ထရန်မဲအသင်းအား အနိုင်ရသည့်ပွဲတွင် (၆-၀) ဂိုးဖြင့် နိုင်နေချိန်၌ ဟာရီကိန်းကို လူစားဝင်ကစားစေခဲ့ခြင်းအပေါ်  ပိုချက်တီနို ရှင်းလင်း

ထရန်မဲအသင်းအား အနိုင်ရသည့်ပွဲတွင် (၆-၀) ဂိုးဖြင့် နိုင်နေချိန်၌ ဟာရီကိန်းကို လူစားဝင်ကစားစေခဲ့ခြင်းအပေါ်  ပိုချက်တီနို ရှင်းလင်း
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 5 January 2019

စပါးအသင်းနည်းပြ ပိုချက်တီနိုက ထရန်မဲအသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့သည့် FA ဖလား တတိယအဆင့်ပွဲစဉ်တွင်  (၆-၀) ဂိုးဖြင့် နိုင်နေချိန်၌ ဟာရီကိန်းအား လူစားဝင်ကစားစေခဲ့ခြင်းမှာ ပြိုင်ဘက်အသင်းနှင့် ပရိသတ်များအပေါ် လေးစားမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ထရန်မဲအသင်း၏ အိမ်ကွင်းတွင် ကစားခဲ့သော အဆိုပါပွဲစဉ်၌ စပါးအသင်းက (၇-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုသည် ယင်းပွဲစဉ်တွင် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းကို အရန်ခုံတွင်ထားခဲ့သော်လည်း (၆-၀) ဂိုးဖြင့် နိုင်နေသည့် ပွဲချိန် (၇၆) မိနစ်တွင် ဟက်ထရစ်သွင်းယူထားသော လော်ရန်တေးနှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်အပေါ် ပရိသတ်များက အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ပိုချက်တီနိုက ၄င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုက '' ဟာရီကိန်းကို လူစားဝင်ကစားစေခဲ့တာက လေးစားမှုကြောင့်ပါ။ ပရိသတ်တွေနဲ့ ပြိုင်ဘက်အသင်းကို ကျွန်တော်တို့ လေးစားမှုအပြည့်ရှိပါတယ်။ FA ဖလားလိုပြိုင်ပွဲမျိုးမှာ ဟာရီကိန်းလို icon ကစားသမားမျိုးကို တွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဟာရီကိန်းကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် ကျွန်တော်က လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ လူတွေက အင်္ဂလန်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ဟာရီကိန်းရဲ့ ကစားပုံကိုမြင်ချင်ကြပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

ပိုချက်တီနိုက ၄င်းတို့အနေဖြင့် ပြည်တွင်းဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲရန်ထက် နှစ်တိုင်းချန်ပီယံလိဂ် ဝင်ခွင့်ရရေးနှင့် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့ကဲ့သို့ ဆုဖလားကြီးများကိုသာ ရယူလိုသည်ဟု ပြောကြားခဲ့ဖူးသော်လည်း ယင်းပွဲအပြီးတွင်မူ ၄င်းတို့အသင်းအနေဖြင့် ပြိုင်ပွဲတိုင်းကို အလေးထားယှဉ်ပြိုင်နေကြောင်းနှင့် ပြိုင်ပွဲတိုင်းကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent