ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ဘိုင်ယန်မြူးနစ်အသင်းမှထွက်ခွာမည်မဟုတ်ဟု ဘိုတန်ပြောကြား

ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ဘိုင်ယန်မြူးနစ်အသင်းမှထွက်ခွာမည်မဟုတ်ဟု ဘိုတန်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 January 2019

 

ဘိုင်ယန်မြူးနစ်အသင်း၏ ၀ါရင့်နောက်ခံလူ ဘိုတန်က ၄င်းအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၀) နှစ်အရွယ်ရှိ ဂျာမန်နောက်ခံလူ ဘိုတန်သည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ဘွန်ဒစ်လီဂါတွင် (၁၁) ပွဲသာကစားခွင့်ရထားသည်။

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ယခုအပြောင်းအရွှေ့တွင် အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်အား ခေါ်ယူမည်ဟု သတင်းထွက်နေရာ ဘိုတန်အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြနေကြသည်။

သို့သော် ဘိုတန်က '' ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းကကျွန်တော့်ကို မမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီနှစ်ဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ဆိုတာ မှန်ပါတယ်။ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ'' ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါ ရာသီဝက်ကျိုးချိန်တွင် ရမှတ် (၃၆) မှတ်ဖြင့် အဆင့် (၂) နေရာတွင်ရပ်တည်နေသော်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဒေါ့မွန်အသင်းနှင့် (၆) မှတ်အထိကွာဟလျက်ရှိသည်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ယူအသင်းသည် ဘိုတန်ကို ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ကြိုးစားခဲ့ဖူးကြောင်း သိရှိရသည်။