စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲစတွေ့ခဲ့ရတဲ့ မန်စီးတီး

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲစတွေ့ခဲ့ရတဲ့ မန်စီးတီး
Photo: Getty Images, PA
Photo: Getty Images, PA
Published 9 December 2018

 

■ ချယ်လ်ဆီး ၂-၀ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) စနေညမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက (၂-၀) ဂိုးနဲ့အနိုင်ရရှိပြီး မန်စီးတီးအသင်းကို ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြားပွဲစဉ်မှာ ဝုလ်ဗ်အသင်းကို ရှုံးခဲ့လို့ ဖိအားဝင်နေတဲ့ ချယ်လ်ဆီးနဲ့ ဆာရီအတွက်အရေးကြီးတဲ့ အိမ်ကွင်းပွဲဖြစ်သလို၊ ဒီပွဲမတိုင်ခင်ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းနိုင်ပွဲယူပြီး အဆင့်(၁)နေရောက်ထားလို့ မန်စီးတီးအတွက်လည်း ရှုံးလို့မရတဲ့ပွဲစဉ်ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ပထမပိုင်းမှာ ပိုကောင်းခဲ့ပေမယ့် ဂိုးရခဲ့တာက ချယ်လ်ဆီးဖြစ်သလို၊ ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးရဲ့ကစားအားက မန်စီးတီးထက် ပိုသာခဲ့ပါတယ်။

အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကို ခံစားခဲ့ရပြီး ပွဲအစပိုင်းမှာ မန်စီးတီးအသင်းရဲ့ကစားအားနဲ့ ကစားပုံက ချယ်လ်ဆီးအသင်းကို နေရာပေါင်းစုံက ဖိအားပေးနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်မှူးစစ်စစ်ကိုပွဲမထုတ်ခဲ့ဘဲ ချယ်လ်ဆီးကဟာဇက်၊ မန်စီးတီးက စတာလင်တို့ကို တိုက်စစ်ကစားစေခဲ့ပြီး တောင်ပံကစားသမားတွေနဲ့ ရံခဲ့တာပါ။

မန်စီးတီးအသင်း ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ချယ်လ်ဆီးခံစစ်နဲ့ ဂိုးသမားကယ်ပါတို့ကလည်း အမှားမရှိခဲ့လို့ ဦးဆောင်ဂိုးတော့မရခဲ့ပါဘူး။

မန်စီးတီးအသင်းဖိကစားနေရင်း မထင်မှတ်ဘဲ အဖွင့်ဂိုးရသွားခဲ့တာက ချယ်လ်ဆီးအသင်းပါ။ ပထမပိုင်း (၄၅) မိနစ်မှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် အီဒင်ဟာဇက်ရဲ့ဂိုးစည်းအတွင်းပေးပို့မှုကို ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံပြနိုင်ခဲ့တဲ့ ကွန်တေက ပြေးဝင်ပြီးအပြင်းပိတ်သွင်းယူခဲ့တာပါ။ 

ပထမပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက (၁-၀) ဂိုးနဲ့ ဦးဆောင်နိုင််ခဲ့သလို ဒုတိယပိုင်းမှာလည်း အိမ်ရှင်အသင်းက ပိုကောင်းတဲ့ကစားဟန်ကိုပြနိုင်ခဲ့လို့ ပွဲကပိုပြီးအကြိတ်အနယ်ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၂၁) ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ ဟန်ချက်ညီနေတဲ့မန်စီးတီးအသင်းဟာ ဒီနေ့ပွဲမှာတော့ အကောင်းဆုံးကစားဟန်ကိုမရခဲ့ပါဘူး။ အထူးသဖြင့် စတာလင်ဟာ တိုက်စစ်မှာ တွဲဖက်ပျောက်နေခဲ့ပြီး ဆာနေးကတော့ စောစောစီးစီးလူစားလဲခံရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ဒုတိယပိုင်းမှာ ခံစစ်နဲ့ ကွင်းလယ်အားကပိုဟန်ချက်ညီလာခဲ့သလို၊ မန်စီးတီးရဲ့တိုက်စစ်လမ်းကြောင်းတွေကို အဆင့်ဆင့်ကာကွယ်ရင်း အခွင့်အရေးတွေပြန်ယူခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၇၈) မိနစ်မှာ ချယ်လ်ဆီးအသင်းရဲ့ ပထမဆုံးရရှိတဲ့ ထောင့်ကန်ဘောအခွင့်အရေးကနေ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

(၂) ဂိုးပေးလိုက်ရပြီးချိန်မှာတော့ မန်စီးတီးအသင်းပြာသွားခဲ့ပြီး ချယ်လ်ဆီးအသင်းကပဲ ပွဲကိုလိုသလိုထိန်းကစားသွားခဲ့တာပါ။ ချယ်လ်ဆီးဂိုးသမားကယ်ပါကတော့ ဒီနေ့ပွဲမှာ အရေးပါတဲ့ကာကွယ်မှုတွေနဲ့ အကောင်းဆုံးလက်စွမ်းပြခဲ့သလို ပွဲပြီးခါနီးမှာ မန်စီးတီးတိုက်စစ်မှူး ဂျေးဆူ (၁၈) ကိုက်စည်းထဲတည်ကန်သွင်းတဲ့ ဘောလုံးကို ကာကွယ်နိုင်ခဲ့တာက တကယ်ကိုအသိအမှတ်ပြုစရာပါပဲ။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ဒီရာသီပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကြုံစေခဲ့သလို၊ မန်စီးတီးအသင်းအတွက်ကတော့ အဆင့်(၁)နေရာကနေ ဖယ်ပေးလိုက်ရလို့ ရှုံးချက်နာခဲ့တယ်လို့ပဲဆိုရပါလိမ့်မယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဘုန်းမောက် ၀-၄ လီဗာပူးလ်

အာဆင်နယ် ၁-၀ ဟတ်ဒါဖီးလ်

ဘန်လေ ၁-၀ ဘရိုက်တန်

ကာဒစ်ဖ် ၁-၀ ဆောက်သမ်တန်

မန်ယူ ၄-၁ ဖူလ်ဟမ်

ဝက်စ်ဟမ်း ၃-၂ ခရစ္စတယ်ပဲလေ့စ်

ချယ်လ်ဆီး ၂-၀ မန်စီးတီး



လာလီဂါ

အက်သလက်တီကို ၃-၀ အလာဗတ်စ်

ဗလင်စီယာ ၁-၁ ဆီဗီလာ

ဗီလာရီးယဲလ် ၂-၃ ဆယ်လ်တာဗီဂို

အက်စ်ပန်ညို - ဘာစီလိုနာ



စီးရီးအေ

နာပိုလီ ၄-၀ ဖရိုဆီနိုနီ

ကာဂလီယာရီ ၂-၂ ရိုးမား

လာဇီယို - ဆမ်ဒိုးရီးယား



ဘွန်ဒစ်လီဂါ

ဘိုင်ယန်မြူးနစ် ၃-၀ နုရင်ဘတ်

ရှော်လ်ကေး ၁-၂ ဒေါ့မွန်

လေဗာကူဆင် ၁-၀ အော့စ်ဘတ်

ဖရိုင်းဘတ် ၃-၀ လိုက်ပ်ဇစ်

ဝုလ်ဖ်ဘတ် ၂-၂ ဟော်ဖန်ဟင်မ်

ဟာသာဘာလင် ၁-၀ ဖရန့်ဖတ်



လိဂ်ချန်ပီယံရှစ်

ဘာမင်ဂမ် ၀-၁ ဘရစ္စတိုးလ်စီးတီး

ဘရန့်ဖို့ဒ် ၂-၃ ဆွမ်ဆီး

လိဒ်စ် ၂-၁ QPR

မစ်ဒယ်ဘရော့ ၁-၁ ဘလက်ဘန်း

မီဝေါလ် ၂-၂ ဟားလ်စီးတီး

နောဝစ်ချ် ၃-၂ ဘော်လ်တန်

နော်တင်ဟမ် ၀-၁ ပရက်စတန်

ရှက်ဖီးဝင်းစ်ဒေး ၂-၂ ရော့သာဟမ်

စတုတ်စီးတီး ၂-၀ အစ်ဝစ်ချ်

ဝီဂန် ၀-၁ ဒါဘီ

ရက်ဒင်း ၀-၂ ရှက်ဖီးယူနိုက်တက်

Most Read

Most Recent