အကယ်ဒမီထွန်းအိန္ဒြာဗိုလ်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်နှင့် တွေ့ဆုံခြင်း
Published 30 January 2019
စုမှူးနိုင်

ပရိသတ်တွေရဲ့ရင်ထဲက ချစ်ခင်အားပေးမှုတစ်ခုနဲ့အတူ ဂီတအနုပညာရပ်ဝန်းမှာရော ရုပ်ရှင်အနုပညာရပ်ဝန်းမှာပါ အောင်မြင်တဲ့အနုပညာခရီးလမ်းကို ဖြတ်သန်းနိုင်ခဲ့ အနုပညာရှင်တစ်ဦးကတော့  အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ပါ။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းကစလို့ အနုပညာလှုပ်ရှားမှုတွေကို လျှော့ချခဲ့တာဖြစ်ပေမယ့် ပရိသတ်အတွက် အနုပညာကောင်းတွေ တင်ဆက်ဖို့ကိုလည်း ကြိုးစားနေသူပါ။ ဖေဖော်ဝါရီ ၁ ရက်မှာလည်း သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပါဝင်ထားတဲ့ ထွန်းအိန္ဒြာဗိ်ုလ်က လာမယ့်အကယ်ဒမီအတွက် သူမ ပါဝင်ထားတဲ့ ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ နဲ့ ‘ကြတ်ဂူ’ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အကယ်ဒမီဆုခန့်မှန်းပေးခြင်းကို ခံနေရသူဖြစ်တာကြောင့် သူ့ရဲ့ အနုပညာခြေလှမ်းတွေ အကြောင်းမေးမြန်းဖြစ်ခဲ့ပါတယ် .  .  .  .

 

မေး -          ဟာသဇာတ်ကားတွေ အရိုက်နည်းပေမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ရုံတင်တော့မယ့် ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားလေး ရိုက်ကူးဖြစ်ခဲ့တာလေး။

ဖြေ - အဲဒီဇာတ်ကားလေးက ‘ခသုံးလုံး’ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ဇာတ်ကားလေးပါ။ ဒီထုတ်လုပ်ရေးကို ကိုခန့် (ခန့်စည်သူ) ရယ် မခိုင်လေး (ခိုင်သင်းကြည်) ရယ်နဲ့ ကျွန်မတို့ သုံးယောက်ပေါင်းပြီး ထူထောင်ကတည်းက တစ်ယောက်ရဲ့ ရွေးချယ်မှုကို ကျန်တဲ့သူတွေက ပူးပေါင်းပါဝင်ကြရမှာဖြစ်သလို ပွဲဦးထွက်ဇာတ်ကားလေးမှာ အားလုံးစုစုစည်းစည်းပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးဖို့ အတွက်ပါဝင်ဖြစ်ခဲ့တာပါ။

မေး - ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားမှာ ဟာသလုပ်ရတဲ့အခါ အစ်မအတွက် ဘယ်လိုအခက်အခဲလေးတွေ ကြုံရလဲ။

ဖြေ - နဂိုတည်းက ကျွန်မအတွက်က ဟာသလုပ်ရတာက ဒရမ်မာလုပ်ရတာလောက် သက်သောင့်သက်သာ မဖြစ်ဘူး။ အားမရဘူးပေါ့။ အဲဒီထဲမှာ ဒီဇာတ်ကားမှာက ဟာသလုပ်ရတဲ့အပြင် တရုတ်စကားသံပါ ထပ်ဝဲခိုင်းလိုက်တော့ ပိုဆိုးတယ်။ ဒါကြောင့်လည်း ဇာတ်ကားမရိုက်ခင်ကတည်းက ကျွန်မရဲ့ ဇာတ်ဝင်ခန်းတွေကို လျော့နိုင်သလောက် လျော့ပေးဖို့တောင်းဆိုခဲ့တာပါ။ အကောင်းဆုံးဖြစ်အောင်တော့ သရုပ်ဆောင်ထားပါတယ်။

မေး -  ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားမှာ  အမှတ်တရအဖြစ်ဆုံး ဇာတ်ဝင်ခန်းဆိုရင်။

ဖြေ - အဲဒါကတော့ ငါ့သမီးတွေ တရုတ်စကားဘယ်လောက်ပြောတတ်ပြီလဲ ပြောကြည့်စမ်းဆိုပြီး တရုတ်စကားပြောခိုင်းတဲ့ အခန်းပါပဲ။ ကျွန်မပြောရတဲ့ အသံကို ကျွန်မအရမ်းရယ်ချင်တယ်။ အဲဒီဇာတ်ဝင်ခန်း ရိုက်နေတုန်းကလည်း ကိုယ်တိုင်က မရယ်မိအောင် အရမ်းကိုထိန်းပြီး ရိုက်ကူးခဲ့ရတယ်။  ပြောလည်းပြောပြီးရော ကင်မရာက ကျွန်မကို အမြန်ဘောင်းအောက်ပေးလိုက်တယ်။ မဟုတ်ရင် အာ့အခန်းက ပျက်သွားဦးမှာ။

မေး - ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ဒီဇာတ်ကားကို လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ ပျော်ရွှင်စွာရယ်မောနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ပရိသတ်တွေရယ်သံကို ကြားရရင်ကို ကျွန်မတို့အတွက် ပီတိပါပဲ။

မေး -  ဒီနှစ် အကယ်ဒမီမှာ အစ်မအတွက် ပရိသတ်တွေ ခန့်မှန်းပေးနေကြတဲ့ ဇာတ်ကားနှစ်ကားပါဝင်တဲ့အပေါ် အစ်မရဲ့ ရင်ခုန်သံလေးကိုလည်း သိပါရစေ။

ဖြေ -  ဒီနှစ်မှာက အကယ်ဒမီ စာရင်းဝင်တဲ့ ဇာတ်ကား ၈၃ ကားရှိပါတယ်။ ကျွန်မဇာတ်ကားက နှစ်ကားလေးပဲပါတာပါ။ သိပ်လည်းမျှော်လင့်လို့မရပါဘူး။ ရင်တော့မခုန်မိပါဘူး။ ကျွန်မတို့လောကသားတွေမှာက နာမည်ထွက်ပြီး မရတာတွေကလည်း လူတိုင်းကြုံဖူးကြတယ်။ အရင်နှစ်ကလည်း ကျွန်မအတွက် မှန်းပေးကြတာပါပဲ။ တကယ်ရမှ သာပျော်ရမှာပါ။ ဘယ်သူပဲ ရခဲ့ရခဲ့ ဇာတ်ကား ၈၃ ကားထဲကနေရတာဖြစ်လို့ ရတဲ့သူတွေအတွက်တော့ ဂုဏ်ယူပါတယ်။

မေး - ဒီနှစ်မှာ အကယ်ဒမီအပြင် Star Awards အတွက် အစ်မရဲ့ ခံစားမှုနဲ့ အမြင်ကရော။

ဖြေ - Star Awards အပေါ်မှာကျွန်မသေချာ လေးထဲထဲဝင်ဝင် မလေ့လာမိသေးပါဘူး။ ဒါပေမဲ့  နိုင်ငံတကာမှာကြည့်ရင်လည်း မီဒီယာတွေဆုပြီးပေးကြတဲ့ ဆုတွေရှိပါတယ်။ ဒီသဘောပဲဖြစ်မှာပါ။

မေး - ‘ခ သုံးလုံး’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဆက်ပြီးရိုက်ကူးဖို့ စီစဉ်ထားတာလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ဇာတ်လမ်းတွဲလေး ရိုက်ကူးဖို့လည်း ပြင်ဆင်နေပါတယ်။ အရင်တုန်းက ဗီဒီယိုရှိတော့ သရုပ်ဆောင်သစ်တွေထွက်လာဖို့ရှိပေမယ့် အခုကတော့ ကျွန်မတို့လောက အတွက်လိုနေတဲ့ သရုပ်ဆောင်သစ်တွေအတွက်  ဇာတ်လမ်းတွဲလေးရိုက်ဖို့ စဉ်းစားနေတာပါ။ ရုပ်ရှင်ကားကြီးတွေအနေနဲ့လည်း တစ်နှစ်ကာ နှစ်ကားလောက်တော့ ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်။ အစတည်းက ပွဲဦးထွက်နှစ်ကားကို ဟာသဇာတ်ကားပဲ ရိုက်မယ်လို့ စီစဉ်ခဲ့တာပါ။ တတိယမြောက်ဇာတ်ကားကတော့ ဒရမ်မာဇာတ်ကားပါ။

မေး- ‘ခသုံးလုံး’ ထုတ်လုပ်ရေးမှာ ပါဝင်ထားတဲ့ ထုတ်လုပ်သူတစ်ယောက်ချင်းစီရဲ့ စိတ်ကြိုက်ဇာတ်တွေ ရိုက်ခွင့်ရှိတယ်ဆိုတော့ အစ်မစိတ်ကြိုက်ရိုက်ဖို့ စီစဉ်ထားတဲ့ ဇာတ်ကားလေးရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ -  ကျွန်မစိတ်ကြိုက်ရွေးချယ်ရိုက်ကူးခွင့်ရှိတဲ့ ဇာတ်ကားကိုတော့ ကျွန်မက ထူးပိုင်ဇော်ဦးနဲ့ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ အဲဒီကားကတော့ နောက်ပိုင်းလူငယ်တွေထဲမှာ နိုင်ငံတကာအမြင်ရှိပြီး မြန်မာအငွေ့အသက်နဲ့ မြန်မာပရိသတ်အကြိုက်ကိုလည်း သူကတွဲဖက်ဖန်တီးနိုင်တယ်လို့ ခံစားရတဲ့အတွက် သူ့ကိုကြိုက်တဲ့အတွက် အဲဒီဇာတ်ကားကို ရိုက်ကူးမှာပါ။ နောက်ပိုင်းမှာလည်း လူငယ်အသစ်တွေနဲ့ရော ၀ါရင့်အနုပညာရှင်တွေနဲ့ရော လက်တွဲပြီး အနုပညာအလုပ်တွေဆက်ပြီး လုပ်သွားမှာပါ။

မေး - ဂီတအနုပညာနဲ့ပတ်သက်ပြီး စီစဉ်နေတဲ့ အနုပညာလှုပ်ရှားမှုလေးတွေရှိရင်လည်း ပြောပေးပါဦး။

ဖြေ -  ဂီတအနုပညာနဲ့ပတ်သက်ပြီး သီချင်းလေးတစ်ပုဒ်ကို အွန်လိုင်းတင်ဖို့စီစဉ်နေပါတယ်။ ဒါရိုက်တာ ကိုအဝေးက ရိုက်ကူးမှာပါ။ ဒါပေမဲ့ ရိုက်ကူးပေးမယ့် ဒါရိုက်တာ မအားသေးတဲ့အတွက် ကြာနေတာပါ။

မေး - အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးလည်းပြောပေးပါဦး

ဖြေ -  အရင်ကတည်းကအားပေးခဲ့ကြတဲ့ ပရိသတ်တွေရော အားမပေးတော့တဲ့ ပရိသတ်တွေကိုရော အားလုံးကို ကျေးဇူးတင်တုန်းပါပဲ။ ပရိသတ်ရှိလို့ ကျွန်မဘဝဖြစ်တည်ခဲ့ရပါတယ်။ အခုနောက်ပိုင်း အလုပ်တွေအများကြီး လျှော့ချပြီးတော့ အနားယူပြီဆိုပေမယ့်လည်း ပရိသတ်ကို အမြဲသတိတရရှိပါတယ်။ မေတ္တာလည်း ပို့ပါတယ်။                 

 

Most Read

Most Recent