မိမိမှာ ထိပ်တန်းနည်းပြအဖြစ် ရှိနေဆဲဖြစ်ကြောင်း မော်ရင်ဟို ပြောကြား

မိမိမှာ ထိပ်တန်းနည်းပြအဖြစ် ရှိနေဆဲဖြစ်ကြောင်း မော်ရင်ဟို ပြောကြား
Photo : Getty Images
Photo : Getty Images
Published 18 January 2019

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုက မိမိမှာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ကာတာရုပ်သံလိုင်း beIN Sports တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဇန်နဝါရီလ (၁၇)နေ့က စတင်လုပ်ကိုင်ခဲ့သည်။

မော်ရင်ဟိုသည် မန်ယူအသင်းမှထွက်ခွာပြီးနောက်ပိုင်း မီဒီယာများနှင့်အဆက်အဆံမရှိဘဲ ယခုအခါတွင်မှ ၎င်းအကြောင်းနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

မော်ရင်ဟိုက "ဘောလုံးအသင်းတွေကို နည်းပြအဖြစ် ကျွန်တော် ကိုင်တွယ်ချင်ပါသေးတယ်။ ကျွန်တော်ဟာ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေဆဲပါ။ အဲဒီဖြစ်နေအောင်လည်း ကျွန်တော် ကြိုးစားနေဦးမှာပါ။ ကျွန်တော့်အသက်က ငယ်ပါသေးတယ်။ ဘောလုံးလောကမှာ ကျွန်တော် ကျင်လည်ခဲ့တာ အတော်လေးတော့ ကြာခဲ့ပါပြီ။ လာမယ့်ရက်သတ္တပတ် (၂)ခုလောက်ဆိုရင် ကျွန်တော့်အသက်က (၅၆)နှစ်မှာပြည့်တော့မှာပါ။ ဒါပေမဲ့ ကျွန်တော့်အသက်က ငယ်နေတုန်းပါပဲ"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည်  beIN Sports ရုပ်သံလိုင်းတွင် ဘောလုံးဝေဖန်သုံးသပ်သူအလုပ်ကို လက်မခံမီက ၎င်း၏အသင်းဟောင်း ဘင်ဖီကာအသင်းက ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခဲ့သည်။

မော်ရင်ဟိုအား ခေါ်ယူရန် ၎င်းကိုင်တွယ်ခဲ့သည့် အသင်းဟောင်းများဖြစ်သော စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်နှင့် စီးရီးအေအသင်းကြီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။