ရုပ်ရှင်ချစ်သူတိုင်း ရင်ခုန်တတ်ကြသလို ရုပ်ရှင်အနုပညာရှင်တိုင်းအတွက်လည်း မျှော်လင့်ရင်ခုန်ရသည့် အကယ်ဒမီဆုချီးမြှင့်ပွဲမှာ မတ် ၂၃ ရက်တွင် ကျင်းပတော့မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ရုံတင်ပြသခဲ့ကာ အောင်မြင်မှုများစွာရရှိခဲ့သည့် မုန်းစွဲရုပ်ရှင်ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူအား အချစ်ကြီး ချစ်ရသူအဖြစ်လည်းကောင်း၊ နောင်ဘဝတွင် ပြန်လည်ဆုံတွေ့ရာ၌လည်း မသင့်တော်မှန်းသိသော်လည်း ချစ်ခြင်း၏ အစွဲအလန်းကြောင့် တကောက်ကောက်လိုက်နေသူ မိန်းကလေးအဖြစ်လည်းကောင်း ပီပြင်စွာပုံဖော်ခဲ့သည့် သရုပ်ဆောင် အေးဝတ်ရည်သောင်းအား ပရိသတ်များက အကယ်ဒမီ ခန့်မှန်းပေးလျက်ရှိသည်။ အနုပညာလှုပ်ရှားမှုများ တစ်ကျော့ပြန်လုပ်ကိုင်စဉ်တွင် ပရိသတ်အားပေးချစ်ခင်မှု ပိုမိုရရှိလာသူ အေးဝတ်ရည်သောင်းအတွက် မုန်းစွဲဇာတ်ကားမှာ မှတ်တိုင်တစ်ခုဖြစ်လာမည်လားဆိုသည့် အကယ်ဒမီရင်ခုန်သံနှင့် လတ်တလောအနုပညာလှုပ်ရှားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး : ရင်ခွင်ရှင်းတမ်းဇာတ်လမ်းတွဲမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်ထားလဲ။
ဖြေ : ဒီဇာတ်လမ်းမှာတော့ ပေါက်စီက ရှက်တတ်ကြောက်တတ်၊ ဣန္ဒြေကြီးတဲ့ ထက်ထက်မြက်မြက် မိန်းကလေး။ နောက်ပိုင်းမှာ အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲသွားတယ်ပေါ့နော်။ အဲဒီလိုလေး သရုပ်ဆောင်ရပါတယ်။
မေး : ဇာတ်ရုပ်အတွက် ဘယ်လိုတွေသေချာပြင်ဆင်ခဲ့ရလဲ။
ဖြေ : အများကြီးပြင်ဆင်ရပါတယ်။ ကူညီပေးမယ့်သူတွေဆီကလည်း လေ့လာသင်ယူရတယ်။ ဆရာဝန်ဇာတ်ရုပ်ဆိုတာက အမှားမခံဘူးလေ။ ပရော်ဖက်ရှင်နယ်တစ်ခုအနေနဲ့ သေချာလေးလေ့လာပြီးမှ လုပ်ချင်တယ်။ နားကျပ်ကိုင်တာ၊ သွေးခုန်နှုန်းတိုင်းတာ စသဖြင့်ပေါ့။ အသေးစိတ်လေးတွေကအစ သေချာလေးလေ့လာထားရတယ်။ ဆရာဝန်ဆိုတာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရှိတဲ့သူဆိုတော့ အဲဒါမျိုးလေးတွေလည်း လေ့လာထားပါတယ်။ ဆရာဝန်တစ်ယောက်နဲ့လည်း အနီးကပ်နေပြီး သူ့ဆီက တတ်နိုင်သလောက် လေ့လာသင်ယူခဲ့တယ်။
မေး : ဒီနှစ်မုန်းစွဲဇာတ်ကားနဲ့ အကယ်ဒမီမှန်းပေးကြတော့ အကယ်ဒမီရင်ခုန်သံပြောပြပေးပါဦး။
ဖြေ : ကျေးဇူးတင်ပါတယ်။ ပေါက်စီကိုပရိသတ်တွေ၊ အမျိုးတွေပေးတဲ့ အကယ်ဒမီနဲ့တင်ပျော်ဖို့ ကောင်းနေပါပြီ။ မရခဲ့ရင်လည်း အရမ်းကြီး ဝမ်းနည်းသွားမှာမျိုးတော့ မရှိပါဘူး။ ပရိသတ်တွေက မုန်းစွဲဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို အသိအမှတ်ပြုပေးကြတာနဲ့တင် ပျော်ရပါတယ်။ ကိုယ့်ထက်တော်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီနှစ်က ဇာတ်ကားကောင်း တွေ အများကြီးရှိတယ်ဆိုတော့ အရမ်းကြီးလည်းမမှန်းရဲပါဘူး။
မေး : ၂၀၁၉ မှာ အနုပညာဖန်တီးမှုအနေနဲ့ ဘာတွေထပ်လုပ်ဖို့ စီစဉ်ထားတာရှိလဲ။
ဖြေ : အခုရင်ခွင်ရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေပါတယ်။ ပေါက်စီပါဝင်ထားတဲ့ မျက်နှာဖုံးများဆိုတဲ့ ဇာတ်ကားလည်း ရုံတင်ပြသဖို့ရှိတယ်။ ဇူလိုင်လပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတစ်ကား ထပ်ရိုက်ဖို့ရှိပါသေးတယ်။ ဇာတ်ကားလေးတွေကတော့ ပြောကြပေမယ့် ပေါက်စီနဲ့လည်း သေချာလိုက်ဖက်မယ့်၊ သေချာလုပ်နိုင်မယ့် ဇာတ်ရုပ်မျိုးမှပဲ လက်ခံဖြစ်မှာပါ။
မေး : မုန်းစွဲမှာ ကိုယ့်ယောကျ်ားကို အရမ်းချစ်တယ်။ နောင်ဘဝပြန်ဆုံတဲ့အချိန်အထိ ချစ်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်တာ တော်တော်လေးပီပြင်ခဲ့တယ်နော်။
ဖြေ : အဲဒါကတော့ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့ချစ်စိတ်ကို သေချာပေါ်လွင်အောင် ကြိုးစားခဲ့ရတာပေါ့။ အဓိကတော့ စိတ်ပါပဲ။ စိတ်ထဲမှာ ကိုယ့်ယောကျ်ားကို အရမ်းချစ်တဲ့စိတ်မျိုး သေချာလေးထည့်ပြီး သရုပ်ဆောင်ခဲ့တယ်။ ပေါက်စီ ဒီဇာတ်ကားက ပထမဆုံးပြန်ရိုက်တဲ့ဇာတ်ကားလေးလည်း ဖြစ်တယ်။ တွဲပြီးရိုက်ကြတဲ့သူတွေ အားလုံးကလည်း အမူအရာအရမ်းကောင်းကြသူတွေဆိုတော့ ကိုယ့်ကြောင့် ဒီဇာတ်ကားလေး အနှောင့်အယှက်ဖြစ်သွားမှာ အရမ်းစိုးရိမ်တယ်။ ပရိသတ်က ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာရပါတယ်။
မေး : ပရိသတ်က အသိအမှတ်ပြုခဲ့တဲ့အတွက် ပိုပြီးတာဝန်ကြီးတယ်လို့ ခံစားရလား။
ဖြေ : တာဝန်ကြီးပါတယ်။ နောက်တစ်ကားမှာလည်း ပရိသတ်တွေက မျှော်လင့်ချက်နဲ့ ကြည့်ကြမှာဖြစ်လို့ တာဝန်ကျေပွန်အောင် ကြိုးစားချင်ပါတယ်။ ဒါကြောင့်ပိုပြီး တာဝန်ကြီးသွားတယ်လို့ ဆိုရမှာပါ။
မေး : ဇာတ်ကားလက်ခံတဲ့ ပုံစံလေးကတော့ တော်တော်လေးကို စိစစ်ပြီးလက်ခံတယ်နော်။
ဖြေ : အဓိကတော့ ပေါက်စီက ဇာတ်ကားတွေ အများကြီးရိုက်ပြီး ကိုယ်နဲ့လိုက်လိုက် မလိုက်လိုက် ရိုက်ရတာမျိုး မဖြစ်ချင်ဘူး။ ကိုယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာ၊ ကိုယ်လည်းလုပ်နိုင်မယ့် ဇာတ်ရုပ်မျိုးပဲ ရိုက်ချင်တယ်။ ဇာတ်ကားလေးကြည့်လိုက်တဲ့အခါ ပညာပေးလေးတစ်ခုခု ရသွားတာမျိုး၊ ရသခံစားမှုဆိုလည်း နင့်နင့်နဲနဲလေး ပေးနိုင်တာမျိုးလေးလည်းဖြစ်ချင်တယ်။ အဲဒါကြောင့် ဇာတ်ကားလေးတွေ ရွေးဖြစ်တာပါ
မေး : ရှေ့မှာရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေလည်းရှိတော့ ကွာခြားချက်လေးတွေရှိလား။
ဖြေ : ရိုက်ဖြစ်တဲ့ ဇာတ်လမ်းတွဲလေးတွေကတော့ မတူဘူးပေါ့နော်။ Charm ဆိုရင် နောက်ဆုံးပိုင်းလေးလောက်မှ ပေါက်စီက ပါရတယ်။ ရတနာပုံကတော့ အချစ်ဇာတ်လမ်းပေါ့။ မင်္ဂလာရှိတဲ့ အရပ်ကျတော့ ပျော်စရာဇာတ်ကားလေး။ အခုရိုက်နေတဲ့ ဇာတ်လမ်းတွဲလေးကလည်း အချစ်ဇာတ်လမ်းလေးပါပဲ။
မေး : အကယ်ဒမီနဲ့ပတ်သက်လို့ တခြားဘယ်သူတွေ အတွက်ရင်ခုန်နေလဲ။
ဖြေ : အားလုံးကိုရစေချင်တယ်။ ဒီနှစ်က ဇာတ်ကားကောင်းတွေ အများကြီးဆိုတော့ အပြိုင်အဆိုင် ဖြစ်မယ်လို့ထင်တယ်။ တကယ်အတော်ဆုံးသူတွေ ရကြမှာပါ။ အဲဒီအတွက် ပိုရင်ခုန်ပါတယ်။