ကမ္ဘာ့အဆင့်နှင့်အာရှအဆင့် ဝူရှူးပြိုင်ပွဲ၌ အောင်မြင်မှုရခဲ့သူ ငြိမ်းချမ်းကိုကို

ကမ္ဘာ့အဆင့်နှင့်အာရှအဆင့် ဝူရှူးပြိုင်ပွဲ၌ အောင်မြင်မှုရခဲ့သူ ငြိမ်းချမ်းကိုကို
Published 1 January 2019

မြန်မာ့လက်ရွေးစင် ဝူရှူးကစားသမား ငြိမ်းချမ်းကိုကိုသည် ယခုနှစ်အတွင်း ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည်။ အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သလို  ကမ္ဘာ့ထောက်လု ပြိုင်ပွဲနှင့် အာဆီယံ တက္ကသိုလ်အားကစား ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ရရှိခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းကိုကိုအား ၂၀၁၈ ခုနှစ်၏ အားကစားကဏ္ဍအတွက် ထင်ရှားကျော်ကြား သူအဖြစ် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ငြိမ်းချမ်းကိုကိုသည် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ရပြီး စက်တင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နိုဝင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ဒုတိယအကြိမ် ကမ္ဘာ့ထောက်လုပြိုင်ပွဲ၊ ဒီဇင်ဘာတွင်ကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းကိုကိုယှဉ်ပြိုင်သည့် ပြိုင်ပွဲများမှာ ထိုက်ချိချွမ်နှင့် ထိုက်ချိကျန့် ပြိုင်ပွဲနှစ်ခုပေါင်းမှ ရွှေတံဆိပ်တစ်ခု ချီးမြှင့်ခြင်းဖြစ်ရာ ၎င်းအနေဖြင့် အောင်မြင်မှုရရန် ခက်ခက်ခဲခဲယှဉ် ပြိုင်ခဲ့ရသည်။ အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် မြန်မာအားကစားအဖွဲ့တစ်ခုလုံးက ကြေးနှစ်ခုသာရရှိရာ  ငြိမ်းချမ်းကိုကိုက တစ်ခုရယူ ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာဝူရှူးအဖွဲ့ ပထမဆုံးယှဉ်ပြိုင်သည့် ဒုတိယအကြိမ် ကမ္ဘာ့ထောက်လုပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုတည်း ရရှိပြီး ယင်းဆုကိုလည်း ၎င်းကပင် ရယူပေးခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် နေပြည်တော်၌ ကျင်းပသည့်  အာဆီယံ တက္ကသိုလ်ပြိုင်ပွဲတွင်လည်း ရွှေတစ်ခု ထပ်မံရယူနိုင်ခဲ့သည်။

Most Read

Most Recent