ဥပမာ သိန်း ၁၀၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ နဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်သုံးဆီဆိုင်တွေကနေ စျေးနှုန်းကျဆင်းရေး ကိစ္စရပ်တွေက အခုအခြေအနေထိ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေရတဲ့ ဒီဆိုင်အသစ်တွေက ဒီအခွင့်အလမ်းမျိုး အထူးအခွင့်အရေးတွေ ရှိထားပေးနိုင်ခဲ့တဲ့ အခြေအနေမရှိပါဘူး။ ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ အထူးအခွင့်အရေး ပေးနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အားလုံးဟာပွဲမှာ တန်းတူကစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး စေတနာ မှန်ကန်မယ်။ သွင်းလာတဲ့ စျေးနှုန်းနဲ့ ရောင်းချတဲ့စျေးနှုန်းကို မျှတတဲ့ အမြတ်ငွေ တစ်ခုယူပြီး လုပ်မယ်ဆိုရင် စက်သုံးဆီစျေးနှုန်းက ကမ္ဘာ့ပေါက်စျေးနဲ့ အလှမ်းကွာနေစရာ မရှိပါဘူး။ အခုကျွန်တော်တို့ အတော်လေး အလှမ်းကွာနေတာကို တွေ့နေရပါတယ်။ စျေးကျပြီဆိုရင် ချက်ချင်းမကျချင်ဘူး။ စျေးတက်ဆိုပြီ ချက်ချင်းတက်ချင်တယ်။ ဒီအခြေအနေမျိုးတွေကစပြီး ထိန်းညှိနေရတဲ့ အခြေအနေမျိုးရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

Yangon Petrol ဆီဆိုင်မှာ အစိုးရက မြှုပ်နှံငွေ ထည့်ဝင်ထားမှု မရှိဘူး။ အရင်အစိုးရ လက်ထက်ကလို စက်သုံးဆီစျေးနှုန်း ချိုသာဖို့ ပေါက်စျေးထက် ၁၀ ဆလောက်အထိ လျှော့ချပြီး ရောင်းချပေးပေမဲ့ စက်သုံးဆီတွေမှာ စျေးတက်ရင် ချက်ချင်းတက်ပြီး စျေးကျရင် လိုက်မချဘူးဆိုပြီး ဦးဖြိုးမင်းသိန်းက ဆိုခဲ့ပါတယ်။

ဒါပေမဲ့ Yangon Petrol ဆိုင်အသစ်တွေအတွက် အထူးအခွင့်အရေး ပေးမထားနိုင်ဘူးလို့ ပြောကြားမှုမှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ပထမဆုံးအချက်က စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုရင် အမြန်ဆုံးတောင်မှ တစ်နှစ်လောက်ကြာအောင် စိစစ်ပါတယ်။ ဒီလိုစိစစ်ခံရတဲ့ Process မျိုး YP မှာ မမြင်ခဲ့ရသလို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ပြောကြားချက်အရ YP ဆီဆိုင်တွေဟာ အချိန်ခြောက်လလောက် အတွင်းမှာ မြေနေရာတွေလျှောက်၊ ဆီဆိုင်အသစ်တွေဆောက်ပြီး ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယ အချက်ကတော့ အချက်အချာကျတဲ့ နေရာကောင်းတွေက ကျယ်ဝန်းလှတဲ့ နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးမှုပါပဲ။ ဒီလိုအခြေအနေမျိုးဟာ အထူးအခွင့်အရေးတွေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Yangon Petrol ဆီဆိုင်မှာဆိုရင် MD အဖြစ် အရင်ရန်ကုန်တိုင်း စက်သုံးဆီရောင်းဝယ်ရေး အရာရှိဖြစ်ခဲ့တဲ့ ဦးတင်နိုင်စိုးက MD အဖြစ်တာဝန်ယူပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့က ဒါရိုက်တာအဖြစ် ပါဝင်တာဝန်ယူပါတယ်။  ဦးတင်နိုင်စိုးဟာ တပ်မတော် အရာရှိဟောင်း လို့သိပြီး သူဟာ DSA အပတ်စဉ် (၃၀) ဆင်းတစ်ယောက်လို့ ကြားသိရပါတယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုက ဦးတင်နိုင်စိုးကလွဲရင် ကျန်တဲ့ ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့ ငါးဦးစလုံးဟာ PT Power ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါတယ်။ PT Power စက်သုံးဆီဆိုင်နဲ့ BOC စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေဟာ ဘယ်လိုကြောင့် နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့်တွေ ရရှိနိုင်ခဲ့သလဲ ဆိုတာနဲ့ နိုင်ငံ့အတွက် ဘယ်လိုအကျိုးပြုမှုတွေ ပြန်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို နိုင်ငံကပြန်ရမယ့်  အကျိုးရလဒ်တွေက အရင်နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပေးခဲ့သလိုမျိုး ပြန်ဖြစ်သွားစေနိုင်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။

နိုင်ငံပိုင်မြေတွေဟာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းခဲ့တဲ့အပြင် ဂရန်ပါ အမည်ပေါက် ပြောင်းခဲ့သလား

Yangon Petrol ကုမ္ပဏီဘက်ကနေ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ နိုင်ငံပိုင်မြေ ၂၆ ကွက်ကို ဧကပေါင်း ၃၇ ဒသမ ၇၀၉ ဧကအထိ လျှောက်ထားခဲ့မှု မှန်ကန်မယ်ဆိုရင် စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့ထက် ပိုမိုကျယ်ဝန်းတဲ့ ဧကကွက်များစွာလည်း ပါဝင်နေတယ်လို့ ဆိုရပါလိမ့်မယ်။

ဒီ ၃၇ ဧကကျော်အတွက်တော့ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံတော်ကိုပေးအပ်မယ့် ပမာဏဟာ ကျပ် ၃၃၀၁၈ သိန်းခန့်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက် သိရှိရပါတယ်။ Yangon Petrol က ဝယ်ယူခွင့် လျှောက်ထားလာတဲ့ ဒီမြေတွေရဲ့ ပကတိ ပြင်ပပေါက်စျေးကို အသာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်းနဲ့ တွက်ရင်ကိုပဲ မြေ ၂၆ ကွက်ရဲ့ ဧကမှာ ကျပ်ဘီလျံ ရာနဲ့ချီ နစ်နာနိုင်တာကို တွေ့ရပါတယ်။            

Yangon Petrol ဟာ လက်ရှိအချိန်မှာ မြေကွက်ခြောက်ကွက် ဝယ်ယူရရှိထားပြီး ဖြစ်တယ်လို့ ကြားသိရမှု မှန်ကန်မယ်ဆိုရင် ဒီမြေကွက်တွေဟာ ဘယ်မြို့နယ်က မြေကွက်တွေလဲဆိုတာ မသိရပေမယ့် လက်ရှိအချိန်မှာ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် လုပ်ကိုင်နေတဲ့ ဦးဟန်ဇော်ရဲ့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်နဲ့ သာကေတမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်း နေရာက ၁ ဒသမ ၆၄ရဧက ကျယ်ဝန်းတဲ့ မြေကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ Yangon Petrol ဆီဆိုင်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ခန့်မှန်းစတုရန်းပေ ၁၂၁,၀၉၆ ရှိတဲ့ မြေကွက်ကြီး နှစ်ကွက်အတွက် နိုင်ငံတော်က ရခဲ့တာဟာ ကျပ် ၂၃၄၁ သိန်းလို့ပဲ စုံစမ်းသိရပြီး အဲဒီပမာဏဟာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ အောက်နည်းတဲ့ နှုန်းထားနဲ့ ရောင်းချလိုက်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

သာကေတရှုခင်းသာ လမ်းမကြီးနေရာကို  ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေ စံနှုန်းမှာ တစ်ပေပတ်လည် ကျပ် ၆၅၀၀၀ လို့ သတ်မှတ်ထားပါတယ်။ Yangon Petrol က ရသွားတဲ့ အဲဒီနေရာဟာ ၁ ဒသမ ၆၄၇ ဧက ရှိတယ်လို့ စုံစမ်းသိရပြီး စတုရန်းပေ ၇၁၇၄၃ ပေနဲ့ တွက်မယ်ဆိုရင် ကျပ်သိန်း ၄၆၆၃၂ အထိ ဖြစ်နိုင်တဲ့အတွက် ဒီဆိုင်တစ်ခုတည်းကတင် ကျပ် ၄၅၁၉၈ သိန်း နစ်နာနိုင်ဖွယ် ရှိပါတယ်။



အိုးအိမ်က ရောင်းချပေးလိုက်တဲ့ အခြားမြေကွက်ဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်ကို ကျပ် ၉၀၇ သိန်းနဲ့ Yangon Petrol ကုမ္ပဏီကို ရောင်းချပေးလိုက်တာလို့ သိရပါတယ်။ ဒီနေရာဟာ ပြင်ပစျေးကွက်အရ တစ်ပေပတ်လည်ခန့်မှန်း ကျပ် ၈၀၀၀၀ လောက်ပါ။ အဲဒီတော့ ၁ ဒသမ ၁၃၃ ဧကအတွက် ကျပ် ၃၉၄၈၂ သိန်း ကျနိုင်ပါတယ်။

Yangon Petrol ကုမ္ပဏီကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေကွက်နှစ်ကွက် ရောင်းချပေးလိုက်မှုကနေ နိုင်ငံ့အတွက် ကျပ်သိန်းပေါင်းများစွာ နစ်နာဖွယ်ရာရှိတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီနစ်နာမှုကနေ တိုင်းပြည်က ဘာပြန်ရမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ ဒီမြေကွက် နှစ်ကွက်ဟာလည်း နိုင်ငံပိုင်အဖြစ်ကနေ Yangon Petrol ကုမ္ပဏီပိုင်အဖြစ် ဂရန်အမည်ပေါက် ပြောင်းလဲသွားပြီလို့ သိရပါတယ်။ ဒီနေရာမှာ မြေ  ၂၆ ကွက်ရဲ့ ၃၇ ဧကကျော်အတွက် အဆိုပြုထားတဲ့ ကျပ် ၃၃၀၁၈ သိန်းဟာ အိုးအိမ်ပိုင်မြေကွက် နှစ်ကွက်ရဲ့ ကာလပေါက်စျေးအောက်တောင် လျော့နည်းနေတဲ့အတွက် နိုင်ငံ့ဘဏ္ဍာ နစ်နာမှုဟာ အဆမတန် ကြီးမားများပြား နေပါတယ်။                                       

မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပိုင်ဆိုင်တဲ့ မြေကွက်နှစ်ကွက်ကို Yangon Petrol ဆီဆိုင်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးလိုက်မှု မှန် မမှန် မေးမြန်းစုံစမ်းရာမှာ မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က “Yangon Petrol အတွက် အိုးအိမ်ကမြေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ပေးခဲ့တာ မှန်ပါတယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဒီလိုရရှိမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေနေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီစျေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်၊ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာငါးခုမှာ လူအမည် နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာဝမကျဘူး” လို့ ပြောပါတယ်။

ဒီလို ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး Daily Eleven သတင်းစာက စုံစမ်းရာမှာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးလိုက်တဲ့ နိုင်ငံပိုင်မြေကွက်တွေကို Yangon Petrol ကုမ္ပဏီက ဂရန်အမည်ပေါက် ဖောက်ထားပြီး ဖြစ်တယ်လို့ သိရပြီး ကုမ္ပဏီ အမည်ပေါက်နဲ့လား။ လူနာမည်နဲ့လား ဆိုတာကို Yangon Petrol ကုမ္ပဏီဘက်ကို Daily Eleven သတင်းစာက ပေးပို့ခဲ့တဲ့ မေးခွန်းတွေ ပြန်လည်ဖြေကြားလာရင် သိရမှာဖြစ်ပြီး ဒီမေးခွန်းမျိုး အလားတူကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ မေးမြန်းထားပါသေးတယ်။ ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Yangon Petrol ကုမ္ပဏီကို မေးမြန်းထားပေမယ့် ဇန်နဝါရီ ၃၀ ရက် ညပိုင်းဖောင်ပိတ်ချိန်အထိ တုန့်ပြန်ဖြေကြားလာမှု မရရှိသေးတာကြောင့် ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း မရှိပေမဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Yangon Petrol ကုမ္ပဏီက ပြန်လည် ဖြေကြားလာရင်တော့ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်က ဘာပြန်ရမလဲ

ဇန်နဝါရီ ၂၅ ရက်မှာ NLD ပါတီရဲ့ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်းက Yangon Petrol ဆီဆိုင်နဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ပို့စ်မှာဆိုရင် “အခု Yangon Petrol က ဆီစျေးတွေကျအောင် လုပ်နေတာ ပြည်သူတွေအတွက် အကျိုးမဖြစ်ထွန်းဘူးလား။ ခရိုနီတွေကတော့ ဘယ်ကြိုက်ပါ့မလဲဗျာ။ Yangon Petrol က တင်ဒါခေါ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရပိုင် ငွေကြေးနှင့် ဆောင်ရွက်တဲ့ကိစ္စ မဟုတ်ပါ။ အစိုးရပိုင်မြေကို အလကားသုံးစွဲနေခြင်း မဟုတ်ပါ။ အထူးဂရန် ပေါက်စျေး ၉၀၀ နှင့်တောင်ပေးခြင်း မဟုတ်ဘဲ 1 Sqfeet ကို ၂၀၀၀ နှင့် ပေးခြင်းပါ။ ရန်ကုန်တိုင်းအစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်လို့ G to G ဆက်သွယ်ပေးသော်လည်း အလုပ်လုပ်တဲ့အခါ B to B ဖြစ်ပါသည်။ ရန်ကုန်တိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အဓိက အကြောင်းရင်းမှာ စျေးနှုန်းလျှော့ရောင်းရန် ဖြစ်ပါတယ်။ ရတဲ့အမြတ် ၂၀ ရာခိုင်နှုန်းကို အစိုးရကို ပေးရပါမယ်။ သတင်းအချက် မှားယွင်းဖော်ပြမှုဆိုတာ အမည်ဖျက်စေလိုခြင်း၊ ပြည်သူအထင်အမြင် လွဲမှားအောင်လုပ်ခြင်း ဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမူပါ” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။

ဦးမျိုးရန်နောင်သိန်းရဲ့ အဆိုအရ နိုင်ငံပိုင်မြေတွေကို Yangon Petrol က ကျပ် ၂၀၀၀ နဲ့ ရထားတယ်။ အဓိကလုပ်မှာက ဆီစျေးကျအောင် လုပ်မှာဖြစ်တယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်တာဖြစ်လို့ G to G ဆက်သွယ်ပေးပေမယ့် အလုပ်လုပ်တဲ့အခါ B to B လုပ်မယ်။ ရလာတဲ့ အမြတ်ရာခိုင်နှုန်း ၂၀ ကို အစိုးရကို ပေးရမယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။

ဒီနေရာမှာ မေးစရာဖြစ်လာတာက နိုင်ငံပိုင်မြေကို အလွန်နည်းပါးတဲ့စျေးနှုန်းနဲ့ ရောင်းချပေးလိုက်တာကြောင့် ကျပ်ဘီလျံရာပေါင်းများစွာ နစ်နာမှုပါ။ Daily Eleven သတင်းစာရဲ့ တွက်ချက်မှုအရ နိုင်ငံပိုင်မြေတွေကို ကျပ် ၃၃၀၁၈ သိန်းခန့်နဲ့ ရယူခွင့်ပြုပေးခဲ့မယ်ဆိုရင် ပြင်ပပေါက်စျေးရဲ့ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိနေတဲ့အပြင် ဒီလိုအခွင့်အရေးများစွာ ရထားတဲ့ Yangon Petrol ဆီဆိုင်က စျေးနှုန်းချိုသာစွာ ရောင်းချပေးမယ် ဆိုပေမယ့် တချို့ရက်တွေမှာ ပြည်တွင်းက ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး နိုင်ငံကို ကျပ်ဘီလျံပေါင်းများစွာ အခွန်ဆောင်ထားတဲ့ အခြားစက်သုံးဆီ ကုမ္ပဏီတွေထက် စျေးအနည်းငယ်များနေတဲ့ အခြေအနေတွေနဲ့ လက်ရှိမှာ စတင်အသက်ဝင်နေပြီဖြစ်တဲ့ ယှဉ်ပြိုင်မှုဥပဒေအရ မမျှတတဲ့ယှဉ်ပြိုင်မှု ဖြစ် မဖြစ် ဆိုတာနဲ့ စက်သုံးဆီစျေး ကျဆင်းအောင် ပုဂ္ဂလိကနဲ့  လုပ်ကိုင်တယ် ဆိုရာမှာ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီရင် တိုင်းပြည်က နစ်နာမှုအတွက် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမလဲ ဆိုတာ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နောက်လာမယ့် ငါးနှစ်မှာ၊ နောက်လာမယ့် ၁၀ နှစ်မှာ အရင်တုန်းက နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေကို လွှဲပြောင်းယူခဲ့တဲ့ ကုမ္ပဏီကြီး ၂၀ လို Yangon Petrol ဟာ ဆီစျေးတက်ရင် ချက်ချင်းတက်ပြီး ဆီစျေးကျရင် လိုက်မချတဲ့ အခြေအနေဖြစ်နေမယ်ဆို ဒီလိုဖြစ်လာတာကို ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်နေကြပါတယ်။

လက်ရှိအခြေအနေမှာ Yangon Petrol ကို နိုင်ငံပိုင်မြေတွေ ဘီလျံရာနဲ့ချီ အဆုံးရှုံးခံပြီး လွှဲပြောင်းမှုဟာ ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ ဆွေးနွေးတင်ပြထားတာ မတွေ့ရသလို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း ဆွေးနွေးတင်ပြထားမှု မရှိပါဘူး။ တစ်ဖက်မှာ ဆိုရင်လည်း လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကလည်း အသံထွက်နေသလို ဘာကြောင့် ခွင့်ပြုခဲ့ပြီး စက်သုံးဆီစျေး ကျဆင်းမယ်ဆိုတဲ့ အာမခံချက်၊ စက်သုံးဆီစျေးကို သူများထက် ဘယ်လောက်အထိလျှော့ပြီး ဘယ်အချိန်အထိ ရောင်းမလဲဆိုတဲ့ အာမခံချက်တွေဟာ ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အာမခံချက် မရှိဘဲ၊ ရှင်းလင်းမှု မရှိဘဲ နိုင်ငံပိုင်မြေတွေကို ကျပ်ဘီလျံရာနှင့်ချီ အဆုံးရှုံးခံပြီး ရောင်းချပေးလိုက်မယ်ဆိုရင် နိုင်င့ံနစ်နာမှုအတွက် ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ ကိုက်ညီမျှတမှု ရှိ မရှိ ပြန်လည်စိစစ်ပေးဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။

■ မှတ်ချက်

- အထက်ပါတွက်ချက်မှုအရ YP ၏ မြေကွက် ၂၆ ကွက်အတွက် အဆိုပြုစျေးနှုန်းမှာ ကျပ် ၃ ဒသမ ၃ ဘီလျံသာရှိသဖြင့် နိုင်ငံနစ်နာနိုင်ဖွယ်ရှိသည့် ခန့်မှန်းပမာဏမှာ ကျပ်ဘီလျံ ၂၀၀ ကျော်မှ ၃၀၀ အကြားတွင် ရှိနိုင်ပါသည်။        

- အထက်ပါတွက်ချက်မှုများမှာ သတင်းရရှိထားသော YP ၏ ခန့်မှန်းအဆိုပြုစျေးနှုန်း၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့နှင့် ပြင်ပကာလပေါက်စျေးများကို ယှဉ်တွဲ၍ ခန့်မှန်းတွက်ချက် ဖော်ပြထားခြင်းဖြစ်ပြီး စည်ပင်သာယာပြင်ပ မြို့နယ်စျေးများကို အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသော နှုန်းထားဖြင့် တွက်ချက်ထားခြင်းဖြစ်၍ အပြောင်းအလဲအချို့ ရှိနို်င်ပါသည်။

 

Yangon Petrol ကုမ္ပဏီအား စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် မြေနေရာပေးမှုများနှင့် ပတ်သက်၍ စကားသံများ

ဒေါ်ညိုညိုသင်း (Yangon Watch တည်ထောင်သူ)

စက်သုံးဆီကို အခုလိုမျိုး ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လုပ်ချင်တဲ့၊ လုပ်လိုတဲ့ သာမန်ပြည်သူလူထုတွေ၊ အသေးစားစီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ အပြိုင်အဆိုင် အများကြီး လုပ်ခြင်းအားဖြင့် ဆီစျေးနှုန်းကို ချနိုင်တယ် ဆိုတာကို သာမန်လူတွေတောင် သိတယ်။ အဲဒီတော့ အခုလိုမျိုး ဆီစျေးနှုန်း ကျအောင်အတွက် YP တစ်ခုထဲကို ပေးတာမျိုး ဆိုရင်တော့ ဒါဟာ လုပ်ပုံလုပ်နည်း မှားနေတယ်လို့ ပြောရမှာပဲ။ ရည်ရွယ်ချက်ကတော့ ကြားလို့ကောင်းတယ်။ ဆီစျေးနှုန်းကို ချဖို့အတွက် ကုမ္ပဏီတစ်ခုတည်းကို ၂၆ ပေးတယ် လို့ဆိုတာဟာ ကြားလို့တော့ကောင်းတယ်။ လုပ်ပုံလုပ်နည်းလည်း မမှန်ဘူး။ အထူးသဖြင့် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်ရှိတယ်လေ။ ၁/၂၀၁၇ ရှိတယ်။ လုပ်ငန်းတွေလုပ်တဲ့အခါ၊ တင်ဒါခေါ်ယူတဲ့အခါမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ပြောထားတယ်။ ဒါတွေကို မြန်မာ့အသံကနေ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က နေ့တိုင်းနီးပါး ပညာပေးနေတယ်။ ၁/၂၀၁၇ ကို အစိုးရတွေက မလိုက်နာလို့ရှိရင် အဂတိလိုက်စားမှု ဖြစ်ပါတယ် လို့လည်း အတိအလင်းကို ပညာပေးနေတာ၊ နိုင်ငံတော် ပိုင် ရုပ်မြင်သံကြားကနေ အခုလို အစိုးရအဖွဲ့တွေကို အတိအလင်း သတိပေးနေတာကို သတိ ပေးချက်ကို ဂရုမစိုက်ဘဲနဲ့ လျစ်လျူရှုပြီးတော့ ကုမ္ပဏီတစ်ခုတည်းကို ဆီစျေး နှုန်း ကျစေဖို့ရည်ရွယ်ချက်နဲ့ ပြည်သူပိုင်မြေ ၂၆ နေရာကို ဘယ်လိုမှ စျေး ကွက်ပေါက်စျေးမဟုတ်တဲ့ မလျော်တဲ့စျေးနှုန်းနဲ့ ချပေးလိုက်တယ်ဆိုတာက စျေးကွက်ကို လက်ဝါးကြီးအုပ်မှုဖြစ်စေတယ်။ တစ်လီတာကို ၄၀ လောက်ချ ပေးတယ်ဆိုတာက သူ့လိုမျိုး အခွင့်အရေးမရတဲ့ အခြားလုပ်ငန်းရှင်တွေ လည်း ရောင်းပေးနေနိုင်တာပဲလေ။ ဒါက ထူးပြီးတော့ ပြည်သူလူထုအတွက် ထူးခြားပြီးရတဲ့ အခွင့်အရေးကြီး မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထုအတွက် ကတော့ အများပိုင် ၂၆ နေရာကို မတန်တဆစျေးနှုန်းနဲ့ ပေးလိုက်ရတဲ့ အတွက်ကြောင့်မို့လို့ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားတယ်။ ပြည်သူလူထုအတွက် မြတ်တာနဲ့ ဆုံးရှုံးတာကို ယှဉ်ကြည့်လိုက်တဲ့အခါ ဆုံးရှုံးတာက သိသာထင်ရှားပြီးတော့ ပြည်သူလူထုအတွက် အကျိုး၊ အမြတ်ဆိုတာ မထင်ရှားဘူး။ ဒီနေရာမှာ ပြောချင်တာက ဒီလုပ်ငန်းရှင်တွေက အစိုးရကို လုပ်ငန်းလုပ်ခါနီးမှာ ကတိပေးကြတာပဲ။ ဦးသိန်းစိန် လွှတ်တော်ကာလမှာ မေးခွန်းတွေ မေးတဲ့အခါမှာ ဆီဆိုင်ကိစ္စတွေ ဆွေးနွေးဖြစ်တာပါတယ်။ အဲဒီတုန်းက ဘာပြောလဲဆိုတော့ အခုဆီဆိုင် လုပ်ငန်းရှင်တွေက တစ်ဂါလံကို ၂၅၀၀ ထက် ပိုမရောင်းဘူးဆိုတဲ့ ကတိရှိခဲ့တယ်။ အခုကျတော့ ဘယ်စျေးဖြစ်နေပြီလဲ။ ၄၅၀၀ ပတ်ဝန်းကျင် ဖြစ်နေပြီ။ လုပ်ငန်းရှင်ဆိုတာက စျေးကွက်ရဲ့ အနေအထားကိုကြည့်ပြီးတော့ သူတို့ပေးထားတဲ့ ကတိကိုရမယ့် အမြတ်လောက် တန်ဖိုးထားတာ မဟုတ်ဘူး။ YP က အစိုးရကို ဘယ်လိုကတိတွေ ပေးထားတယ်ဆိုတာ အန်တီတို့ ပြည်သူလူထုလည်း မသိဘူး။ ဘယ်ပုံစံနည်းနဲ့ ၂၆ နေရာကို ပေးလိုက်တယ်ဆိုတာ မသိရဘူး။ လွှတ်တော်ကို တင်ပြထားခြင်းလည်း မရှိဘူး။ အရေးကြီးတာက ဝန်ကြီးဌာနကိုက ဒီလုပ်ငန်းတွေကို ခွင့်ပြုချက် မပေးသေးဘူးလို့ ပြောတယ်။ ခွင့်ပြုချက် မပေးသေးဘူး ဆိုပေမဲ့ မြေပြင်မှာတော့ ဒီလုပ်ငန်းတွေက လည်ပတ်နေပြီ။ ဒါဟာဘာကို ထင်ရှားစေလဲဆိုတော့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက လုပ်ထုံးလုပ်နည်းတွေကို ဥပက္ခာပြုတယ်။ တည်ဆဲ ဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေကို မလေးစားဘူးဆိုတာ ပြတယ်။ အစိုးရကိုယ်တိုင်ကိုက တည်ဆဲလုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို မလေးစားဘူး ဆိုလို့ရှိရင် ကျန်တဲ့လုပ်ငန်းရှင်တွေ၊ သာမန်ပြည်သူ လူထုတွေက ဥပဒေကို ချိုးဖောက်ကြလိမ့်မယ်။ အဲဒီအခါမှာ တရားဥပဒေ စိုးမိုးရေး အခြေအနေက အင်မတန် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်

 

ဦးကျော်ဇေယျ (ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

သိသလောက်တော့ ပထမစစချင်း ငါးနေရာပေါ့။ ဘာဖြစ်ဖြစ်ဒီဟာကတော့ ဆီဆိုင်ဆိုတာက ကျွန်တော် လေ့လာသလောက် ဆိုင်တစ်ဆိုင်ကို ချပေးဖို့ ဆိုတာကို ပါမစ်က တော်တော်ကြာတာ။ အခုကျတော့ အရမ်းကို လျင်လျင်မြန်မြန်နဲ့ လုပ်ငန်းရှင်ကို။ ကျွန်တော်တို့ စုံစမ်းတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီမှတ်ပုံတင်ရုံးကို လှမ်းပြောဖို့ YP က မှတ်ပုံတင်တယ်။ အဲဒါကြောင့် အံ့သြရတယ်။ မြန်မြန်ချပြီးတော့ ကုမ္ပဏီဖွင့်တယ်။ ဆီဆိုင်ဖွင့်တယ်ဆိုတော့။ ဒါကတော့ထားပါတော့။ ဘာပဲဖြစ်ဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ သဘောထားကတော့ စက်သုံးဆီစျေးကိုကျဖို့ ဘာဖြစ်တယ် ညာဖြစ်တယ် အမြဲတမ်းပြောတယ်။ လုပ်ငန်းရှင်ကို အမြန်ဆုံး ချပေးတာကတော့ ဆီဆိုင်တစ်ခုက သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေကို လေ့လာဆန်းစစ်ရမှာ၊ မီးသတ်တို့ ထုံးစံအတိုင်းပေါ့။ သက်ဆိုင်ရာအားလုံး သေချာဆန်းစစ်သင့်တယ်။ လုပ်ပေးမယ်လို့ ရည်ရွယ်ချက်ရှိရင်လည်းပဲ တင်ဒါမခေါ် ဘာမခေါ်နဲ့ ပေးလိုက်တာကတော့ လုပ်ထုံးလုပ်နည်းနဲ့ လွဲနေပြီ။ ဒါကို စောင့်ကြည့်နေပါတယ်။ ဒီလိုဟာတွေ ရောင်းတောင်မှ ဒီလိုလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ သေချာပေါက်ရှိမယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုတော့ Investment Forum မှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေကို တွေ့နေပြီ။ မြှုပ်နှံချင်တဲ့သူတွေ လာတော့မယ်။ ဆီဆိုင်ဖွင့်ပြီး စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချင်တဲ့ သူတွေရှိတယ်။ နှစ်ချီပြီးတော့ ဒီလိုအခွင့်အရေးကို စောင့်ဆိုင်းပြီး လုပ်နေရတယ်။ ဒီလုပ်ငန်းကြီးက ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ မျှတရဲ့လား ဒါလေးပြောချင်ပါတယ်။ ဒါလေးက အများကြီး အားနည်းနေတယ် ဆိုတာကို မှတ်ချက်ပေးလိုပါတယ်။ ဒီမြေတွေကို ငှားရမ်းတာလား၊ တစ်ခါတည်း ရောင်းလိုက်တာလား အဲဒါကို သိချင်နေတယ်။ မြေကို တစ်ခါတည်း ရောင်းလိုက်တယ်လို့ ကြားတယ်။ တိတိကျကျ မသိဘူးဖြစ်နေတာ။ အနှစ်သာရကတော့ ဒီလုပ်ငန်းက မျှတမှုမရှိဘူး

 

ဦးကျော်ကျော်ထွန်း (လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အစိုးရပိုင်မြေတွေဆိုတော့ အလကားပေးတာ မဟုတ်တဲ့အတွက် ငှားရမ်းခတွေရမယ်။ ဆိုင်တစ်ဆိုင်ဖွင့်လာတဲ့ အခွန်တွေ အကောက်တွေရမယ်။ ဆီစျေးက တစ်လောက ကစားတာကို ပြိုင်ဆိုင်မှုများလာပြီး ပြိုင်ဆိုင်မှု ဖြစ်စေချင်တယ်လို့တွေးပြီး လုပ်တယ်ထင်တယ်။ ဘာတစ်ခုတော့ သတိထားရမလဲဆိုတော့ အစိုးရမြေတွေ ဆိုပေမဲ့ ဘေးပတ်လည်မှာရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ထည့်စဉ်းစားရမယ်။ ဓာတ်ဆီဆိုင်တစ်ဆိုင် ဖွင့်တယ်ဆိုတာ တော်တော်လေး တစ်ခုခုဖြစ်ရင် အန္တရာယ် အရမ်းများတယ်။ အဲဒါလေးတွေကို ချိန်ဆပြီး လုပ်စေချင်တယ်။ ဖွင့်မယ့်နေရာမှာ ပြသနာက ဘာလဲဆိုတော့ ပြည်သူတွေ နေထိုင်တဲ့နေရာမှာ ထိပ်တိုက်တွေ့ရတာက လွှတ်တော်ကိုယ်စားလှယ်တွေလေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ကွန်ပလိန်းကလာတာ၊ ဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာမှာတုန်းက ဓာတ်ဆီဆိုင်တစ်ခု ဖွင့်တဲ့အတွက် အမတ်ကို ကွန်ပလိန်းလာတယ်။ အဲဒီမှာ ပြသနာလေးတွေ တက်တာပေါ့။ အဲဒါလေးတွေကို ကြိုပြီးညှိနှိုင်းသင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အစိုးရလုပ်တာတွေကို လိုက်ကန့်လန့်တိုက်နေတာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က နဖူးတွေ့ ဒူးတွေ့ တွေ့ရတာကို အဲဒီကြားမှာ ရှင်းနိုင် လင်းနိုင်အောင်၊ စိုးရိမ်ပူပန်မှု လျော့အောင်လုပ်ဖို့ တာဝန်ရှိတယ်လေ။ အစိုးရက တစ်တိုင်းလုံးကို ခြုံငုံပြီး ကြည့်ရတာလေ။ ဓာတ်ဆီဆိုင်တွေက လိုတော့လိုတယ်။ ရန်ကုန်တိုင်းက ကားကအများဆုံး၊ ဆီစျေးတွေ ဘာတွေ၊ ဝင်ငွေတွေ ထည့်တွက်တာရှိတယ်။ ဝင်ငွေကလည်း လိုတယ်။ အစိုးရမြေ ဒီအတိုင်းထားရင် ငွေရပေါက်ရလမ်း တကယ်လိုအပ်တာရှိတယ်။ နှစ်ဖက်ကို ချင့်ချိန်ပြီးသွားတာ ပိုကောင်းတာပေါ့

 

ဒေါ်စန္ဒာမင်း (ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းမှာ စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ဖို့ကို ပထမ တစ်နှစ်ခွဲ၊ နှစ်နှစ်ခွဲ ကာလလောက် ဘာမှမချထားပေးဘူး၊ ထိန်းချုပ်ထားတယ် ဆိုတာကို တွေ့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ ကျွန်မတို့ တိုင်းမှာ စက်သုံးဆီဆိုင်တွေ ထပ်မံမချထားပေးဘူးလို့ ကျွန်မတို့ထင်ထားတာ။ သို့သော်လည်း အခုကျတော့ မမျှော်လင့်ဘဲ စက်သုံးဆီဆိုင်ကြီး ထွက်လာတယ်။ ကျွန်မတို့သိတုန်းက ငါးဆိုင်လို့ပဲ သိထားတာ။ ငါးဆိုင်မဟုတ်ဘဲနဲ့ ၂၆ ဆိုင် ဖြစ်နေတော့ တော်တော်ကြီးကို အံ့သြရတယ်။ ကျွန်မတို့ ရရှိထားတဲ့ စာရွက်စာတမ်းအရ စက်သုံးဆီမြေနေရာ ငှားရမ်းခွင့်ရရှိရေး တင်ပြထားမှု အခြေအနေအရ မြေပိုင်ဆိုင်တဲ့ မြေကြီးဌာနက အိုးအိမ်၊ စည်ပင်၊ မီးရထား ဝန်ကြီးဌာနတို့ ဖြစ်နေတာ တွေ့ရတယ်။ အဲဒီလို လျှောက်တဲ့နေရာမှာ တွေ့ရတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Yangon Petrol Company Limited လို့ ရေးထားတာကို ကျွန်မတို့ တွေ့ရတယ်။ ဝန်ကြီးချုပ် ဖြေတာနဲ့ နည်းနည်းတော့ ဒွိဟဖြစ်နေတာပေါ့။ ၂၀၁၈ အောက်တိုဘာလောက်မှာ လျှောက်ပြီးတော့ ချပေးတာ အရမ်းမြန်တယ်လို့ သိရတယ်။ ကျွန်မတို့ သိတာကတော့ ၂၀၁၉ ဇန်နဝါရီမှာ ခွင့်ပြုချက်ကျတယ်လို့ သိရတယ်။ ထောက်ခံချက်တွေ ပေးထားတာကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အကျိုးတူပူးပေါင် းဆောင်ရွက်လျက်ရှိသည့် Yangon Petrol Company Limited ဆိုပြီးတော့ ထောက်ခံချက်တွေ လျှောက်တဲ့နေရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကနေပြီးတော့ လက်မှတ်ထိုးပြီး လျှောက်ထားတာ မျိုးတွေပေါ့။ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က စက်သုံးဆီဆိုင် မြေနေရာတွေကိုပဲ ငှားရမ်းပေးတာလား၊ အကျိုးတူ ဆောင်ရွက်တာလား ဆိုတာကို သေသေချာချာ မကွဲပြားဘူး ဖြစ်သွားတယ်။ “အခုလိုမဟုတ်ဘဲ ကျွန်မတို့ တွေ့လိုက်ရတာက Yangon Petrol Company Limited ကို လုပ်ကိုင်နေတဲ့ PT Power ကုမ္ပဏီနဲ့ BOC ကုမ္ပဏီဆိုပြီး တွေ့ရတယ်။ ကျွန်မစိတ်မကောင်းတာက ထွက်လာတာက ငါးဆိုင်မဟုတ်ဘဲနဲ့ ၂၆ ဆိုင်ဖြစ်ပြီးတော့ PT Power ကုမ္ပဏီနဲ့ BOC ကို နိုင်ငံပိုင်မြေ ချပေးတာလဲ ဆိုတာကို ပြောချင်တယ်။ ဒီအစိုးရမြေကို အစိုးရက ပြည်သူလူထုအတွက် အနစ်နာခံပြီးတော့ မြေစျေးကို လျှော့ရောင်းပေးမယ်ဆိုရင် ပြည်သူလူထုအတွက် တကယ်ရော အကျိုးအမြတ် ရရှိမှာလား၊ ဘာဖြစ်လို့လဲဆိုတော့ PT Power ကုမ္ပဏီက သူ့ရဲ့ဆိုင်တွေ ရှိထားပြီးသား။ BOC ကလည်း သူ့ရဲ့ဆိုင်တွေ ရှိထားပြီးသား။ အဲဒီတော့ သူတို့ရဲ့ဆိုင်တွေမှာ စျေးတစ်မျိုးနဲ့ရောင်းမယ်။ Yangon Petrol မှာတော့ စျေးတစ်မျိုးနဲ့ရောင်းမယ် ဆိုတာက ဖြစ်နိုင်ပါ့မလား။ တကယ်တိုင်းပြည်အတွက် အနစ်နာခံတယ်ဆိုရင် သူတို့ရဲ့ဆိုင်တွေမှာပါ စျေးလျှော့ရောင်းလေ။ တစ်ပြိုင်နက်တည်းပေါ့။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို အစိုးရပိုင်မြေတွေကို တင်ဒါမခေါ်ဘူး။ Switch Challenge တောင်မလုပ်ဘဲနဲ့ ဒါတွေကို ပေးသုံးနေတယ်ဆိုရင် အမှုကြီးတယ်လို့ ပြောချင်တယ်။ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောချင်တယ်။ Register မှာတော့ DICA မှာ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတယ်။ ဒါဆိုရင် ပုဂ္ဂလိပိုင်ကုမ္ပဏီ အစိုးရပိုင် မြေငှားဖို့ တင်ဒါမခေါ်ဘူး။ တစ်ဦးတစ်ယောက်ကို မြေပေးလိုက်တယ်ဆိုရင် လုပ်ထုံးလုပ်နည်း မှားတယ်ဆိုတာကို ပြောချင်တယ်။ တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေနေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီစျေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်။ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာငါးခုမှာ လူအမည် နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာဝမကျဘူး။ နိုင်ငံတော်က တစ်ပေပတ်လည် ၂၀၀၀ နှုန်းနဲ့ပေးတာကို မပြောလိုဘူး။ ပြည်သူလူထုအတွက် အရှုံးခံပြီးတော့ မြေစျေးကို အရှုံးခံပြီးတော့ ပေးလိုက်ရင် ပြည်သူလူထုအတွက် အကျိုးရှိတယ်ဆိုရင် ပေးလိုက်။ ဒါမှမဟုတ်ဘဲ လက်သင့်ရာ စားတော်ခေါ်တဲ့နည်းနဲ့ မပေးဘဲနဲ့ အများသူငါ ယုံကြည်ရတဲ့ သူတွေအတွက် Open ဖွင့်ပေးလိုက်။ ပြီးရင် သူတို့နဲ့ သဘောတူညီမှုယူလိုက်။ နှစ်ပေါင်းဘယ်လောက်အထိ သက်သာတဲ့စျေးနှုန်းနဲ့ စက်သုံးဆီ ရောင်းပေးနိုင်သလဲဆိုတဲ့ သဘောတူညီချက်ကို သိချင်တာ။ အဲဒီလိုမျိုး သဘောတူညီချက်တွေ သေသေချာချာ မပါဘဲနဲ့ ကျန်ရှိတဲ့ အစိုးရသက်တမ်း နှစ်နှစ်ကာလမှာပဲ အရှုံးပြပြီးတော့ ၂၀၂၀ နောက်ပိုင်းမှာ ပြည်သူလူထုကို အမြတ်တင်ပြီးတော့ သူတို့ရဲ့ PT Power တို့ BOC တို့ စျေးနှုန်းအတိုင်းရောင်းရင် ဘယ်သူက တာဝန်ယူမှာလဲ ဆိုတာက အရေးကြီးပါတယ်။ YP နဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကနေပြီးတော့ လိုင်စင်ရရှိထားသေးတာ မရှိဘူးလို့ သိရတယ်။ နောက်ပြီးတော့ ပြည်ထောင်စုရဲ့ သိုလှောင်ရောင်းဝယ်ခွင့် လိုင်စင်လည်း မရရှိသေးဘူးဆိုတာ သိရတယ်။ ပေါက်ကွဲမှုလိုင်စင် မရရှိသေးတဲ့အပြင် တင်ကိုမတင်ထားဘူး ဆိုတာကိုလည်း သိရှိရတယ်။ ဒီမြေတွေကို ချထားပေးတယ် ဆိုတာက သဘာဝမကျဘူး။

Most Read

Most Recent