သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း
Published 29 January 2019
■ လင်းလင်းခိုင်

ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ပြသမည့် ‘ကြာတော့သည်လည်းမောင့်စကား’ ရုပ်ရှင်ဇာတ်ကားတွင် ထက်မြက်ရဲရင့်သည့်၊ မိမိချစ်သူကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် နန္ဒဆိုသောဇာတ်ရုပ်ဖြင့် သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပါဝင်ထားကာ ယင်းဇာတ်ကောင်အတွက် ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Birthday Show အားလည်း ယခုနှစ်တွင် အစဉ်အလာမပြတ် ကျင်းပမည်ဖြစ်ကာ ၁၅ နှစ်ပြည့်အမှတ်တရ ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံးမှ ပရိသတ်များအားလည်း ပါဝင်စေလိုကြောင်း ပြောပြခဲ့သည်။ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ကြာတော့သည်လည်း မောင့်စကားဇာတ်ကားမှ အမှတ်တရများ၊ Birthday Show အတွက်ပြင်ဆင်နေမှုများအပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - SAI Cosmetix က ကံစမ်းမဲပေါက်တဲ့သူတွေကို ကိုယ်တိုင် ဆုချီးမြှင့်ရတဲ့ခံစားချက်လေး အရင်ပြောပြပါဦး။

ဖြေ - SAI Cosmetix က Campaign လုပ်တဲ့အခါ ပရိသတ်တွေ၊ Customer တွေအများကြီးက အားပေးခဲ့ကြတယ်။ ဒီလိုအားပေးကြသူတွေအများကြီးထဲကမှ မဲပေါက်တယ်ဆိုတာ ထူးထူးခြားခြားကံထူးသူတွေ ဖြစ်ကြတယ်။ ဆုချီးမြှင့်ပွဲကို ရန်ကုန်ကရော၊ နယ်အဝေးကသူတွေပါ တကူးတက တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ နောက်ထပ်လည်း အစီအစဉ်ကောင်းတွေအများကြီး ရှိပါသေးတယ်။

မေး - အသစ်ဖြန့်ချိထားတဲ့ Mask တွေနဲ့ပတ်သက်လို့ရော ဘယ်လိုတုံ့ပြန်မှုတွေကြားရလဲ။

ဖြေ -  အခုကတော့ စတင်ဖြန့်ချိထားတဲ့ အချိန်ပဲရှိပါသေးတယ်။ ကျွန်တော့် အနီးအနားကသူတွေနဲ့ပဲ တွေ့မြင်ရတဲ့အခါကျတော့ သူတို့တွေကတော့ ကျေနပ်တယ်၊ ဆက်သုံးဖြစ်တယ်ဆိုတာမျိုးတွေ ကြားရပါတယ်။

မေး- SAI Cosmetix ကို အားပေးတဲ့ပရိသတ်တွေကို ပြောချင်တဲ့စကားများရှိမလား။

ဖြေ - ကျွန်တော့်ကိုချစ်လို့ရော၊ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို ယုံကြည်လို့ရော အားပေးကြတဲ့သူတွေအားလုံး ကျေးဇူးတင်ပါတယ်။ နောက်ထပ် Product အသစ်တွေကိုလည်း ၂၀၁၉ မှာ ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။

မေး - ကြာတော့သည်လည်းမောင့်စကားနဲ့ ပတ်သက်လို့လည်း ပြောပေးပါဦး။

ဖြေ - ကြာတော့သည်လည်း မောင့်စကားရုပ်ရှင်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ပြသပါတော့မယ်။ ကျွန်တော်တို့ အခက်အခဲပေါင်းများစွာနဲ့ ကြိုးစားထားရတာ ဖြစ်ပါတယ်။ အခုရုံတင်တော့မယ့်အချိန်မှာ ဝမ်းလည်းသာတယ်၊ ရင်လည်းခုန်တယ်။ ကျွတ်လည်း ကျွတ်ပါတယ်။

မေး - ကြာတော့သည်လည်းမောင့်စကား ရုပ်ရှင်ထဲက နန္ဒဆိုတဲ့ဇာတ်ရုပ်က စိုင်းစိုင်းအတွက် ဘယ်လောက်အထိ Challenge ဖြစ်ခဲ့လဲ။

ဖြေ - ဒီဝတ္ထုက ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်ခဲ့တဲ့ဝတ္ထုဖြစ်တယ်။ ထုတ်လုပ်သူနဲ့ ဆရာဦးမီးပွားနဲ့က ဒီဝတ္ထုကိုရိုက်ချင်ပါတယ်၊ ကျွန်တော်နဲ့နန္ဒ နေရာမှာရိုက်မယ်ဆိုတဲ့အခါ စာအုပ်ကို ခဏခဏပြန်ဖတ်တယ်။ ကျွန်တော်နဲ့လိုက်ရဲ့လား၊ ကျွန်တော့်စိတ်နဲ့ရော ဒီဇာတ်ကောင်ကိုလုပ်နိုင်ရဲ့လား၊ ဒီဇာတ်ကောင်ကို ကိုယ်စားပြုနိုင်ရဲ့လားဆိုတာကို အကြိမ်ကြိမ်ပြန်မေးပြီးတော့မှ ကြိုးစားကြည့်ချင်တယ်။ ဆရာဦးမီးပွားကိုလည်း ယုံကြည်တယ်။ ဒီနေရာမှာ ကျွန်တော့်ကို ထည့်သွင်းအသုံးပြုတယ်ဆိုတာက သူယုံကြည်လို့ပေါ့နော်။ အရမ်းကြီးတော့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲလုပ်ယူရတဲ့ ကာရိုက်တာမျိုးမဟုတ်ဘူး။ သူ့ရဲ့စိတ်ခံစားမှုမျိုးရအောင်ပဲ ကြိုးစားပြီးပုံဖော်ထားပါတယ်။

မေး - ဒီဇာတ်ကားနဲ့ပတ်သက်လို့ အားရကျေနပ်မှုရောရှိလား။

ဖြေ - ဒီဇာတ်ကားက အခက်အခဲအများကြီးနဲ့ ရိုက်ကူးထားရတာဖြစ်တယ်။ ဇာတ်ကားကို စပြီးကမ်းလှမ်းခဲ့ကတည်းက လွန်ခဲ့တဲ့၂၅ နှစ်ကျော်က ဝတ္ထုဖြစ်တယ်။ အဲဒီခေတ် အဲဒီအခါမှာလည်း ရုပ်ရှင်ရိုက်ထားပြီးသားရှိတယ်။ ထုတ်လုပ်သူရော၊ ဒါရိုက်တာရောက အဲဒီခေတ်ကိုပြန်သွားပြီး ရိုက်မှာမဟုတ်ဘူး။ ဝတ္ထုထဲကအတိုင်း ရိုက်မှာမဟုတ်ဘူး။ ဒီနေ့ခေတ်ကိုရိုက်မှာဆိုပြီး ကျွန်တော့်ကိုကမ်းလှမ်းခဲ့ပါတယ်။ တကယ်ရိုက်ကူးတဲ့အချိန်မှာလည်း ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်တွေအားလုံးက အရမ်းကို အငြင်းအခုန်လုပ်ပြီးရိုက်ခဲ့ရတာဆိုတော့ Final Result မှာကျေနပ်တဲ့ အပိုင်းလည်း ရှိတယ်။ အားမလိုအားမရဖြစ်တဲ့ အပိုင်းလည်းရှိတယ်။

မေး - Birthday Show ကို ပရိသတ်တွေက ရင်ခုန်နေကြပြီဆိုတော့ ပြောပြနိုင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ - ကျွန်တော် အခုစပြီးပြင်ဆင်နေပါပြီ။ သေချာပြောနိုင်တာက ဒီနှစ် Birthday Show လုပ်မယ်။ နှစ်စဉ် လုပ်လာတာ ဒီနှစ်က ၁၅ နှစ် ပြည့်ပါပြီ။ ၁၅နှစ်ဆိုတာ ပြန်တွေးကြည့်ရင် တော်တော်လည်းကြည်နူးတယ်။ ကျွန်တော်တို့လုပ်ခဲ့တာပေါ့။ ကျွန်တော်ရော၊ ကျွန်တော့်သူငယ်ချင်းတွေရော၊ ပရိသတ်တွေရော ၁၅ နှစ်တောင်ဖြတ်သန်းခဲ့ကြတာ။ ဒီနှစ်တော့ အကြီးအကျယ်လုပ်မယ်။ ဘယ်မှာပဲလုပ်ဖြစ်လုပ်ဖြစ်ပေါ့။ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေစုဝေးပြီး ရောက်လာစေချင်တယ်။ ၁၅ နှစ်ပြီးရင် နောက်ဆိုတာက လုပ်တော့လုပ်ဖို့ ကြိုးစားမှာပါပဲ။ တဖြည်းဖြည်းနဲ့ တစ်ချိန်မှာ ကျွန်တော်မဆိုနိုင်တော့တဲ့ အချိန်ရှိမယ်၊ ပရိသတ်တွေမလာနိုင်တဲ့ အချိန်တွေရှိမယ်။ ကျွန်တော့်သီချင်းတွေ ခေတ်နဲ့အံမဝင်တော့တာ တွေရှိမယ်။ ဒီနေ့ဒီအချိန်မှာတော့ အကောင်းဆုံးဖျော်ဖြေနိုင်တယ်။ ၁၅ နှစ်ပြည့်အမှတ် တရဖြစ်တယ်။ ဒီနှစ်က ကျွန်တော့်အတွက် အရေးကြီးပါတယ်။  Birthday Show ကို ပရိသတ်တွေအားလုံးအတွက် အမိုက်စားတွေလုပ်ပါမယ်။

မေး - ၁၅ နှစ်လုံးအတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို ပရိသတ်တွေအတွက်တစ်ခုခု လုပ်ပေးဖို့တွေရှိမလား။

ဖြေ - အခုကစပြီး စီစဉ်နေတာဆိုတော့ ပြီးရင်တော့ ကြေညာပေးသွားပါမယ်။ အသေးစိတ်စီစဉ်ပြီးတဲ့အခါ အသိပေးသွားမှာပါ။

မေး -ဖေဖော်ဝါရီ ၁၄ ရက်မှာရော ဘယ်လိုဖြတ်သန်းဖို့ရှိလဲ။

ဖြေ - ဖေဖော်ဝါရီ ၁၄ မှာ အစီအစဉ်တစ်ခုရှိတယ်။ ကျွန်တော့်အတွက်ရော ပရိသတ်တွေအတွက်ပါ စဉ်းစားထားတာပါ။ ကြေညာပေးသွားပါမယ်။ အားပေးကြတဲ့၊ ချစ်ပေးကြတဲ့ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။                           

Most Read

Most Recent