ချန်ပီယံလိဂ်ပွဲ၌ ကိုယ်ပိုင်အရည်အသွေးကိုပြသရန် ပေါ့ဘာအား မော်ရင်ဟို တိုက်တွန်း

ချန်ပီယံလိဂ်ပွဲ၌ ကိုယ်ပိုင်အရည်အသွေးကိုပြသရန် ပေါ့ဘာအား မော်ရင်ဟို တိုက်တွန်း
Photos : Eurosport, Reuters
Photos : Eurosport, Reuters
Published 10 December 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် ပေါ့ဘာအနေဖြင့် ဗလင်စီယာအသင်းနှင့် ချန်ပီယံ လိဂ်ပွဲ၌ ကိုယ်ပိုင်အရည်အသွေးကိုပြသရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

မော်ရင်ဟိုသည် ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့် ပေါ့ဘာအား ပွဲထွက်စာရင်းမှ နှစ်ပွဲဆက်တိုက် ချန်လှပ်ထားပြီး အာဆင်နယ်နှင့်ပွဲ၌ လူစားဝင်အဖြစ် ကစားခွင့်ပြုသော်လည်း ဖူလ်ဟမ်နှင့်ပွဲတွင်မူ ထည့်သွင်းကစားခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ထို့ကြောင့် သတင်းထောက်များက ပေါ့ဘာအနေဖြင့် မည်သည့်အခြေအနေမှ ပွဲထွက်ခွင့်ပြန်ရနိုင်မလဲဟုမေးမြန်းရာ မော်ရင်ဟိုက  ''အသင်းရဲ့ပုံစံအတိုင်း တူညီတဲ့ စိတ်အခြေအနေရှိပြီ ဆိုရင် သူကစားရမှာပါ။ ပေါလ် (ပေါ့ဘာ) က အရမ်းကောင်းတဲ့ကစားသမားဖြစ်လာ နိုင်တယ်။ အရမ်းကောင်းတဲ့ကစားသမား တစ်ယောက်ဖြစ်လာမယ့် အလားအလာတွေ လည်းရှိနေတယ်။ ဗလင်စီယာနဲ့ကစားမယ့် ဗုဒ္ဓဟူးနေ့ပွဲမှာ သူပွဲထွက်ခွင့်ရမှာပါ။ ဗလင် စီယာနဲ့ပွဲက အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ သူ့အနေနဲ့ ဒီပွဲမှာ ကိုယ်ဘယ်လောက်တော်တယ်၊ ထူးချွန်တယ်ဆိုတာ အားလုံးသိအောင် ပြသရမှာပါ''ဟု ဖြေကြား သည်။ 

ပေါ့ဘာသည် ပြီးခဲ့သည့်ရာသီကတည်းက မော်ရင်ဟိုနှင့် ဆက်ဆံရေးအဆင်မပြေ ဖြစ်နေပြီး နွေရာသီအပြောင်းအရွှေ့ကာလ ၌ အသင်းဟောင်း ဂျူဗင်တပ်စ်နှင့် ဘာစီလို နာအသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ဖူးသည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ထားပြီးဖြစ်သော်လည်း ဗလင်စီယာနှင့်ပွဲမှာ အုပ်စုပထမနေရာအတွက် အရေးပါနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent