မြန်မာ-တရုတ် နှစ်ဖက်ကုမ္ပဏီများ ဆန်နှင့်ပြောင်းရောင်းဝယ်ရေးဆိုင်ရာ B to B စာချုပ်ချုပ်ဆို

မြန်မာ-တရုတ် နှစ်ဖက်ကုမ္ပဏီများ ဆန်နှင့်ပြောင်းရောင်းဝယ်ရေးဆိုင်ရာ B to B စာချုပ်ချုပ်ဆို
Published 14 December 2018
နီလာ

မြန်မာ-တရုတ်နှစ်နိုင်ငံမှ နှစ်ဖက်ကုမ္ပဏီများ တရားဝင်ဆန်နှင့်ပြောင်း ရောင်းဝယ်ရေးဆိုင်ရာ B to B စာချုပ်ကို ဒီဇင်ဘာ ၁၄ ရက်က မူဆယ်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) မှ သိရသည်။

“ဒီနေ့ မြန်မာနဲ့တရုတ်ကြား ဆန်တန် ချိန် ၁၅၀၀၀ နဲ့ ပြောင်းတန်ချိန် ၁၅၀၀၀ တင်ပို့ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်” ဟု မူဆယ်ဆန် စပါးကုန်စည်ဒိုင်မှ ကိုချမ်းသာဦးက ပြောကြားသည်။

တရုတ်နိုင်ငံသို့  မြန်မာနိုင်ငံမှဆန် တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်သက်တမ်းကို ၂၀၂ဝခုနှစ်စက်တင်ဘာအထိ သက်တမ်းတိုးမြှင့်ချုပ်ဆိုလိုက်ပြီး ယင်းစာချုပ်အရ ပုံမှန်အတိုင်း ဆက်လက်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် စာချုပ်သက်တမ်းကုန်ဆုံးသွားသော Sanitary and Phytosanitary (SPS Protocol) စာချုပ်အား ၂၀၂ဝခုနှစ် စက်တင်ဘာအထိ သက်တမ်းတိုးမြှင့်ထားနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ စာချုပ်အရ ဆန်အတွက် ပုံမှန်တင်ပို့မှုအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ဆန်ကွဲ (Broken Rice) တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ စိစစ်ဆောင်ရွက်ဆဲဖြစ်သဖြင့်  ဆန်တင်ပို့မှုကိုသာ ပုံမှန်ဆောင်ရွက်နိုင်သေးကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှဆန် တရားဝင်တင်ပို့နိုင်ရေးအတွက် ၂၀၁၄ခုနှစ် စက်တင်ဘာ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့ရာ၌လည်း တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အများဆုံးတင်ပို့နေခြင်း ဖြစ်သည်။ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်ကမူ တရားဝင်တင်ပို့ခြင်းဟုသတ်မှတ်ထားခြင်းမရှိသဖြင့် မကြာခဏဆိုသလို အဖမ်းအဆီးများ ပြုလုပ်လေ့ရှိသည်။

     

Most Read

Most Recent