မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်တည်နေရာများ ရှိနေသည့်အတွက် သက်ဆိုင်ရာ JMC-S များတွင် ပါဝင်ခွင့် ရရှိစေရန် တင်ပြတောင်းဆိုထား

မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်တည်နေရာများ ရှိနေသည့်အတွက် သက်ဆိုင်ရာ JMC-S များတွင် ပါဝင်ခွင့် ရရှိစေရန် တင်ပြတောင်းဆိုထား
Published 1 January 2019
ဘိုဘိုမြင့်

မွန်ပြည်သစ်ပါတီ အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တပ်တည်နေရာများ ရှိနေသည့်အတွက် ယင်းပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) များတွင် ပါဝင်ခွင့် ရရှိစေရန် တင်ပြတောင်းဆိုထားဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

“ကျွန်တော်တို့ JMC ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တပ်တည်နေရာတွေက ကရင်ပြည်နယ်မှာလည်း ရှိတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာလည်း ရှိတယ်။ ကျွန်တော်တို့က JMC-S ထဲမှာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း မပါဝင်ဘူးဆိုရင် နောင်ဖြစ်လာမယ့် ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ ပြဿနာဖြစ်တဲ့အခါ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေက အခက်အခဲ ဆက်ရှိလာမယ်။ ကျွန်တော်တို့ တောင်းဆိုထားတာက JMC-S  ထဲမှာ လက်ရှိ ကရင်ပြည်နယ် JMC-S ထဲမှာလည်း ကျွန်တော်တို့ ပါဝင်သင့်တယ်။ တနင်္သာရီတိုင်း JMC-S မှာလည်း ကျွန်တော်တို့ ပါဝင်သင့်တယ်။ အခုလက်ရှိဆိုရင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲမှာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပြဿနာက ဖြစ်နေပြီ။ ဒီကိစ္စတွေက JMC-S မှာပဲ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်။ JMC-S မှာ ကျွန်တော်တို့ မရှိရင် ဒီကိစ္စကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး” ဟု နိုင်အောင်မငေးက ပြောကြားသည်။ 

JMC ၏ အနှစ်သာရသည် ပြဿနာများ မဖြစ်ခင် မည်သို့ ကြိုတင်ကာကွယ်မည်၊ ပြဿနာများ ဖြစ်လာပါက မည်သို့ဖြေရှင်းမည် စသည်တို့ကို မိမိတို့ အတူတကွ သွားရမည် ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်နိုင်ရန်လည်း JMC-S သည် NCA တွင် အဓိက လုပ်ငန်းကြီး တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် JMC-S တွင် ပါဝင်ချင်၍ တောင်းဆိုနေခြင်း ဖြစ်ကြောင်း နိုင်အောင်မငေးက ပြောကြားသည်။ 

“ဒါပေမဲ့ အခုထက်ထိတော့ JMC-S ထဲမှာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ပါဝင်ခွင့် မပြုတဲ့အတွက် မွန်ပြည်နယ် JMC-S ထဲမှာ ပါဝင်ဖို့အတွက်ကို အများကြီး စဉ်းစားနေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ အခုဆိုရင် မွန်ပြည်နယ် အစိုးရအဖွဲ့မှာ လုံနယ်ဝန်ကြီးလည်း အသစ်ပြောင်းလာပြီ။ တိုင်းမှူးကြီးလည်း အသစ်ပြောင်းလာပြီ ဖြစ်တဲ့အတွက်ကို ပြန်လည်တင်ပြသွားမယ်။ နောက်ပြီး JMC-S က တစ်ဆင့်လည်း တင်ပြ တောင်းဆိုထားတာ ရှိပါတယ်။ ဒါမှလည်း အစိုးရရော တပ်မတော်ကပါ ကျွန်တော်တို့ကို ငဲ့ညာပြီးတော့ ဖြေရှင်းပေးမယ်လို့ မြင်ပါတယ်” ဟု နိုင်အောင်မငေးက ဆိုသည်။

သို့ရာတွင် ယခုအချိန်အထိ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ JMC-S ၌ ပါဝင်ခွင့် မပြုသေးသည့်အတွက် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် ပါဝင်ရန် စဉ်းစားနေရကြောင်း၊ မိမိတို့အနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ JMC-S တွင် ပါဝင်ခွင့်ရရှိရန် ကြိုးစားဆောင်ရွက်ပါကြောင်း နိုင်အောင်မငေးက ဆက်လက်ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ လက်မှတ်ရေးထားခဲ့သော တိုင်းရင်းသား လက်နက်အဖွဲ့အစည်းဖြစ်ပြီး မေ ၅ ရက်မှ ၇ ရက်အထိ မွန်ပြည်နယ် ရေးမြို့၌ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပထားသည်။

လက်ရှိ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံ/နယ်ဝန်ကြီးနှင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရကိုယ်စားလှယ် ခုနစ်ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KNU မှ တပ်ဖွဲ့ဝင်များ နှင့် အရပ်သား ကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ် ခုနစ်ဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းထားသည်။                          

Most Read

Most Recent