One ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံနှင့် Global MMA ဆုနှစ်ခုရရှိသူ အောင်လအန်ဆန်

One ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံနှင့် Global MMA ဆုနှစ်ခုရရှိသူ အောင်လအန်ဆန်
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 1 January 2019

၂၀၁၈ ခုနှစ်သည် အောင်လအန်ဆန် အတွက် ပြီးပြည့်စုံသည့်နှစ်တစ်နှစ်ဟု သတ် မှတ်ရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့သည့် One မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများတွင် အရှုံးမရှိ နိုင်ပွဲများရယူကာ ချန်ပီယံဆု ထိန်းသိမ်းနိုင်ခဲ့သလို ဖေဖော်ဝါရီတွင် ဘရာဇီးလ်နိုင်ငံသား မာချာဒိုကို ထပ်မံအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်း ရရှိကာ ၀ိတ်တန်းနှစ်ခုချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် ONE Champinship က ချီးမြှင့်သည့် Global MMA ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသားကစားသမားဆုနှင့် အကောင်းဆုံးပွဲဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် မြန်မာ့အားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် အောင်လအန်ဆန်အား ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ်တွင် သုံးပွဲထိုးသတ်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ တစ်ပွဲ၊ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ နှစ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ သုံးပွဲစလုံး အနိုင်ရခဲ့သည်။ ယင်းသုံးပွဲစလုံးကို မြန်မာနိုင်ငံ၌ ယှဉ် ပြိုင်ထိုးသတ်ခဲ့ပြီး မြန်မာပရိသတ်များ၏ ရုံပြည့်ရုံလျှံအားပေးမှုနှင့်အတူ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီတွင် လစ်လပ်လျက်ရှိသည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု အတွက် ဘရာဇီးလ်နိုင်ငံသား မာချာဒိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ အောင်လအန်ဆန်က ပထမအချီမှာပင် အလဲထိုးအနိုင်ယူပြီး ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်လာခဲ့သည်။ ယင်းပွဲအပြီးတွင် အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ နှစ်ပွဲ ထိုးသတ်ခဲ့ရပြီး ဇွန်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါ၊ အောက်တိုဘာတွင် လက်ဘနွန်နိုင်ငံသား ကရာကီတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်နှင့် ဟဆဲဂါ၀ါတို့၏ ပွဲမှာ နောက်ဆုံးအချီမှသာ အဖြေထွက်ပေါ်ခဲ့ပြီး အောင်လအန်ဆန်က လက်သီးချက်ဖြင့် ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် နှစ်ဦးစလုံး အထိနာခဲ့ပြီး အောင်လအန်ဆန်အတွက် ပထမဆုံး ချန်ပီယံဆုကာကွယ်ပွဲမှာ အလဲအကွဲဖြစ်ခဲ့သည်။ ထို့ပြင် ယင်းပွဲမှာ One Championship ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲတစ်ပွဲအဖြစ် သတ်မှတ်ခံရပြီး စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Global MMA ဆုပေးပွဲတွင် အကောင်းဆုံးပွဲဆု ဆွတ်ခူးရရှိခဲ့သည်။ အောင်လအန်ဆန် နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲမှာ လက်ဘနွန်နိုင်ငံသား ကရာကီနှင့်ဖြစ်ပြီး ပထမအချီမှာပင် အလဲထိုး အနိုင်ရခဲ့သည်။  အောင်လအန်ဆန်သည် ပွဲစောစောသိမ်းမည်ဟု ပြောထားသည့်အတိုင်း ပထမအချီမှာပင် အနိုင်ယူခဲ့သည်။

One မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်ကို ဂုဏ်ပြုသည့်အနေဖြင့် မွေးရပ်မြေဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၎င်း၏ ရုပ်တု ပြုလုပ်ထားရှိပြီး ရုပ်တုဖွင့်ပွဲအခမ်း အနားသို့ အောင်လအန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

 

Most Read

Most Recent