ဒေါ်သန်းသန်းစိန် (မြန်မာ့အစိမ်းရောင်ကွန်ရက်မှ စိုက်ပျိုးရေးပညာရှင်၊ မြန်မာ Organic စိုက်ပျိုး၊ ထုတ်လုပ်သူများအသင်း တည်ထောင်သူ ဒုတိယဥက္ကဋ္ဌ) နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်သန်းသန်းစိန် (မြန်မာ့အစိမ်းရောင်ကွန်ရက်မှ စိုက်ပျိုးရေးပညာရှင်၊ မြန်မာ Organic စိုက်ပျိုး၊ ထုတ်လုပ်သူများအသင်း တည်ထောင်သူ ဒုတိယဥက္ကဋ္ဌ) နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 16 December 2018
ဆန်းထူးအောင်

လက်ရှိ တစ်ကမ္ဘာလုံံး၌ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဓာတ်မြေသြဇာ အသုံးပြုစိုက်ပျိုးမှုသည် တွင်ကျယ်ပျံ့နှံ့နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော် လူများသည် ဓာတုဓာတ်မြေသြဇာ အသုံးပြုစိုက်ပျိုးထားသည့် သီးနှံများထက် Organic နည်းဖြင့် စိုက်ပျိုးထားသည်ကို ပိုမိုနှစ်သက် ရွေးချယ်စားသုံးမှု များပြားလာနေပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် Organic နည်းပညာ အသုံးပြုစိုက်ပျိုးရေးနည်းလမ်းများကို တောင်သူလယ်သမားများထံ အသိပညာပေးခြင်း၊ သင်တန်းပို့ချခြင်းများ ပြုလုပ်နေသည့် မြန်မာ့အစိမ်းရောင်ကွန်ရက်မှ စိုက်ပျိုးရေးပညာရှင်၊ မြန်မာ Organic စိုက်ပျိုး၊ ထုတ်လုပ်သူများအသင်း တည်ထောင်သူ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းစိန်နှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

‘ဓာတ်မြေသြဇာမသုံးတဲ့အတွက် ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့မထွက်ဘူး။

နောက် Organic စိုက်ပျိုးတဲ့နည်းစနစ်က မီးမရှို့ရတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် မထွက်ဘူး။ စွန့်ပစ်ပစ္စည်းတွေကို မြေသြဇာအဖြစ် ပြန်လည်အသုံးပြုလို့ရတယ်’

 

မေး - လက်ရှိ မြန်မာ Organic စိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းရဲ့ လက်ရှိဆောင်ရွက်ချက်များကို ပြောကြားပေးပါ။

ဖြေ - ဆရာမတို့အသင်းက Organic နည်းပညာပြန့်ပွားဖို့ သင်တန်းပေးတယ်။ ရန်ကုန်မှာ တစ်လတစ်ခါ သင်တန်းရှိတယ်။ နယ်တွေမှာ တောင်းဆိုချက်ပေါ်မူတည်ပြီး သင်တန်းတွေပေးတယ်။ နောက်တစ်ခုက Organic လက်မှတ်ထုတ်ပေးတာတွေ အဆက်မပြတ် ရှိတယ်။ နောက်ပြီး ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့ တိုင်းဖွင့်ထားတဲ့ စိမ်းစိုငြိမ်းအေး Organic စျေးဆိုပြီးတော့ ရန်ကုန်တိုင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ ပေါင်းလုပ်တာပေါ့။ ရန်ကုန်တိုင်း စိုက်ပျိုးရေးဦးစီးဌာနရှေ့မှာ အပတ်စဉ်စျေးဖွင့်ထားတယ်။ နောက်ပြီး Organic အပြင် Climate Smart Agriculture ကို အထောက်အကူပြုတဲ့ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနဲ့ ၀ါးစိုက်ပျိုးခြင်းကို သင်တန်းပေးတယ်။ နောက်ပြီးတော့ အဏုဇီဝပိုးတွေနဲ့ မြေသြဇာထုတ်တဲ့သင်တန်း။ ဒါကတော့ သင်တန်းသားတွေရဲ့ တောင်းဆိုမှုပေါ်မူတည်ပြီးတော့ သင်တန်းဖွင့်တယ်။

မေး - Organic ဘယ်လောက်အရေးပါသလဲ။ Organic စိုက်ပျိုးမှုရဲ့ အရေးပါမှုကိုရှင်းပြပေးပါ။

ဖြေ - Organic စိုက်ပျိုးရေးကတော့ အရင်တုန်းကတည်းကရှိခဲ့တယ်။ ဓာတုဆေးဝါး မသုံးတဲ့ စိုက်ပျိုးရေးဆိုတာရှိခဲ့တယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၄၅ ခုနှစ်မှာ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေပေါ်လာတယ်။ ဆိုတော့ ရာစုနှစ်တစ်ခုမပြည့်ခင်ကာလမှာ ဒီဆေးတွေသုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးကို စိုက်ပျိုးရေးလောကမှာ ခံစားနေရပြီ။ စားသုံးသူတွေမှာ ခံစားနေရပြီ။ ဘယ်ဟာလုပ်လုပ်ကောင်း ကျိုးရှိသလို၊ ဘေးထွက်ဆိုးကျိုးကလည်း သတိပြု ဆင်ခြင်ရမှာဖြစ်တယ်။ Organic စိုက်ပျိုးရေးက ဘေးထွက်ဆိုးကျိုးကို ကုစားဖို့ပြန်ပေါ်လာတဲ့ နည်းစနစ်တစ်ခုဖြစ်တယ်။ အဲဒီခေတ်တွေက ဆေးတွေဘာလို့သုံးခဲ့တာလဲဆိုရင် အထူးအထွက်တိုးဖို့ကို အဓိကထားတယ်။ စားနပ်ရိက္ခာဖူလုံဖို့ဆိုပြီး အဓိကထားခဲ့ကြတယ်။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတယ်။ နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတယ်။ သဘာဝသယံဇာတဖြစ်တဲ့ ရေတို့ဘာတို့ကလည်း ရှားပါးလာတယ်။ နောက်တစ်ခုက စွမ်းအင်အပိုင်းဖြစ်တဲ့ ရေနံတို့ဘာတို့ ထုတ်ယူသုံးစွဲမှုက ခန်းခြောက်မယ့်အနေအထားကို ရောက်လာတယ်။ နောက်ဆုံးအချက် အရေးကြီးဆုံး အချက်ဖြစ်တဲ့ Climate Change ပေါ့။ အဲဒီ သုံးချက်ကြောင့်။ အထွက်တိုးဖို့ ဆောင်ရွက်မယ့်အစား ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးကို ကျင့်သုံးလာကြတယ်။ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ်ထဲမှာ Organic စိုက်ပျိုး ရေးကပါလာတယ်။ ဓာတ်မြေသြဇာမသုံးတဲ့ အတွက် ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ ဖန် လုံအိမ်ဓာတ်ငွေ့မထွက်ဘူး။ နောက် Organic စိုက်ပျိုးတဲ့ နည်းစနစ်က မီးမရှို့ရတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်မထွက်ဘူး။ စွန့်ပစ်ပစ္စည်းတွေကို မြေသြဇာအဖြစ် ပြန်လည်အသုံးပြုလို့ရတယ်။ ပြင်ပက သွင်းအားစုတွေကို မမှီခိုဘဲနဲ့အဟာရဓာတ်ကို ပြန်လည်အသုံးချခြင်း နည်းစနစ်တွေပါတယ်။ နောက်ပြီးတော့ Organic စိုက်ပျိုးတဲ့သူက သဘာဝပတ်ဝန်းကို သတိထားရတယ်။ သဘာဝရော၊ ပတ်ဝန်းကျင်ရော မနှောင့်ယှက်တဲ့ စိုက်ပျိုးနည်းစနစ်တွေပါတယ်။

မေး - အခုနောက်ပိုင်း Organic စိုက်ပျိုးရေးကို လူတွေပိုမိုစိတ်ဝင်စားလာကြသလဲ။ ဓာတ်မြေသြဇာ အသုံးပြုစိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ဘယ်လိုဓာတ်တွေပါရှိသလဲ ပြောကြားပေးပါ။

ဖြေ - လူတွေက ကျန်းမာချင်ကြတယ်။ အသိဉာဏ်ပညာ၊ ဗဟုသုတများလာတာနဲ့အမျှ ဘယ်အစားအသောက်က သူတို့အတွက် အန္တရာယ်ရှိတယ်။ ဘယ်အစားအသောက်ကတော့ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ ရွေးချယ်လာတယ်။ စားသုံးသီးနှံတွေမှာ မချက်မပြုတ်ရဘဲ အစိမ်းအတိုင်းစားတဲ့ သီးနှံတွေရှိတယ်။ အဲဒီသီးနှံတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းကို စားသုံးမိရင် ခန္ဓာကိုယ်ထဲမှာ စုပုံအာနိသင်ဖြစ်လာတယ်။ အဆီမှာလည်း ပျော်ဝင်နိုင်တော့ အဆီမှာရော၊ အသည်းမှာ ရောစုဆောင်းမိတယ်။ အဲဒီအခါမှာ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေ၊ အစာလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ များသောအားဖြင့် ဓာတ်ကြွင်းပါတဲ့ အစားအသောက်ကိုစားခြင်းအားဖြင့် ကင်ဆာဖြစ်တယ်ဆိုတာကို အတိအလင်း ကြေညာထားတယ်။ လူတွေက အသိဉာဏ်ပြည့်စုံလာတဲ့အခါမှာ ဓာတ်ကြွင်းမပါတဲ့အစာ စားရင်ကောင်းမှာပဲ ဆိုပြီးတော့ သဘာဝအစားအသောက်တွေ၊  ဓာတုကင်းလွတ်တဲ့ အစားအသောက်တွေဖြစ်တဲ့ Organic သီးနှံတွေက စားသုံးသူတွေအတွက် အရေးပါလာတယ်။

မေး - လက်ရှိ Organic သီးနှံက ပြည်တွင်းစျေးကွက် အခြေအနေဘယ်လိုရှိပါသလဲ။ ပြည်ပတင်ပို့နိုင်ဖို့အတွက်ရော ဆရာမတို့ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ -  Organic သဘောကတော့ အိမ်မှာ မှိုတွေလွတ်တဲ့ ငရုတ်သီးမှုန့်ရတယ်ဆိုရင် လိုချင်တယ်ဆိုရင် တောင်သူကို ဘာဓာတ်မြေသြဇာမှမသုံးနဲ့။ ထွက်လာတဲ့ ပစ္စည်းကို ခြောက်အောင်လှမ်း၊ ပြီးရင်သန့်သန့်လေး ထောင်းပြီး ပို့လိုက်ပါဆိုရင် စျေးကွက်တစ်ခု ဖြစ်သွားတာပဲ။ အဲဒီလိုသဘောမျိုးနဲ့ ပြည်ပအနေနဲ့ တိုက်ရိုက်ချိတ်ဆက်တာကို လုပ်ပေးနေတယ်။ ငရုတ်သီးကွန်တိန်နာ ငါးလုံးလိုချင်တယ်။ ပြီးခဲ့တဲ့လတုန်းကပဲ Organic ချင်း လိုချင်တယ်။ Organic ရဲယိုသီးလိုချင်တယ် ဆိုတဲ့အတွက် သက်ဆိုင်ရာ တောင်သူတွေနဲ့ ချိတ်ဆက်ပြီး တင်ပို့နိုင်ဖို့လုပ်ပေးတယ်။ Organic စျေးဆိုရင် မနက် ၇ နာရီကရောင်းရင် နံနက် ၁၀ နာရီဆိုကုန်ပြီ။ Organic သီးနှံကို အားပေးနေကြတယ်ဆိုတာကို တွေ့နေရတယ်။ အခုလောလောဆယ် ဆရာမဆီကို ထိုင်းနိုင်ငံကနေပြီးတော့ လာချိတ်တာရှိတယ်။ Organic သီးနှံ လိုချင်တယ်လို့ပြောတယ်။ ချင်းနဲ့ ရဲယိုသီးကတော့ Organic ဆေးဝါးကုမ္ပဏီ Fame ကနေပြီးတော့လိုချင်တယ်ဆိုပြီး ပြောထားတယ်။ ရတယ်ဆိုရင် လိုချင်တဲ့သူတွေ ရှိနေတယ်။

မေး - ဆရာမတို့ အသင်းအနေနဲ့ တောင်သူလယ်သမားတွေကို Organic စိုက်ပျိုးနည်းနဲ့ပတ်သက်ပြီး အသိပညာတွေပေးနေတဲ့အချိန်မှာ ဓာတ်မြေသြဇာ သုံးစွဲမှု အခြေအနေတွေကို ဘယ်လိုလေ့လာတွေ့ရှိခဲ့ပါသလဲ။

ဖြေ - ဓာတ်မြေသြဇာသုံးနေကြတာ တော်တော်များတယ်။ ဒါမပါရင် မသုံးတတ်တော့တဲ့ အနေအထားမျိုးတွေရှိတယ်။ ဒါက နှစ်ဦးနှစ်ဖက်ပေါ့။ တောင်သူတွေကို ရပ်ရွာထဲအထိ စျေးကွက်ဖြန့်ခဲ့ကြတဲ့ ကုမ္ပဏီတွေဘက်က ခြေလှမ်းရော၊ ဒီဘက်က လူတွေက ဒါကိုသုံးတတ်သွားကြတယ်။ လွယ်လည်း လွယ်တယ်။ ဒါပေမဲ့ နှစ်နှစ်လောက်ပဲ။ သုံးနှစ်လောက်ဆိုရင် မြေကြီးက အထွက်တွေကောင်း မလာတော့ဘူး။ အဲဒီအခါမှာလည်း ဒါကို ဖြေရှင်းရမလဲဆိုတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ။ Organic စနစ်ကို လုံးဝကူးပြောင်းရမယ် မဟုတ်ဘူး။ အဲဒီလိုဖြစ်နေရင်လည်း  သူ့ရဲ့ဖြေရှင်းရမယ့် နည်းလမ်းက Organic မြေ သြဇာသုံးစွဲပြီးဖြေရှင်းရမှာ။ အဲဒီလိုမျိုးဖြစ်တဲ့အတွက် Chemical Farmer, Organic Farmer ဆိုပြီး မခွဲခြားပါဘူး။ သူတို့ကိုလည်း ပညာပေးတယ်။ သူတို့လည်း မြေပြန်ပြင်မယ်ဆိုရင် Organic မြေသြဇာသုံးမှ အဆင်ပြေမယ်ဆိုတာကို ပညာပေးတယ်။

မေး - လက်ရှိ ဓာတ်မြေသြဇာတို့ ပိုးသတ်ဆေးတွေကို မြန်မာနိုင်ငံမှာ သုံးစွဲနေမှုအခြေအနေ ဘယ်လိုရှိသလဲ။ နောက်ပြီး စားသုံးတဲ့သူတွေမှာလည်း ပိုးသတ်ဆေးဖျန်းထားတဲ့ သီးနှံတွေသာ အဓိကထား စားသုံးနေရတဲ့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ။

ဖြေ - ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးတွေ တရားမဝင် ဝင်ရောက်နေတာရှိတယ်။ မြန်မာနိုင်ငံမှာ ပိုးသတ်ဆေး ဥပဒေရှိတယ်။ မြေသြဇာ ဥပဒေရှိတယ်။ မျိုးစေ့ဥပဒေရှိတယ်။ မြေယာဥပဒေရှိတယ်။ ဒါက မြန်မာနိုင်ငံက သတ်မှတ်ထားတာ။ ဒီတော့ စိုက်ပျိုးရေးကုမ္ပဏီတွေက မျိုးစေ့၊ မြေသြဇာရောင်းတဲ့အခါမှာ ဆေးဘူးပေါ်မှာ မြန်မာလိုရေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ ဒါပေမဲ့ စျေးကြီးတဲ့အခါမှာ တရားမဝင်တင်သွင်းတဲ့ ဆေးတွေကို တောင်သူတွေက သုံးကြတယ်။ အဲဒါဟာ ဥပဒေအရ ငြိစွန်းတယ်။ တောင်သူအိမ်တစ်အိမ်ကို သွားကြည့်လိုက်တဲ့အခါမှာ တရုတ်စာတွေရေးထားတဲ့ ပိုးသတ်ဆေးတွေရှိတယ်။ အဲဒီမှာ ဘာပြဿနာရှိလဲဆိုရင် တရုတ်စာတပ်ထားတယ်ဆိုရင် ဘာသာစကား နားမလည်တဲ့အတွက် ဘယ်နှုန်းထားနဲ့ ဖျန်းရမယ်။ ဘယ်နှုန်းထား ရောက်ရင်ရပ်ရမယ်။ ဖျန်းပြီးဘယ်နှရက်မှာ ခူးဆွတ်ရမယ်ဆိုတာကို မသိဘူး။ မသိတဲ့ အခါကျတော့ ဖျန်းမယ်။ နှုန်းထားပိုချင်လည်း ပိုသွားနိုင်မယ်။ လျော့ချင်လည်း လျော့သွားနိုင်တယ်။ အဲဒီအခါမှာ လျော့သွားမယ်ဆိုရင်ပိုးတွေက ခံနိုင်ရည်တက်လာမယ်။ ပိုသွားပြီဆိုရင် ပတ်ဝန်းကျင်အဆိပ်သင့်မှုတွေ အရမ်းတက်လာမယ်။ နောက်တစ်ချက် ဆေးဖျန််းပြီး ဘယ်နှရက်မှာ ခူးဆွတ်ရမယ်ဆိုတာ အရမ်းအရေးကြီးတယ်။ တောင်သူက ရက် ၂၀ မှာ ခူးရမှာကို ၁၀ ရက်နဲ့ သွားခူးလိုက်တယ်။ ဓာတ်ကြွင်းက သေချာပေါက်ပါသွားပြီ။ နောက်ပြီးတော့ ညွှန်ကြားချက်လိုက်နာဖို့ မြန်မာစာနဲ့ လုပ်ပေမယ့် တောင်သူတွေက လိုက်နာနိုင်ခြင်းတွေ မရှိဘူး။ ညွှန်ကြားထားတဲ့ဆေးတွေကို ဝယ်သုံးခြင်းမရှိဘဲနဲ့ ပြည်ပကနေ ဝယ်သုံးနေတာအများကြီးပဲ။ နောက်တစ်ချက်က စားသုံးသူအနေနဲ့ ဓာတ်ကြွင်းတွေပါတာ မသိဘူး။ ဓာတ်ကြွင်းက အပင်မှာ တည်ရှိနေတာ ရက် ၂၀ ဆိုပေမယ့် တောင်သူက ၁၀ ရက်နဲ့ခူးပြီး စျေးကွက်ကို ပို့လိုက်တယ်။ အဲဒီအခါမှာ စားသုံးတဲ့သူမှာ အဆိပ်သင့်နိုင်တယ်။ တစ်ခါတည်း အဆိပ်သင့် တာမပြဘဲနဲ့ စုပုံအာနိသင်နဲ့ ပြဿနာတွေ အများကြီးရှိနိုင်တယ်။ တောင်သူအနေနဲ့ကလည်း သူ့စိတ်ကြိုက်သူ ဖျန်းတဲ့အတွက် သူ့မှာအန္တရာယ် ရှိနိုင်တယ်။ ဆေးဖျန်းချိန်မှာ ဘယ်လိုဝတ်စုံ ဝတ်ပါဆိုတာကိုလည်း တိကျတဲ့ညွှန်ကြားမှု ကိုမလိုက်နာတဲ့အခါ သူ့မှာအန္တရာယ်အများ ဆုံးဖြစ်တယ်။ ဆရာမ စိတ်အပူဆုံးကတော့ စားသုံးသူထက် စိုက်ပျိုးတဲ့သူကို စိတ်ပူတယ်။ အကုန်အဆိပ်သင့်နေကြပြီ။ တချို့ရွာတွေမှာဆိုရင် အသက် ၅၀ အထက်မရှိတော့တဲ့ ရွာတွေရှိနေတယ်။ အဲဒါတွေက ဆေးဝါးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုပေါ့၊ အလွန်အန္တရာယ်ရှိတဲ့ ဆေးဝါးတွေကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားပါစေဆိုပြီး ကြိုးစားနေတာမဟုတ်ဘူး။ ဒီအန္တရာယ်ရှိပါတယ်။ စနစ်တကျသုံးသင့် ပါတယ်ဆိုတဲ့ ပစ္စည်းတွေကို တိကျစွာနဲ့ မှန်ကန်စွာ ပညာပေးခြင်းမရှိဘဲနဲ့ မသိနား မလည်တဲ့သူလက်ထဲ  အလွယ်တကူထည့်ပေးလိုက်တာကို စိတ်မကောင်းဖြစ်မိတယ်။