အီတလီစူပါဖလားဗိုလ်လုပွဲနှင့် FA ဖလားတတိယအဆင့်(ပြန်ကန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက် 

အီတလီစူပါဖလားဗိုလ်လုပွဲနှင့် FA ဖလားတတိယအဆင့်(ပြန်ကန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက် 
Published 16 January 2019

 အီတလီစူပါဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် နှင့် အေစီမီလန် (ဗုဒ္ဓဟူးည ၁၂းဝ၀ နာရီ)

ကစားမည့်ကွင်း- King Abdullah Sports City ၊ ဆော်ဒီအာရေဗျ 



ဂျူဗင်တပ်စ်အသင်းက အီတလီစူပါဖလားပြိုင်ပွဲကို အခုတစ်ကြိမ်အပါအဝင် (၇)နှစ်ဆက်တိုက် ယှဉ်ပြိုင်ကစားရတာပါ။  ဒီမှတ်တမ်းက အင်တာမီလန်အသင်းတင်ရှိထားတဲ့ အကြိမ်အများဆုံး ဆက်တိုက်ယှဉ်ပြိုင်နိုင်မှုစံချိန်ကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့(၆)နှစ်ဆက်မှာ (၃)ကြိမ်ပဲချန်ပီယံဖြစ်ခဲ့တယ်။ နောက်ဆုံး(၄)နှစ်အတွင်းမှာ (၁)ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့တာပါ။ ဒီအချက်က တခြားအသင်းတွေဆို သိပ်ပြောပလောက်စရာမဟုတ်ပေမယ့် လက်ရှိ အီတလီဘောလုံးလောကကို စိုးမိုးထားတဲ့ ဂျူဗင်တပ်စ်လိုအသင်းဖြစ်နေတော့ အံ့အားသင့်စရာကောင်းနေပါတယ်။ ဂျူဗင်တပ်စ်အဖို့ (၁)ပွဲသာယှဉ်ပြိုင်ရပြီး ချန်ပီယံဆုရမယ့် စူပါဖလားကို စီးရီးအေ၊ ကိုပါအီတာလီယာတို့လောက် တန်ဖိုးမထားတာလား။

အခုနှစ်မှာတော့ စီရော်နယ်လ်ဒိုလို ဆုဖလားအောင်မြင်မှုတွေကို ဆာလောင်လွန်းတဲ့ ကစားသမားမျိုးရောက်လာခဲ့လို့ အသင်းရဲ့ရည်မှန်းချက်တွေ ပိုမိုမြင့်မားလာတာတော့အမှန်ပါပဲ။ ပြီးခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ကိုပါအီတာလီယာပွဲမှာ ဂျူဗီနည်းပြ အယ်လီဂရီက လူစုံမထုတ်သုံးခဲ့လို့ Winter Break အနားရထားတဲ့ အဓိကကစားသမားတွေ ပိုပြီးလန်းဆန်းနေနိုင်တာကိုလည်း ထည့်တွက်ရမယ်။  တိုက်စစ်မှာ မန်ဇူကစ် ဒဏ်ရာပြဿနာရှိနေလို့ စီရော်နယ်လ်ဒိုကို အထောင်ထားပြီး ဒူးဂလပ်စ်ကော်စတာကို တောင်ပံမှာ အသုံးပြုဖို့များပါတယ်။

အေစီမီလန်ကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု (၆)ပွဲစလုံးအရေးနိမ့်ထားပြီး (၄)ပွဲဆက် ဂိုးပြတ်ရှုံးထားပါတယ်။ အေစီမီလန်အသင်းမှာ အားထားရတဲ့ တိုက်စစ်ကစားသမား ဆူဆို ပွဲပယ်ခံထားရပြီး ဆမ်ဒိုးရီးယားနဲ့ပွဲက Line-up အတိုင်း ထုတ်သုံးဖို့များတယ်။ အပြောင်းအလဲရှိလာခဲ့ရင် ဂိုးသမားနေရာနဲ့ ကစားသမားသစ် ပါကွေတာကစားခဲ့တဲ့ ကွင်းလယ်ပိုင်းပဲ ဖြစ်လိမ့်မယ်။ ဟီဂွါအင်က အသင်းဟောင်းနဲ့ပွဲမှာ Emotion များပေမယ့် နည်းပြ ဂတ်တူဆိုက ဒီအချက်ကိုသဘောကျသူမို့လို့   ပွဲထွက်လာနိုင်ခြေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျူဗင်တပ်စ် မိနစ်(၉၀)အတွင်း အပြတ်ဖြတ်မှာပါ။

 

FA ဖလားတတိယအဆင့် (ပြန်ကန်ပွဲ) ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် နှင့် ဒါဘီ (ကြာသပတေးနံနက် ၂း၁၅ နာရီ)

အဝေးကွင်း(၃)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားထားတဲ့ ဆောက်သမ်တန်အသင်း စွမ်းဆောင်ရည်တက်လာတာကိုတော့ သတိပြုရမယ်။ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲက ရုန်းထွက်လာတဲ့ ဆောက်သမ်တန် စိတ်ဓာတ်တက်နေနိုင်ပြီး  အိမ်ကွင်းပရိသတ်ကျေနပ်အောင် ကစားပြမယ်ထင်တယ်။ ဆောက်သမ်တန်ပဲ နိုင်ဖို့များတယ်။