
ယခင်က မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်သည် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေရခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည် ရာခိုင်နှုန်း ၃၀ ခန့် ရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဥရောပသမဂ္ဂ (အီးယူ)ကပေးအပ်သည့်အထူးကုန်သွယ်ခွင့် အခွင့်အရေး (GSP/EBA) ရရှိခဲ့သည့်နောက်ပိုင်း အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ဆန်တင်ပို့မှုလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတွင် နယ်စပ်တင်ပို့မှုကို ရာခိုင်နှုန်း ၅၀ အထိသာ မှီခိုမှုရှိခဲ့ပြီး ပင်လယ်ရေကြောင်းတင်ပို့မှုသည် ယခင်က ရာခိုင်နှုန်း ၃၀ ခန့်သာ ရှိခဲ့ရာမှ ရာခိုင်နှုန်း ၄၀ ကျော်အထိမြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယင်းသို့ အခြေအနေကောင်းများနှင့်အတူ ပြည်ပစျေးကွက်သစ်များ ရှာဖွေနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင်တင်ပို့မှုတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်တွင်မူ တရုတ်နိုင်ငံဘက်က တရားမဝင်ကုန်စည်များ ဖမ်းဆီးနေခြင်းကြောင့် တရုတ်ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုလျော့ကျခဲ့ပြီး ယခင်ထက် ဝယ်ယူမှု ထက်ဝက်လျော့ကျခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်သည့် မြန်မာ့ ဆန်စပါးကဏ္ဍ ပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။
ထို့အတူ အီးယူဘက်ကလည်း မြန်မာနိုင်ငံကတင်ပို့နေသည့် ဆန်လုံးရှည်အမျိုးအစားသည် အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အီတလီနှင့် စပိန်စသည့်နိုင်ငံများက ထွက်ရှိသည့် ဆန်အမျိုးအစားနှင့်တူညီသဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ ယင်းဆန်အမျိုးစားတင်ပို့မှုကို သုံးနှစ်အထိ အခွန်ကင်းလွတ်ခွင့် မပြုတော့ဘဲ ဇန်နဝါရီ ၈ ရက်မှစ၍ အခွန်ပြန်ကောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆန်တင်ပို့ကဏ္ဍတွင် အရှိန်ရစ မြန်မာနိုင်ငံအနေဖြင့် ယင်းသို့မျှော်လင့်မထားသည့် အခြေအနေများကြောင့် လက်ရှိတွင် ဆန်တင်ပို့မှုကျဆင်းလာသည့် အခြေအနေများနှင့်ရင်ဆိုင်နေရပြီး လာမည့်နွေစပါးပေါ်ချိန်တွင် တောင်သူများ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ဆန်တင်ပို့မှုဘယ်လောက်အထိ လျော့ကျသွားနိုင်သလဲ
လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများကြောင့် လာမည့်မတ်လကုန်အထိ ဆန်တန်ချိန် ၂ ဒသမ၂ သန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင်နှစ် ကာလတူထက် ဆန်တင်ပို့မှုတန်ချိန် ၁ ဒသမ ၄ သန်းခန့် လျော့ကျနိုင်မည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။
“သေချာတာကတော့ ဒီနှစ်ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆ သန်းကိုမမီဘူး။ အခုလက်ရှိနှုန်းနဲ့ ဒီဇင်ဘာ အထိမှာ ၁ ဒသမ ၇ သန်းတန်ချိန်လောက်ပို့ ထားတဲ့အနေအထားမှာရှိတယ်။ ဒီနှုန်းအတိုင်းဆက်သွားရင် ၂ ဒသမ၂ သန်းကို မနည်းမီအောင်ပို့ရ မှာ။ လာမယ့် မတ်လကုန် အထိပေါ့။ ၂ ဒသ မ၂ သန်း လောက်မှာဆိုရင် ပြီးခဲ့တဲ့နှစ်က ၃ ဒသမ ၆ သန်းနဲ့ဆိုရင် ၁ ဒ သမ ၄ ကနေ ၁ ဒသမ ၆ လောက်အထိ ကျသွားနိုင်တယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။
ယင်းသို့ ဆန်တင်ပို့ရာတွင် ပြည်ပစျေးကွက်များ လျော့ကျလာခြင်းက လာမည့် နွေစပါးပေါ်ချိန်တွင် စျေးကွက်အခက်အခဲများဖြင့် ကြုံတွေ့လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။
“ဒီရဲ့အကျိုးဆက်က ဘယ်ကိုလာမလဲဆိုရင် လာမယ့်နွေစပါးပေါ်မယ့် ရာသီမှာ ရိုက်ခတ်မှုရှိလာမယ်။ အနည်းနဲ့အများတော့ ရှိမယ်။ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ထိ ခိုက်မယ့်အနေအထားရှိတယ်” ဟု ဦးနေလင်းဇင်က ပြောကြားသည်။
အီးယူအခွန်ပြန်ကောက်ခြင်းနှင့် တရုတ်ဝယ်လိုအား လျော့ကျခြင်း ရိုက်ခက်မှုနှစ်ခုအနက် ဘယ်ရိုက်ခက်မှုက ပိုအထိနာစေသလဲ လက်ရှိတွင် မြန်မာ့ဆန်တင်ပို့မှုကဏ္ဍ၌ ကာလအတန်ကြာ မှီခိုခဲ့ရသည့် တရုတ်နယ်စပ်မှ ဝယ်လိုအားကျဆင်းခြင်းနှင့် အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူက ဆန်လုံးရှည်အမျိုးအစားကိုသာ အခွန်ပြန်ကောက်ခြင်းဖြစ်သော်လည်း ယင်းစျေးကွက်သို့ ဆန်တင်ပို့ရာတွင် ယခင်ထက် ကန့်သတ်ချက်များဖြစ်ပေါ်လာခြင်း စသည့် အခက်အခဲနှစ်ခုကို ယှဉ်ဆိုင်ရမည့် အခြေအနေသို့ ရောက်ရှိနေ ခြင်းဖြစ်သည်။
“အီးယူစျေးကွက်က ဒီလိုမျိုးရိုက်ခတ်မှုတစ်ခုပေါ့။ ဒီနှစ်ထဲမှာက ရိုက်ခတ်မှုက နှစ်ခုသွားဖြစ်တယ်။ တစ်ခုက တရုတ်နယ်စပ်တွေမှာ အခက်အခဲကြုံနေတယ်။ အချိန်ကာလ တော်တော်များများ မှီခိုနေခဲ့တဲ့ Informal Trade ပေါ့။ ဒီနှစ်မှာတင်ပို့မှု တော်တော်လေးကျသွားတယ်။ တစ်ဝက်လောက်နီးပါး ကျသွားတဲ့အခြေအနေရှိတယ်။ ဒါ့အပြင် အီးယူကလည်း ကျွန်တော်တို့ရဲ့ GSP အခွင့်အရေးကို ပြန်လည်ရုပ်သိမ်းတဲ့သဘောမျိုး ဖြစ်နေတဲ့အခါမှာ ဒီသက်ရောက်မှုနှစ်ခုက ကျွန်တော်တို့ ဆန်တင်ပို့မှုကဏ္ဍကို လာရိုက်ခတ်တယ်လို့တော့ ပြောလို့ရတယ်” ဟု ကိုနေလင်းဇင်က ပြောကြားသည်။
လက်ရှိတွင် မြန်မာ့ဆန်တင်ပို့မှုကဏ္ဍအတွက် ကြီးမားသည့် ရိုက်ခတ်မှုနှစ်ခု ဖြစ်ပေါ်နေခြင်းက ငြင်းပယ်၍မရပေ။ ယင်းရိုက်ခတ်မှုနှစ်ခုဖြစ်သည့် အီးယူက အခွန်ပြန်လည်ကောက်ခံခြင်းနှင့် တရုတ်နိုင်ငံဘက်က ဝယ်လိုအား ကျဆင်းခြင်းကို လေ့လာကြည့်ပါက အဓိကစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ ဝယ်လိုအားကျဆင်းခြင်းက ပိုမိုထိခိုက်မှု ဖြစ်ပေါ်နိုင်သည်ဟု ဆန်စျေးကွက် ကျွမ်းကျင်သူများက ဆိုသည်။
“အီးယူကိုသွားတဲ့ စျေးကွက်အားလုံးကတော့ ဒီအပေါ်မှာ သက်ရောက်မှာမဟုတ်ဘူး။ အီးယူကို သွားတာက ဆန်ကွဲတွေလည်းများတယ်။ အခြားငစိန်လိုမျိုး၊ ဆန်လုံးတို၊ ဆန်လုံးအလယ်အလတ်တွေ သွားနေတာဆိုတော့။ ဒီဆန်လုံးရှည်က အီးယူကို သွားတဲ့စျေးကွက်က ၁၃ ရာခိုင်နှုန်းလောက် ပဲရှိတာ။ ဒါပေမဲ့ သက်ရောက်မှုတစ်ခုကတော့ ရောက်လာပြီး ဒီသက်ရောက်မှုရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အထိ ရောက်မယ်ဆိုတာ မသိရသေးဘူး။ လာမယ့် အချိန်ကာလတစ်ခုကို စောင့်ကြည့်ပြီးမှ သိရပါမယ်” ဟု ဦးနေလင်းဇင်က ပြောကြားသည်။
သို့သော်လည်း အီးယူက GSP/EBA အခွင့်အရေးမရရှိမီ အချိန်ကာလကတည်းက ဆန်တင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ အထိ မှီခိုခဲ့ရသည့် တရုတ်စျေးကွက်က ဝယ်လိုအား ထက်ဝက်ခန့်အထိကျဆင်းခြင်းက ဆန်တင်ပို့မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ ကျော်ကို ထိခိုက်လာနိုင်သည့် သဘောရှိနေသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အဓိ ကအခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံမှ မူ ဆယ် နယ်စပ်အထိ တရားဝင်တင်ပို့ခြင်းဖြစ် သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင် ကုန် စည်အဖြစ် သတ်မှတ်ထားခြင်းမရှိပေ။
ထို့အတွက်ကြောင့် တရုတ်နိုင်ငံဘက် က ၎င်းင်းတို့နိုင်ငံအတွင်း တရားမဝင်ကုန်စည် ဖမ်းဆီးရေး စီမံချက်များလုပ်ဆောင်နေသည့် အချိန်ကာလများ$ တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းကို ရပ်တန့် ထားခြင်းကို မကြာခဏကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း တရုတ်နိုင်ငံ အတွင်း တရားမဝင်ဖမ်းဆီးမှု စီမံချက်များ ဆောင်ရွက်နေသဖြင့် မြန်မာဘက်မှ ဆန်ဝယ်ယူမှုကို ရပ်တန့်ထားခြင်းကြောင့် နယ်စပ်မှ ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့ကျခဲ့သည်။
“နယ်စပ်ကတော့ အခုအထူးသဖြင့်ပေါ့ တရုတ်ဘက်က ဆန်နဲ့ဆန်ကွဲကို ဝယ်ယူတဲ့အပိုင်းမှာ သူတို့ဘက်က တရားဝင်ကုန်သွယ်မှုကို အများကြီးကန့်သတ်တဲ့အပိုင်းတွေရှိတယ်။ တရားဝင်ကုန်သွယ်မှုကို တွန်းအားပေးလာတဲ့အခါမှာ ကျွန်တော်တို့ဆီကသွားနေတဲ့ အရင်တုန်းကတည်းက တစ်သက်လုံး မှီခိုလာတာ။ Informal Tradeကို မှီခိုနေတဲ့ သဘောဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံဘက်က တရားဝင်သွားပေမဲ့ ဟိုဘက်က တရုတ်နိုင်ငံဘက်ကို ကုန်သွယ်တဲ့အခါမှာ တရားမဝင် ကုန်သွယ်မှုဖြစ်နေတယ်။ ဒီတရားမဝင် ကုန်သွယ်မှုကို တရားဝင်ကုန်သွယ်မှုဖြစ်အောင် သူတို့ကုန်သည်တွေကို လုပ်နေတဲ့အခါကျတော့ ဒီဘက်ကဆန်ကို သူတို့မဝယ်နိုင်တော့တဲ့သဘောဖြစ်နေတယ်။ လက်ရှိတော့ ဒီအကန့်အသတ် အခက်အခဲက တော့ရှိနေဦးမှာပဲ” ဟု ဦးနေလင်းဇင်က သုံးသပ်ပြောကြားသည်။
တရုတ်စျေးကွက်ကို တရားဝင်တင်ပို့နိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်းမှ တင်ပို့မည်ဆိုပါက တရုတ်နိုင်ငံ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးအဖွဲ့ဖြစ်သည့် AQSIQ (Administration of Quality Supervision, Inspection and Quarantine) ၏ အသိအမှတ်ပြုလက်မှတ်ရရှိမှသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ တင်ပို့နေသော ဆန်နှင့်ဆန်ကွဲ အမျိုးအစားများသည AQSIQ က သတ်မှတ်ထားသည့် အရည်အသွေးကို ပြည့်မီမှုမရှိခြင်းကြောင့် တင်ပို့ရာ၌ အခက်အခဲများရှိနေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ AQSIQ အသိမှတ်ပြု လက်မှတ်ပါရှိမှသာ ဝယ်ယူရန် သတ်မှတ်ထားသော်လည်း ယူနန်ပြည်နယ်မှ ကုန်သည်များက မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်းနေခြင်း ဖြစ်သည်။
ယင်းသို့ တင်သွင်းမှုကို တရုတ်နိုင်ငံက တရားဝင်တင်သွင်းမှုအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း၊ ထို့ကြောင့် ဗဟိုအစိုးရ၏ ညွှန်ကြားချက်နှင့် ယူနန်ပြည်နယ်အတွင်း မကြာခဏ ဖမ်းဆီးမှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ရန်အတွက် အစိုးရချင်းညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ သတ်မှတ်ထားသော အရည်အသွေးများ ပြည့်မီလာအောင်လည်း ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“သူတို့ကတော့ တရားဝင်ကိုယ်တာနဲ့ သတ်မှတ်ထားတာလေ အရည်အသွေး ပြည့်မီတဲ့ဟာကို သူတို့နိုင်ငံက ဝယ်ယူခွင့်ရှိတဲ့သူတွေက ဝယ်မှာပေါ့။ သူတို့သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ကိုက်ညီအောင် ကိုယ့်ဘက်ကကြိုးစားမယ်။ ကြိုးစားပြီး သူတို့နဲ့ညှိနှိုင်းပြီးတော့ ပို့နိုင်အောင်လို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။
စျေးကွက်အသစ်များ ရရှိအောင် ဘယ်လိုဆောင်ရွက်မလဲ
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် အဓိက တရုတ်နှင့် အီးယူစျေးကွက်အပြင် အာဖရိကစျေးကွက်၊ ဘင်္ဂလားဒေ့ရှ် စသည့် စျေးကွက်အနည်းငယ်များကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ စျေးကွက်အနည်းငယ်ကိုသာ မှီခိုမှုမပြုလုပ်ဘဲ စျေးကွက်အသစ်များ ပိုမိုရရှိအောင် အစိုးရအပိုင်းနှင့် ပုဂ္ဂလိကပိုင်း နှစ်ခုလုံးက ပူးပေါင်းရှာဖွေမှသာ စျေးကွက်အသစ်များ တိုးတက်ရရှိမည်ဖြစ်ကြောင်း သိရသည်။
“ဒီစျေးကွက်မဟုတ်တဲ့ အခြားစျေးကွက်တွေကို ဘယ်လိုမျိုးရှာလို့ရမလဲ။ ဒီစျေးကွက်ကနေ သက်ရောက်မယ့်ဟာတွေကို အခြားစျေးကွက်ကို ဘယ်လိုမျိုးအစားထိုးလို့ရမလဲ စျေးကွက်အသစ်တွေ ဘယ်လိုဖော်ဆောင်လို့ရမလဲ။ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်လုပ်မှရမှာ။ ဘယ်သူတွေလုပ်မလဲဆိုရင် ပုဂ္ဂလိက ကဏ္ဍကနေလုပ်မလား အစိုးရပိုင်းက နေလုပ်မလား။ နှစ်ခုလုံးပေါင်းပြီး လုပ်မှပဲရမယ်” ဟု ဦးနေလင်းဇင်က ပြောကြားသည်။
လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံအနေဖြင့် အဓိကမှီခိုနေရသည့် စျေးကွက်များကို ဆန်တင်ပို့မှု လျော့ကျလာမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုရှိနေသော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများသို့ ယခင်ထက်ပိုမိုရောင်းချခွင့်ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။
“စျေးကွက်ကတော့ ဖြစ်နိုင်တာတွေက ဆန်ဝယ်နေတဲ့နိုင်ငံတွေပေါ့။ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့ ဘင်္ဂလားဒေ့ရှ်တို့ပေါ့။ ဒီနိုင်ငံတွေထဲမှာပဲ ထပ်ပြီးဝယ်နိုင်တဲ့အလားအလာရှိတဲ့ နိုင်ငံတွေကို ရှာသွားမှာပါ” ဟု ဦးအောင်စိုးက ပြောကြားသည်။
ဆန်တင်ပို့ရာတွင် စျေးကွက်တစ်ခုတည်းကိုသာ မှီခိုထားခြင်းက စွန့်စားမှုကြီးမားခြင်းကြောင့် အရည်သွေးမြင့်စျေးကွက်များကို တိုးချဲ့ရှာဖွေခဲ့သည့်အတွက် လက်ရှိတွင် နိုင်ငံပေါင်း ၆၀ ကျော်အထိ စျေးကွက်တိုးချဲ့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
“နိုင်ငံတကာနဲ့ ထိတွေ့ရောင်းချဆက်ဆံတဲ့အခါမှာ စျေးကွက်တစ်ခုနှစ်ခုကိုပဲ မှီခိုထားခြင်းက ကျွန်တော်တို့အတွက် စွန့်စားရမှုများပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံ ၄၀၊ ၅၀ လောက်ကို ရောင်းနိုင်မယ်ဆိုရင် တစ်နိုင်ငံ နှစ်နိုင်ငံမှာ အခက်အခဲဖြစ်သည့်တိုင်အောင် လုံးဝပျက်မသွားဘူးပေါ့နော်။ ဒါကြောင့်မို့ စျေးကွက်တော်တော်များများကို ရောင်းနိုင်တယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဆိုရင် ယခင်ကနိုင်ငံ ၄၀ လောက်ကို ရောင်းတာကနေအခု နိုင်ငံ ၆၀ ကျော်ကို စျေးကွက်တိုးချဲ့ပြီးတော့ မြန်မာ့ဆန်ကို မိတ်ဆက်နိုင်တယ်။ ဒါကလည်း အရည်အသွေးကို ဦးစားပေးပြီး ဆောင်ရွက်လာတဲ့အတွက်ကြောင့်ပါ” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
အစိုးရပိုင်းက ဆောင်ရွက်ပေးမှု အခြေအနေ
လာမည့်နှစ်များတွင် ဆန်တင်ပို့မှုလျော့ကျလာနိုင်သည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ဆန်တင်ပို့မှုနှင့်ပတ်သက်သည့် Action Plan တစ်ခုထွက်ပေါ်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တင်ပို့မှု လျော့ကျတာတွေ ရှိလာနိုင်တယ်။ ဒါအတွက် ပုံမှန်ပို့နိုင်အောင်လို့ ဘယ်လိုလုပ်မလဲဆိုတာ ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တာကလည်း ဒါတွေပါပါတယ်။ ဒီနှစ်အတွက် ဆန်ပို့ဖို့အတွက် Action Plan တစ်ခုထွက်လာအောင် တစ်ကြိမ်လည်းညှိနှိုင်းပြီးပြီ။ နောက်ထပ်လည်း ထပ်ဆွေးနွေးပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမှာဖြစ်ပါတယ်” ဟု ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။
အဆိုပါ Action Plan ၌ အရည်သွေးမြင့် ထုတ်လုပ်မှုအပိုင်း၊ စျေးကွက်အသစ် ချိတ်ဆက်မှုအပိုင်းနှင့် သတင်းအချက်အလက် အသိပေးမှုဆိုင်ရာများကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ထုတ်လုပ်မှုပိုင်း၊ အရည်သွေးပိုင်း၊ နောက်တစ်ခုက စျေးကွက်အသစ်အတွက် ချိတ်ဆက်မှုအပိုင်း သတင်းအချက်အလက်ပေါ့။ သုတေသနတွေ။ ဒါတွေပါမှာပေါ့” ဟု ဦးအောင်စိုးက ပြောကြားသည်။
လက်ရှိဆန်စပါးကဏ္ဍကို ပုဂ္ဂလိကပိုင်းဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း အချို့သော စျေးကွက်ချိတ်ဆက်မှု အပိုင်းများတွင် ပုဂ္ဂလိကကဏ္ဍအပိုင်းထက် ကျော်လွန်သည့် နိုင်ငံတော် အဆင့်အပိုင်းများတွင် အစိုးရပိုင်းက ဦးဆောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ လက်ရှိတွင် အစိုးရပိုင်းမှ ဦးဆောင်ပေးမှု အားနည်းနေကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။
“အမှန်အတိုင်းပြောရင် အစိုးရပိုင်းကနေ အခုလိုမျိုးအပိုင်းတွေမှာ ဦးဆောင်ပေးနိုင်မှုအပိုင်း တော်တော်လေး အားနည်းနေတာတွေကို တွေ့ရတယ်။ လက်ရှိတာဝန်ရှိနေတဲ့ ဝန်ကြီးဌာနတွေက အမြဲတမ်း တင်ပြပါတယ်။ တချို့ကိစ္စတွေမှာ ပုဂ္ဂလိကကဏ္ဍက ဦးဆောင်နေတာမှန်ပေမယ့် တချို့ကိစ္စတွေမှာ ပုဂ္ဂလိက ကဏ္ဍအပိုင်းကို ကျော်တဲ့အပိုင်းမှာ အစိုးရပိုင်းက ဦးဆောင်ပေးရမယ့် အပိုင်းတွေလိုတယ်။ အထူးသဖြင့် ပြည်ထောင်စုအဆင့် နိုင်ငံတော်အဆင့်ကနေပြီး Marketing လုပ်ပေးဖို့လိုတယ်။ ဂျပန်ဝန်ကြီးချုပ်လာတယ်။ သူလာတဲ့အခါမှာ သူ့အဖွဲ့အစည်း ၁၀၀ ကျော်က CEO တွေ၊ မန်နေးဂျင်းဒါရိုက်တာတွေ အများကြီးပါလာတယ်။ အကူပေးရေးခေါင်းစဉ်နဲ့အတူ ဒီမှာလုပ်လို့ရတဲ့ B to B တွေ၊ G to G တွေအများကြီး ၁၀၀ ကျော်လောက် ဖော်ဆောင်သွားတယ်” ဟု ဦး နေလင်းဇင်က ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမှုကဏ္ဍတွင် မိုးစပါးစိုက်ဧက ၁၃ သန်းနှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၇ သန်းနီးပါး စိုက်ပျိုးနေခြင်းဖြစ်ပြီး ယင်းစိုက်ပျိုးမှုမှ နှစ်စဉ် စပါးတန်ချိန် ၂၁ ဒသမ ၁ သန်းထွက်ရှိလျက် ရှိကြောင်း ဒီဇင်ဘာ ၃ ရက်က ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI) တွင် ပြုလုပ်သည့် မြန်မာ့ဆန်စပါး၊ စံချိန်စံညွှန်း၊ အရည်အသွေးများ ပြင်ဆင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။
မည်သို့ပင်ဆိုစေကာမူ လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုအတွက် စျေးကွက်ကျဉ်းမြောင်းနိုင်မည်ဖြစ်ပြီး လက်ရှိအနေအထားထက် တင်ပို့မှုလျော့ကျသွားနိုင်မည်က အမှန်ပင်ဖြစ်နေသည်။
ယင်းကဲ့သို့ အခြေအနေများရင်ဆိုင်ရမည်ဆိုလျှင် ဆန်စက်များနှင့် ကုန်သည်များက ဆန်စပါးဝယ်ယူမှု လျော့ကျလာပါက အောက်ခြေလယ်သမားများသာ အဓိက ထိခိုက်မည်ဖြစ်သည်။
ထို့ကြောင့် တရုတ်စျေးကွက်သို့ ဆန်တရားဝင် တင်ပို့နိုင်ရေး၊ ဆန်ဝယ်ယူမှု မြင့်မားသည့် နိုင်ငံများသို့ တင်ပို့နိုင်အောင် စျေးကွက်အသစ်များ မဖြစ်မနေရှာဖွေရမှာက အဓိကလုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကိုယ့်ဟာကိုယ် လုပ်မှရမှာ။ ဘယ်သူတွေလုပ်မလဲဆိုရင် ပုဂ္ဂလိက ကဏ္ဍကနေလုပ်မလား။ အစိုးရပိုင်းကနေ လုပ်မလား။ နှစ်ခုလုံးပေါင်းပြီး လုပ်မှပဲရမယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။