၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဥရောပ၌ ဝင်ငွေအကောင်းဆုံးလိဂ်အဖြစ် အင်္ဂလန်ပရီးမီးယားလိဂ်နှင့် ဝင်ငွေအကောင်းဆုံး ကလပ်အဖြစ် မန်ယူအသင်းတို့ ရပ်တည်နိုင်ခဲ့ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က တရားဝင်ထုတ်ပြန်သည့် စစ်တမ်းအရ သိရသည်။
ယင်းဘဏ္ဍာရေးစစ်တမ်းကို UEFA ၏ ကလပ်အသင်းများ လိုင်စင်စံသတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် UEFA အဖွဲ့ဝင် ၅၅ နိုင်ငံရှိ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ ၅၅ ခုမှ ကလပ်အသင်း ၇၁၀ ၏ ဝင်ငွေစုစုပေါင်းမှာ ယူရို ၂၀ ဒသမ ၁၁ ဘီလျံရှိကြောင်း သိရသည်။
ကလပ်အသင်းများ၏ ဝင်ငွေစုစုပေါင်းမှာ ယခင်နှစ်ထက် ယူရို ၁ ဒသမ ၆ ဘီလျံ ထပ်မံ မြင့်တက်လာပြီး ရုပ်သံထုတ်လွှင်ခွင့်ဝင်ငွေ တိုးတက်လာသည့်အပြင် UEFA ၏ ဘဏ္ဍာ ရေးစည်းမျဉ်း (FFP) ကြောင့် အရှုံးပမာဏ လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် ထိပ်တန်းကလပ် ၃၀ ၏ ဝင်ငွေပမာဏမှာ ယူရို ၉ ဒသမ ၇ ဘီလျံရှိပြီး ကလပ်အသင်းအားလုံး ဝင်ငွေစုစုပေါင်း၏ ၄၉ ရာခိုင်နှုန်းအထိ ရှိနေသည်။ ဝင်ငွေအကောင်းဆုံး ထိပ်တန်းကလပ် ၃၀ တွင် ပရီးမီးယားလိဂ်ကလပ် ၁၃ သင်းအထိ ပါဝင်နေပြီး လိဂ်ပြိုင်ပွဲအလိုက် ဝင်ငွေအများဆုံး စာရင်းတွင်လည်း ပရီးမီးယားလိဂ်က ယူရို ၅ ဒသမ ၃ ဘီလျံဖြင့် ရပ်တည်လျက်ရှိသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဝင်ငွေမှာ အနီးဆုံးပြိုင်ဘက် လာလီဂါပြိုင်ပွဲ (ယူရို ၂ ဒသမ ၉ ဘီလျံ) ထက် နှစ်ဆနီးပါးပိုများပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲက ယူရို ၂ ဒသမ ၈ ဘီလျံဖြင့် တတိယ၊ စီးရီးအေပြိုင်ပွဲက ယူရို ၂ ဒသမ ၂ ဘီလျံဖြင့် စတုတ္ထ၊ လီဂူး-၁ ပြိုင်ပွဲက ယူရို ၁ ဒသမ ၆ ဘီလျံဖြင့် ပဥ္စမနေရာ ရပ်တည်နေကြောင်း သိရသည်။
ကလပ်တစ်သင်းချင်းအလိုက် ဝင်ငွေအများဆုံး စာရင်းတွင် မန်ယူအသင်းက ယူရို ၆၇၆ သန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ သုံးကြိမ်ဆက်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းထက် ယူရိုတစ်သန်း အသာဖြင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ယင်း နှစ်သင်း၏နောက်တွင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ PSG ၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ် စသည့်အသင်းများ အစဉ်လိုက် ရပ်တည်နေပြီး ၎င်းတို့အား လုံးမှာ ဝင်ငွေ ယူရိုသန်း ၄၀၀ အထက်ရရှိခဲ့ကြောင်း သိရသည်။ ကွင်းအတွင်း ပရိသတ်အများဆုံး ကြည့်ရှုသည့်လိဂ်အဖြစ် ဘွန်ဒစ်လီဂါပြိုင်ပွဲက တစ်ပွဲပျမ်းမျှ ၄၄,၅၁၁ ဦးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲက ၃၈,၃၁၀ ဦး၊ လာလီဂါပြိုင်ပွဲက ၂၇,၀၆၈ ဦး၊ စီးရီးအေပြိုင်ပွဲက ၂၄,၇၀၆ ဦး၊ လီဂူး-၁ ပြိုင်ပွဲ က ၂၂,၅၄၈ ဦးဖြင့် ရပ်တည်နေသည်။ ထို့ပြင် တစ်ပွဲပျမ်းမျှ လက်မှတ်စျေးနှုန်းအမြင့်ဆုံးအဖြစ် PSG အသင်းက ၈၆ ဒသမ ၉ ယူရိုဖြင့် ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ၈၆ ဒသမ ၇ ယူရိုနှင့် အာဆင်နယ်အသင်းက ၈၅ ဒသမ ၁ ယူရိုဖြင့် ရပ်တည်လျက်ရှိသည်။ အိမ်ကွင်းပရိသတ် အများဆုံးအသင်းတွင် လည်း မန်ယူအသင်းက ၁ ဒသမ ၄၂ သန်း ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။