ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) တနင်္ဂနွေညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ စပါးအသင်းက ဟာရီဝင့်ခ်ရဲ့ နောက်ကျအနိုင်အနိုင်ဂိုးနဲ့အတူ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီရထားတာကြောင့် ရမှတ်မပြတ်ရေးအတွက် စပါးအသင်းကြိုးစားခဲ့ပြီး ခက်ခဲတဲ့နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့တာပါ။
ဟာရီကိန်း ဒဏ်ရာရနေတဲ့အပြင် အာရှဖလားဆင်နွှဲနေတဲ့ ဆွန်ဟောင်မင်တို့မပါဝင်နိုင်တဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို နည်းပြ ပိုချက်တီနိုဟာ လော်ရန်တေး၊ အယ်လီ၊ လာမယ်လာတို့နဲ့ စုဖွဲ့ခဲ့ပြီး ဖူလ်ဟမ်အသင်းရဲ့ ကရာဗင်ကော့တေ့ချ်မှာ စပါးတို့ရုန်းကန်ခဲ့ရပါတယ်။
လန်ဒန်ဒါဘီပွဲဖြစ်သလို တန်းဆင်းဇုန်ကရုန်းထွက်ဖို့ အရေးပါတဲ့ပွဲဖြစ်တာကြောင့် အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းရဲ့ ရုန်းအားကိုမြင်ခဲ့ရပြီး စပါးအသင်းကို အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။
အဖွင့်ဂိုးကိုရရှိသွားခဲ့တာကလည်း ဖူလ်ဟမ်အသင်းဖြစ်ပြီး ပွဲချိန် (၁၇)မိနစ်မှာပဲ စပါးတိုက်စစ်မှူး လော်ရန်တေးက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက်မှာ စပါးအသင်း ချေပဂိုးအတွက် ကစားအားတင်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံးဟန့်တားနိုင်ခဲ့တာကြောင့် ဂိုးရဖို့ခက်ခဲ့ပါတယ်။
ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး သွင်းဂိုးတွေအတွက် ကြိုးစားလာတာကြောင့် ပွဲက အကြိတ်အနယ်ရှိလာခဲ့ပါတယ်။
ပွဲချိန် (၅၁) မိနစ်မှာတော့ စပါးအသင်းချေပဂိုးရသွားခဲ့ပြီး အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ အယ်လီက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
ဒီဂိုးဟာ အယ်လီအတွက် ဒီရာသီ (၄) ဂိုးမြောက် ဂိုးတိုက်သွင်းဂိုးဖြစ်ပြီး ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်နဲ့အတူ အများဆုံးအရေအတွက်လည်းဖြစ်ပါတယ်။
စပါးအသင်းအတွက် ကံကြမ္မာကောင်းလို့ပြောရမှာက ဂိုးရဖို့တိုက်စစ်ဆင်နေရင်း မိနစ် (၉၀) ပြည့်ပြီး ထပ်ဆောင်းအချိန်ပို (၃) မိနစ်မှာ လူစားဝင်ကစားသမား ကူဒူရဲ့ဖြတ်တင်ပေးပို့မှုကို ဟာရီဝင့်ခ်က ပြေးဝင်ခေါင်းတိုက်သွင်းယူပြီး အဖိုးတန် (၃) မှတ်ကိုရယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာတော့ စပါးအသင်းက (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပြီး ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၉) မှတ်အကွာ အဆင့် (၃) နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။