အိန္ဒိယ၏ အရှေ့မျှော်မူဝါဒမှသည် . . .

အိန္ဒိယ၏ အရှေ့မျှော်မူဝါဒမှသည် . . .
Published 9 January 2019

အိန္ဒိယနိုင်ငံတွင် ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေး ရာသီဥတုအပြင် ပြည်တွင်းနိုင်ငံရေး အနေအထား ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံခြားရေး မူဝါဒ၌ ဖွံ့ဖြိုးမှု အသစ်များကို ပိုမိုနီးကပ်စွာ စောင့်ကြည့်ရေးက အရေးပါလာသည်။ ယင်းအပြောင်းအလဲ၏ တစ်စိတ်တစ်ပိုင်းမှာ အိန္ဒိယနိုင်ငံ၏ Act East Policy ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက Act East Policy ကို ပုံကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။ Act East Policy သည် 'အရှေ့မျှော်မူဝါဒ' ဟု ခေါ်ဆို ကြသော Look East Policy ကို ဆက်ခံခြင်းဖြစ်သည်။ Look East Policy သည် လုံးဝကွဲပြားခြားနားသော ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေရပ်များအောက်၌ အိန္ဒိယနိုင်ငံ၏ စီးပွားရေးမူဝါဒကို လစ်ဘရယ်ကျအောင်ပြုလုပ်မှု အစနှင့် တစ်ချိန်တည်းဖြစ်သော ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ အနီးတစ်ဝိုက်ရှိ နိုင်ငံများသည် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီးများဆီသို့ လက်တံကို ဆန့်ထုတ်ရင်း  မဟာဗျူဟာမြောက် နေရာများကို ချဲ့ထွင်ရန် ကြိုးပမ်းလာကြသည်။ ယင်းအနေအထား၌ ဗီယက်နမ်နှင့်  ဖိလစ်ပိုင်ကဲ့သို့ ပိုမို သေးငယ်သည့် နိုင်ငံများက ကြီးထွား၍လာနေသော တရုတ်နိုင်ငံ၏ လွှမ်းမိုးကြီးစိုးမှုကို တန်ပြန်ရန် အိန္ဒိယနိုင်ငံအား အရေးအပါဆုံးအဖြစ် ရှုမြင်လာကြသည်။

အရှေ့မျှော်မူဝါဒသည် စိတ်အားထက်သန်မှု မရှိသည့် ကတိထားပြီး အလုပ်တစ်ခု  ဖြစ်ပုံရပြီး မူဝါဒအများစုသည် အပြောသက်သက်သာ ဖြစ်နေခြင်းနှင့်အတူ အားရစရာ ရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ ဒေသတွင်း၌ အိန္ဒိယ၏ အားထားရမှုနှင့် သြဇာသည် အကန့်အသတ်ရှိနေပြီး တစ်ချိန်တည်းမှာပင် တရုတ်၏ သြဇာသည် ဆက်လက် ကြီးထွားနေလျက် တောင်အာရှ၌ အိန္ဒိယ၏ လွှမ်းမိုးထားမှုကိုပင် ခြိမ်းခြောက်၍ လာသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်မှ စတင်၍ အိန္ဒိယသည် 'အရှေ့မျှော်'  (Look East) ရုံသာမက အရှေ့လုပ် (Act East) ဟုဆိုကာ အမှန်တကယ် လုပ်ဆောင်မှုများ ပြုလုပ်၍လာသည်။  အိန္ဒိယအစိုးရသည် အရှေ့ဘက်ရှိ မိတ်ဖက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ရေးဆီသို့ အပြုသဘောဆောင်သည့် ခြေလှမ်းများ အဆက်မပြတ် လှမ်း၍ လာတော့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မွန်ဂိုလီးယား၊ ဂျပန်၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်ခဲ့ခြင်းသည် အိန္ဒိယအစိုးရအနေဖြင့် Act East မူဝါဒကို တက်ကြွစွာ အကောင်အထည်ဖော်နေခြင်း၏ နမူနာများဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် Act East မူဝါဒအတွက် သွေးစည်းရေး စိတ်ဓာတ်တစ်ခုတည်ဆောက်ရန် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုအရ ဘုံသဘော ဆက်နွှယ်ချက်၊ တူညီသော ကိုလိုနီသမိုင်း အစရှိသည်တို့ကို အသုံးပြုသည်။

Act East မူဝါဒနှင့်ပတ်သက်၍ အဓိက မြှင့်တင်မှု တစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံရှိ စစ်တွေ ဆိပ်ကမ်း လုပ်ငန်းများကို လွှဲပြောင်းရယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။ စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်းသည် ကုလားတန်မြစ်ဝှမ်း ဘက်စုံစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်မှာ  စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယအရှေ့ပိုင်းဆိပ်ကမ်းများမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို အိန္ဒိယအရှေ့ပိုင်းသို့လည်းကောင်း ပို့ဆောင်ရန် ပင်လယ်၊ မြစ်နှင့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး စင်္ကြံလမ်း ဖန်တီးရေးဖြစ်သည်ဟု ဆိုသည်။ ယခုစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို အားပေးမြှင့်တင် လိမ့်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသကို ဆက်သွယ်ရန်အတွက် အခြားလမ်းကြောင်းများကိုလည်း ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု အိန္ဒိယပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ တရုတ် တစ်နိုင်ငံတည်းအပေါ် အဓိကအားပြုနေရသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်လည်း win-win အနေအထား ရရှိအောင် တည်ဆောက်နိုင်ရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent