ဝန်ကြီးဌာန အပြောင်းအလဲအပေါ် စိုးရိမ်မှုမရှိရန်နှင့် လူထုကိုမျက်နှာမူပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ဝန်ကြီးဌာန အပြောင်းအလဲအပေါ် စိုးရိမ်မှုမရှိရန်နှင့် လူထုကိုမျက်နှာမူပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Photo : MOI
Photo : MOI
Published 11 January 2019
အလင်းဒီ

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့လိုက်သည့်အတွက် စိုးရိမ်ပူပန်မှုများ မရှိကြရန်နှင့် လူထုကို မျက်နှာမူပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်တွင် အတူလိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူသည် ဇန်နဝါရီ ၉ ရက် ည နေပိုင်းက ကချင်ပြည်နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရှိ ဆမားဒူးဝါဆင်ဝါးနောင် ခန်းမ၌ ကချင်ပြည်နယ် ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကြီး မိမိတို့ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့လိုက်သည့်အတွက် မည်သို့များ ဖြစ်လာမည် ဆိုသည့် စိုးရိမ်ပူပန်မှုများ မရှိကြရန် ပထမဆုံးပြောလိုကြောင်း၊ အုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ်နှင့် လည်ပတ်ပြီး နောက် တစ်ဆင့်အနေဖြင့် အပြောင်းအလဲများ ဦးတည်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်အောင်ကြိုးစားပြီး ယခင်အတိုင်း ဆက်လက် လုပ်ကိုင်ကြရန်၊ ပြောင်းလဲလာသည့် မူဝါဒ ညွှန်ကြားချက်များနှင့်အညီ ပြုပြင်ပြောင်းလဲမှုများကို လိုက်ပါဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက “ဒီလို ကြိုးပမ်းဆောင်ရွက်သည့် နေရာတွင် လူထုကိုမျက်နှာမူပြီး အပြောင်းအလဲများ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် မှာကြား ချင်ပါကြောင်း၊ စိတ်ဓာတ်နှင့် ခံယူချက်များ ပြောင်းရမည်၊ လူထု၏လိုအပ်ချက်များကို အစဉ်အမြဲ ဖြည့်ဆည်းပေးနိုင်ရန် အချိန်မရွေး အဆင်သင့်ရှိနေရမည်၊ လူထုနှင့်နီးစပ်ပြီး လူ ထုက အားကိုးယုံကြည်သော အုပ်ချုပ်ရေးမှူး ကောင်းများဖြစ်လာအောင် မိမိတို့အားလုံး ကြိုးပမ်းနိုင်မှ တန်ကာကျပါမည်၊ မိမိတို့ အားလုံး ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း” ပြော ကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်မှု အပါအဝင် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၈) ၏ သဘောတူညီချက်အရ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း တာဝန်ထမ်းဆောင်စေသည်။

ထိုသို့ပြောင်းရွှေ့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိနိုင်ငံတော်က လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်နိုင်ရန်၊ အုပ်ချုပ်မှုကောင်း (Good Governence) ဖြစ်ပေါ်လာရန်ဖြစ်ကြောင်း ဦးမင်းသူက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၁၈ ခုနှစ် ဧပြီလ မြန်မာ့ရိုးရာ နှစ်သစ်ကူးမိန့်ခွန်းတွင် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုသည့် အချက်နှစ်ချက်ကို ဆောင်ရွက်မည်ဟု ပြောကြားမှု ရှိထားခြင်းနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကလည်း အုပ်ချုပ်မှုယန္တရား ပြုပြင် ပြောင်းလဲခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ပိုမိုပေါင်းစည်း ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းစသည့် လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် နေပြည်တော် အုပ်ချုပ်ရေးမှူးတို့သည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ဆောင်ရွက်ကြကာ ယင်းကဲ့သို့ အရေးကြီး တာဝန်များကို ထမ်းဆောင်ကြရာတွင် အုပ်ချုပ်မှုယန္တရား ချောမွေ့စေရန်၊ အုပ်ချုပ်မှုစနစ် မျှတမှန်ကန်စေရန်၊ အဂတိလိုက်စားမှု မရှိစေရန်၊ ပွင့်လင်းမြင်သာမှု ရှိစေရန်တို့ကို မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ကြရန် လိုအပ်သည်ကို အလေးအနက်ထား မှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် ဝန်ထမ်းတစ်ဦးချင်းက စိတ်ဓာတ်နှင့် ခံယူချက်ကို စတင်ပြုပြင်ပြောင်းလဲရန်၊ ကြိုးနီစနစ်နှင့် ခေါက်ရိုးကျိုး ဖြစ်မနေရန်၊ ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြသော Reform Minded ရှိနေရန် အထူးအရေးကြီးကြောင်း၊ ယခုကဲ့သို့ နှစ်သစ်ကူး ပြောင်းပြီးစအချိန်တွင် စိတ်သစ်၊ လူသစ်၊ ခံယူချက်အသစ်နှင့် အပြောင်းအလဲများကို စတင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အလေးအနက်ထား မှာကြားသည်။

“ပြုပြင်ပြောင်းလဲမှု စံနမူနာပြု ထွေအုပ်က ဟုဆိုနိုင်သည်အထိ ဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန် တိုက်တွန်းလိုကြောင်း” ဝန်ကြီးဦးမင်းသူက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့သည့်အတွက် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနက လက်ရှိသုံးစွဲလျက်ရှိသော ရုံးအသုံးအဆောင် ပစ္စည်းများတွင် ပြည်ထဲရေး ဝန်ကြီးဌာနအစား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဟု ပြင်ဆင်ပြောင်းလဲ အသုံးပြုရန် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဝန်ထမ်းအားလုံး ဗုဒ္ဓဟူးနေ့ ဝတ်စုံတစ်မျိုးတည်းသာ ဝတ်ဆင်ရန်၊ ရင်ထိုးတံဆိပ် တပ်ဆင်ခြင်း မပြုရန်နှင့် အလံလွှင့်ထူခြင်းအား လတ်တလော အခြေအနေတွင် လုပ်ဆောင်ခြင်း မပြုရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

 

Most Read

Most Recent