ဝေဖန်မှုများကြားမှ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်း၏ မြန်မာနိုင်ငံခရီးစဉ်

ဝေဖန်မှုများကြားမှ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်း၏ မြန်မာနိုင်ငံခရီးစဉ်
Photo : MFF
Photo : MFF
Published 1 January 2019

တစ်ချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်တန်းအဆင့်ရပ်တည်ခဲ့ဖူးပြီး လက်ရှိတွင် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ကစားနေသည့် လိဒ်စ်ယူနိုက်တက်အသင်းသည် မေလအတွင်း မြန်မာနိုင်ငံသို့လာရောက်၍ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ်သို့ ကူးပြောင်းပြီးနောက် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းနှင့် ဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ၊ ဘောလုံးအသင်းများ၊ နည်းပြများမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

လိဒ်စ်ယူနိုက်တက်အသင်းမှာလည်း အသင်းပိုင်ရှင်ဖြစ်သူနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်တို့၏ ရင်းနှီးမှုအရ မြန်မာနိုင်ငံတွင် အခမဲ့လာ ရောက်ကစားပေးခြင်းဖြစ်သည်။ ဘင်္ဂါလီ အရေးကြောင့် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသို့ လာရောက် ရန် ဆုံးဖြတ်ခဲ့သည့် လိဒ်စ်ယူနိုက်တက်အသင်းသည် ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသော်လည်း ဘောလုံးနှင့် နိုင်ငံရေး မပတ်သက်ဟုဆိုကာ ခရီးစဉ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်။ လိဒ်စ်ယူနိုက်တက် အသင်း၏ ခရီးစဉ်ကို ဗြိတိန်မီဒီယာများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြသည်။ လိဒ်စ်ယူနိုက်တက်အသင်း၏ ခြေစမ်းပွဲများကို မြို့နှစ်မြို့တွင် ကျင်းပခဲ့ပြီး ရန်ကုန်မြို့၌ MNL All Star အသင်း၊ မန္တလေးမြို့၌ မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ လိဒ်စ်ယူနိုက်တက်အသင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံစေတီတော်သို့ သွားရောက်လေ့လာခဲ့သည်။  ယင်းခရီးစဉ်တွင် ခြေစမ်းပွဲ နှစ်ပွဲကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ လိဒ်စ်ယူနိုက် တက်အသင်းသည် ရန်ကုန်မြို့ ခြေစမ်းပွဲတွင် MNL All Star အသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး မန္တလေးမြို့ခြေစမ်းပွဲတွင် မြန်မာ့လက် ရွေးစင်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ခြေစမ်းပွဲကစားသည့် ကာလတွင် ရန်ကုန်ယူနိုက်တက်အသင်း AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်နေသောကြောင့် MNL All Star နှင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရန်ကုန်ကစားသမားများ ပါဝင်ကစားနိုင်ခဲ့ ခြင်းမရှိပေ။

မန္တလေးမြို့ခြေစမ်းပွဲတွင် ဒုတိယပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ လိဒ်စ်ယူနိုက်တက်အသင်း နည်းပြ အဖွဲ့ဝင်တစ်ဦးက ဘောကောက်ကလေးငယ်များအား မိုးကာအကျႌများ လိုက်လံဝတ်ဆင်ပေးခဲ့ရာ လူသားချင်းစာနာထောက်ထားသည့် အပြုအမူကြောင့် နိုင်ငံတကာမီဒီယာများ၏ ချီးကျူးမှုခံခဲ့ရသည်။

Most Read

Most Recent