ဆာလာရဲ့ဟက်ထရစ်နဲ့အတူ အမှတ်ပေးဇယားထိပ်ကိုတက်လှမ်းခဲ့တဲ့လီဗာပူးလ်

ဆာလာရဲ့ဟက်ထရစ်နဲ့အတူ အမှတ်ပေးဇယားထိပ်ကိုတက်လှမ်းခဲ့တဲ့လီဗာပူးလ်
Photo: AFP, Getty Images
Photo: AFP, Getty Images
Published 8 December 2018

 

■ ဘုန်းမောက် ၀-၄ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) စနေညရဲ့အစောဆုံးပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို (၄-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချယ်လ်ဆီး - မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲဆက်အနိုင်ရထားပြီး ပုံစံကောင်းရနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ပွဲမှာလည်း နိုင်ပွဲဆက်ဖို့ ပြင်ဆင်လာခဲ့ပြီး မာနေ ပွဲထွက်စာရင်းမှာ မပါခဲ့ပေမယ့် ဆာလာ၊ ဖေမနို၊ ရှာကီရီ၊ ဖာဘင်ညို၊ ကီတာ၊ ၀ိုင်နယ်လ်ဒမ်းတို့နဲ့ လူစုံခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ လီဗာပူးလ်ဝါရင့်တောင်ပံကစားသမား ဂျိမ်းစ်မီလ်နာကတော့ ပရီးမီးယားလိဂ်ပွဲ (၅၀၀) ပြည့်ခဲ့ပြီး အဲဒီမှတ်တမ်းကိုရရှိတဲ့ (၁၃) ဦးမြောက်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မီလ်နာဟာ (၃၂) နှစ်၊ (၃၃၈) ရက်နဲ့ ဂါရတ်ဘယ်ရီနောက်ပိုင်း ဒီမှတ်တမ်းကို ဒုတိယအသက်အငယ်ဆုံးအဖြစ် ရရှိခဲ့တာပါ။

အိမ်ကွင်းပွဲတွေမှာ အသင်းကြီးတွေကို မာမာထန်ထန်တုံ့ပြန်လေ့ရှိတဲ့ ဘုန်းမောက်အသင်းကလည်း ဒီပွဲမှာ ရလဒ်ကောင်းဖို့အတွက် အဓိကကစားသမားအစုံအလင်နဲ့ပြင်ဆင်လာခဲ့ပေမယ့် ဝီလ်ဆင်မပါနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းက အားနည်းခဲ့တာအမှန်ပါ။

ပွဲစကတည်းက လီဗာပူးလ်အသင်းရဲ့ကစားကွက်စီးဖို့ကြိုးစားခဲ့ပြီး ဘုန်းမောက်အသင်းခံစစ်တောင့်ခံခဲ့ပေမယ့် ပွဲချိန် (၂၅) မိနစ်မှာ အဖွင့်ဂိုးပေးလိုက်ရပါတယ်။

ဒီဂိုးကတော့ ဖေမီနိုရဲ့အဝေးကန်ချက် ဂိုးသမားကာကွယ်ရာမှာ ပြန်ထွက်လာတဲ့ဘောလုံးကို ဂိုးရှေ့အသင့်ရှိနေတဲ့ ဆာလာက ကန်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးချိန်မှာတော့ လီဗာပူးလ်အသင်းကစားကွက်အောက်ကို ဘုန်းမောက်ရောက်သွားခဲ့လို့ ပွဲကတစ်ဖက်သတ်ဖြစ်သွားခဲ့ပြီး နောက်ထပ်ဂိုးတွေကိုလည်း လွယ်လွယ်ကူကူပဲရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန် (၄၈) မိနစ်မှာပဲ လီဗာပူးလ်အသင်း ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဖေမီနိုရဲ့ ကွင်းလယ်ကပေးပို့မှုကို ဆာလာတစ်ဦးချင်းကျော်ဖြတ်ဆွဲပြေးပြီး ဂိုးသမားဘယ်ဘက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာပါ။

ကစားကွက်စီးနေတဲ့ လီဗာပူးလ်အသင်းရဲ့တတိယဂိုးကတော့ ပွဲချိန် (၆၈) မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ရောဘတ်ဆန်ရဲ့ဘယ်တောင်ပံကဖြတ်တင်ပေးပို့မှုကို ဘုန်းမောက်နောက်ခံလူ ကွတ်ခ်တားဆီးရာမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက်နောက်ဆုံးဂိုးကိုတော့ ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ဆာလာက ပွဲချိန် (၇၇) မိနစ်မှာ ဘုန်းမောက်ခံစစ်နဲ့ ဂိုးသမားကို လှလှပပကျော်ဖြတ်ပြီး သူရဲ့ ဟက်ထရစ်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

ဒါဟာ လီဗာပူးလ်အသင်းအတွက် ၂၀၁၄ ခုနှစ် မတ်လမှာ ကာဒစ်ဖ်အသင်းကို အဝေးကွင်းမှာ ဆွာရက်ဇ် ဟတ်ထရစ်သွင်းယူပြီးနောက် ပထမဆုံးပရီးမီးယားလိဂ် အဝေးကွင်းဟက်ထရစ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ လီဗာပူးလ်အသင်း ထိန်းကစားသွားခဲ့လို့ (၄-၀) ဂိုးနဲ့ပွဲပြီးဆုံးခဲ့ပြီး မန်စီးတီးအသင်းပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Most Read

Most Recent