မန္တလေးမြို့၌ ကျင်းပမည့် WLC-7 မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲအတွက် တွဲဆိုင်းများ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် မန္တလာသီရိ အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင် တွဲဆိုင်းခုနစ်ပွဲ ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည် ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် စောထူးအောင်နှင့် ပေါ်တူဂီနိုင်ငံသား အန်တိုနီရာဖာရာတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ရွှေရာမာန်နှင့် ဆာရှာ (ယူကရိန်း) တို့ပွဲလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် မြန်မာလက်ဝှေ့သမား အချင်းချင်းထိုးသတ်မည့် တွဲဆိုင်းလေးပွဲ၊ နိုင်ငံခြားသား ကစားသမားအချင်းချင်း ထိုးသတ်မည့် တွဲဆိုင်းတစ်ပွဲ ပါဝင်မည်ဖြစ်သည်။
အခြားတွဲဆိုင်းများအဖြစ် ရန်နိုင်ထွန်း (ဇွဲကပင်မြေ) နှင့် စောဘဦး (ရွှေဘားလား)၊ စောမင်းမင်း (ရွှေသထုံ) နှင့် စောဒါ၀ိတ် (တောင်ကလေး)၊ ဒေါင်းဖြူ (Adventure) နှင့် ထူးနေသူ (တောင်ကလေး)၊ စောသားငယ် (ရွှေဖူး) နှင့် ထွန်းမင်းနိုင် (Fit@Fight) ၊ နိုင်ငံခြားသား ကစားသမားအချင်းချင်း ထိုးသတ်မည့်တွဲဆိုင်းအဖြစ် ငုယင်ထရန်ဒူ (ဗီယက်နမ်) နှင့် ခနန်း (ကမ္ဘောဒီးယား) တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို WLC-7 Mighty Warriors အမည်ဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာလက်ခမောင်း ကုမ္ပဏီသည် ယခုနှစ်အတွင်း WLC ပြိုင်ပွဲ သုံးပွဲအထက်ကျင်းပရန် စီစဉ်ထားပြီး လာမည့်ပြိုင်ပွဲများကိုလည်း ရန်ကုန်မြို့၌ သာမက နယ်မြို့များတွင်ပါ ကျင်းပရန် စီစဉ်ထားသည်။ WLC ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ယခင်ပြိုင်ပွဲ ခြောက်ကြိမ်ကို ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပခဲ့သည်။