ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် နေမာ ပါဝင်နိုင်ခြင်းရှိ မရှိ အဖြေပေးရန် စောသေးဟု တူဟယ်လ် ဆို

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် နေမာ ပါဝင်နိုင်ခြင်းရှိ မရှိ အဖြေပေးရန် စောသေးဟု တူဟယ်လ် ဆို
Published 28 January 2019

PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ခြေဖဝါးဒဏ်ရာရရှိထားသည့် တိုက်စစ်မှူး နေမာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတွင် ပါဝင်နိုင်ခြင်းရှိ မရှိ အဖြေပေးရန် စောသေးကြောင်း  တုံ့ပြန်ပြောကြားသည်။

နေမာသည် ဇန်နဝါရီ ၂၃ ရက်က စထရာဘိုးအသင်းနှင့်ကစားသည့် ပြင်သစ်ဖလားပွဲစဉ်၌ ခြေဖဝါးအရိုးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်း ၆၂ မိနစ်တွင် လူစားလဲခဲ့ရသည်။

ကနဦးစစ်ဆေးချက်အရ နေမာသည် ယာဘက်ခြေသန်းအရိုးထိခိုက်မိခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီကလည်း ယင်းဒဏ်ရာကြောင့်ပင် ဖေဖော်ဝါရီမှ မေလ အထိ အနားယူခဲ့ရဖူးသည်။

၎င်းသည် ယင်းဒဏ်ရာကြောင့် ဇန်နဝါရီ ၂၇ ရက်က ရန်းစ်အသင်းနှင့်ကစားသည့် အမှတ်ပေးပွဲကို လွဲချော် ခဲ့ပြီး ဒဏ်ရာအခြေအနေနှင့် အနားယူရမည့်ကာလကိုမူ PSG အသင်းက ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

PSG အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်၌ မန်ယူအသင်းနှင့် ဆုံ တွေ့နေပြီး ပွဲကစားရန် သုံးပတ်သာလိုတော့ရာ နေမာ၏အခြေ အနေမှာ စိုးရိမ်ရဖွယ်ဖြစ်နေသည်။

ထို့ကြောင့် ဒဏ်ရာအခြေအနေ နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ တူဟယ်လ်က ''နေမာရဲ့ဒဏ်ရာအကြောင်းပြောဖို့ အရမ်းစောပါသေးတယ်။ လာ မယ့်ရက်တွေမှာ သူ့ရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်''ဟု ပြောကြားသည်။

ထို့ပြင် ကွင်းလယ်လူ ဗာရက်တီမှာလည်း ခြေချင်းဝတ်အဆစ် လွဲဒဏ်ရာရရှိထားရာ ၎င်းင်းတို့နှစ်ဦးနေရာတွင် အစားထိုးနိုင်ရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း တူဟယ်လ်က ဆက်လက်ပြောကြားသည်။

''သူတို့က အသင်းအတွက် အရေးပါတဲ့ကစားသမားတွေပါ။ ထူးချွန်တဲ့အရည်အသွေးရှိသူတွေဖြစ်လို့ သူတို့မကစားနိုင်တာ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့နေရာကို ဘယ်လို အစားထိုးမလဲဆိုတာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ မာကိုနဲ့ နေမာလို ကစားနိုင်တဲ့သူမျိုး အသင်းမှာမရှိပါဘူး။ ဒါကြောင့် သူတို့ နေရာကို အစားထိုးဖို့ဆိုတာ အားလုံးအတူလုပ်ရမှာပါ။ ကျွန်တော် တို့က ထိပ်တန်းအသင်းဖြစ်လို့ အဓိက ကစားသမားတွေမကစား နိုင်တဲ့အချိန်မှာ အကောင်းဆုံးပုံစံပြနိုင်ဖို့ ကြိုးစားရပါမယ်''ဟု ၎င်းက ဆိုသည်။

ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent