ကစားသမားဘဝမှ အနားယူရန် အချိန်နီးကပ်လာပြီဟု စီရော်နယ်လ်ဒို ဝန်ခံခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များကို အာရုံမစိုက်တော့ဟု ပြောကြား

ကစားသမားဘဝမှ အနားယူရန် အချိန်နီးကပ်လာပြီဟု စီရော်နယ်လ်ဒို ဝန်ခံခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များကို အာရုံမစိုက်တော့ဟု ပြောကြား
Photo: X
Photo: X
Published 3 October 2024

ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို(၃၉ နှစ်) က ကစားသမားဘဝမှ အနားယူရန် အချိန်နီးကပ်လာပြီဖြစ်ကြောင်း ဝန်ခံခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များကို အာရုံမစိုက်တော့ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ကာတာကလပ် အယ်လ်ရေယန်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် အာရှချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

''ကွင်းထဲမှာ ကျွန်တော့်အဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာသိလို့ အခုချိန်မှာ ဘောလုံးကစားနေရတာကိုပဲ  ပျော်ရွှင်နေမိပါတယ်။ အခုအခါမှာ ကျွန်တော့်အဖို့ အကောင်းဆုံးကစားသမားဖြစ်ဖို့၊ ဒါမှမဟုတ် ဆုတံဆိပ်တွေရဖို့ အရေးမကြီးတော့ပါဘူး။ အခု ဘာက အရေးကြီးသလဲဆိုတော့ ကျွန်တော့်အဖို့ ဘောလုံးကစားတာ ပျော်ရွှင်ဖို့နဲ့ ကျွန်တော့်ရဲ့အသင်းကို ကူညီဖို့ပါပဲ''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်ကလည်း ရီယိုဖာဒီနန်၏ Presents Podcast အစီအစဉ်တွင် အနားယူမှုနှင့်ပတ်သက်ပြီး ဖွင့်ဟထားခဲ့သည်။

''ဂိုးတစ်ဂိုးသွင်းရတဲ့ စိတ်လှုပ်ရှားမှုကို ကျွန်တော် လွမ်းဆွတ်နေမှာပါ။ ဒီခံစားမှုက သည်းထိတ်ရင်ဖိုပါပဲ။ ကျွန်တော့်ရဲ့တခြားအစိတ်အပိုင်းကြောင့် ဒါကို လွမ်းနေမိမယ်လို့ တွေးထင်မိတာပါ။ ကျွန်တော် ဒါကို ထိန်းချုပ်နိုင်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့လူတွေ ရှိပါတယ်။ စီးပွားရေးလည်း ကောင်းပါတယ်။ ကျွန်တော့်မှာ ကောင်းမွန်တဲ့အရာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အဖို့ ဘောလုံးရဲ့စိတ်လှုပ်ရှားစရာကောင်းတာတွေက ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် အရာအားလုံးကို ပေးခဲ့ပါတယ်။ အသက် ၄၀၊ ၄၁ အထိပေါ့။ ဒါက ကိစ္စမရှိပါဘူး။ ကျွန်တော့် ခန္ဓာကိုယ်ကို ဘောလုံးအတွက် ၂၅ နှစ်လောက် ပေးခဲ့တာပါ။ ပြီးတော့ ဒီထက်ပိုပြီးတော့ ကျွန်တော် မပေးနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်က ခွင့်မပြုတော့လို့ပါ''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပယ်နယ်တီ မဝင်သည့်အပြင် ဂိုးမသွင်းယူနိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းက ဘောလုံးအားကစားနည်းအတွက် လုံလောက်စွာပေးနိုင်သေးကြောင်း ကြုံးဝါးသွားခဲ့သည်။

''ဒါဟာ ဘာကြောင့် ကျွန်တော် ရှေ့ဆက်သလဲ ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်။ ပြီးတော့ အလုပ်ဆက်လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်လောက် ကောင်းကောင်းကစားနိုင်သေးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ပြီးနောက်ပိုင်းကို တွေးတောင်မတွေးချင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ပစ္စုပ္ပန်ပဲ တွေးထားပြီး စီးပွားရေးကဏ္ဍလို တခြားအစိတ်အပိုင်းတွေအတွက် ပြင်ဆင်ထားပါတယ်။ ကျွန်တော် ဘောလုံးကို လွမ်းနေပါလိမ့်မယ်။ ပြီးတော့ အနည်းငယ်ဆုံးရှုံးတာ ဖြစ်နိုင်ပါတယ်''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် ဆုဖလားပေါင်း (၃၃)လုံးအထိ ရရှိထားခဲ့သည်။

Most Read

Most Recent