ရီးယဲလ်မက်ဒရစ်အသင်းနောက်ခံလူဟောင်း ဆယ်လ်ဂါဒိုက အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီကို ဝေဖန်ခဲ့သည့် အသင်းဂိုးသမားကော်တိုအာမှာ အသင်းအကြောင်းကို ကောင်းကောင်းနားမလည်သေးကြောင်း ပြောကြားခဲ့သည်။
ယခုရာသီတွင် ရုန်းကန်နေရသည့် ရီးယဲလ်မက်ဒရစ်အသင်းအား မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ဝေဖန်မှုများပြုလုပ်ခဲ့ရာ ကော်တိုအာက ဆီမြွန်နီသည် အက်သလက်တီကိုပရိသတ်များကြားတွင် လူကြိုက်များရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းကို ဝေဖန်နေခြင်းဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကော်တိုအာ၏ ပြောကြားမှုနှင့်ပတ်သက်ပြီး ဆယ်လ်ဂါဒိုက ကော်တိုအာမှာ ရီးယဲလ်မက်ဒရစ်အကြောင်းကို ကောင်းကောင်းနားမလည်သေးကြောင်းနှင့် ရီးယဲလ်မက်ဒရစ်ကစားသမားတစ်ဦးအနေဖြင့် ဝေဖန်သူတိုင်းကို တုံ့ပြန်နေစရာမလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆယ်လ်ဂါဒိုက '' ကျွန်တော်ထင်တာတော့ ကော်တိုအာဟာ ရီးယဲလ်မက်ဒရစ်အကြောင်းကို ကောင်းကောင်းမသိသေးပါဘူး။ ရီးယဲလ်မက်ဒရစ်အနေနဲ့ လူတိုင်းကိုတုံ့ပြန်နေဖို့မလိုပါဘူး'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ဆယ်လ်ဂါဒိုက ရီးယဲလ်အသင်းတွင် ကွင်းလယ်လူ အစ္စကိုနှင့် နည်းပြဆိုလာရီတို့ ပြဿနာဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ၄င်းတို့အနေဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံကာ အဖြေရှာသင့်သည်ဟု အကြံပြုပြောကြားခဲ့ကြောင်းလည်း သိရသည်။